ထိုင်း – မြန်မာနယ်စပ်ရှိဒုက္ခသည်စခန်းများ ကျန်းမာရေးဝန်ဆောင်မှုရက်ပေါင်း ၉၀ ဆိုင်းငံ့ခံရမှုအပေါ် ဒုက္ခသည်စခန်းနေပြည်သူတို့၏ စိုးရိမ်ပူပန်မှုစကားသံများ။

0
149
ပုံစာ - ထိုင်း၊မြန်မာနယ်စပ်ဒုက္ခသည်စခန်းတခုရှိ ကျန်းမာရေးဆေးခန်း။ (ပုံဟောင်းဖြစ်သည်/ Photo – UNHCR)

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်အစိုးရက နိုင်ငံတကာစီမံကိန်းအသုံးစရိတ်အတွက် ကူညီထောက်ပံ့ရေး ဆိုင်ရာများကို ရက်ပေါင်း (၉၀) ဆိုင်းငံ့လိုက်ပြီးနောက် ထိုင်း -မြန်မာနယ်စပ်ဒုက္ခသည်စခန်းများရှိ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကော်မတီ (IRC) လက်အောက်က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအားလုံးကို ယာယီ ရပ်ဆိုင်းထားခဲ့သည်။

ယင်းသို့ရပ်ဆိုင်းလိုက်တာကြောင့် ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး ထိုင်း – မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း များက ဆေးခန်း၊ဆေးရုံတို့ကို ပိတ်ထားရပြီး ဆေးဝါးနှင့် ဆေးအသုံးအဆောင်ပစ္စည်းများကို ရက်ပေါင်း ၉၀ အသုံးပြုခွင့်မရှိတော့ကြောင်း ဒုက္ခသည်စခန်းနေပြည်သူများထံက သိရသည်။

စခန်းနေပြည်သူများက ကျန်းမာရေးဝန်ဆောင်မှုများကို ဒုက္ခသည်စခန်းရှိ ဆေးပေးခန်းမှ အဓိကရယူနေခြင်း ဖြစ်ပြီး ထိုသို့ဆိုင်းငံ့ခံလိုက်ရသည့်နောက် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် အခက်အခဲ၊ စိန်ခေါ်မှုများဖြစ်စေသည်ဟု ပြောဆိုကြသည်။ ကရင်နီဒုက္ခသည်စခန်း (၁) နေ ပြည်သူများ လတ်တလောရင်ဆိုင်ကြုံနေရသည့် ကျန်းမာရေးပိုင်းဆိုင်ရာ အခက်အခဲ၊ စိုးရိမ်ပူပန်မှုစကားသံ များကို စုစည်းဖော်ပြလိုက်ပါသည်။

မော်လီမယ်

အရမ်းစိုးရိမ်တယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အကယ်၍ ကျမတို့ဖျားနာခဲ့ရင် ကျမတို့အတွက် အရမ်းခက်ခဲတာပေါ့။ ကျမတစ်ယောက်တည်းအတွက် မဟုတ်ဘူးပေါ့နော်။ နာတာရှည်ရှိတဲ့ သက်ကြီးရွယ်အို တွေရှိတယ်။ ကလေးတွေလဲရှိတယ် အဲ့လိုမျိုးပေါ့။ ဖျားနာမှုတွေက အမျိုးမျိုးရှိတာပေါ့၊ တစ်ယောက်နဲ့ တစ်ယောက် ဖျားတာမတူကြဘူး။ နာတာတွေလည်း မတူညီတဲ့ခါကြတော့ ဒီစခန်းထဲမှာ နာတာရှည်ရှိတဲ့သူတွေ လည်း များတာပေါ့။ နာတာရှည်ဖြစ်တာ ဆီချိုးတွေလည်းဖြစ်တဲ့သူများတယ်။
ကျမကြားသိရတာတော့ ၃ လ ရပ်ဆိုင်းထားတယ်လို့ ပြောတာပေါ့နော်။ ၃ လ ရပ်ဆိုင်းပြီးရင် ပြန်ကူညီမလား၊ ဒီ ၃ လအတွင်းမှာ အခက်အခဲ ဘယ်လိုတွေ့မလဲဆိုတာ စိတ်မှာတွေးနေရတာပေါ့နော။ အရမ်းစိုးရိမ်တာပေါ့နော်။ လူဆိုတာ ဖျားနာခြင်းတွေကို ကြိုမသိတော့ ဘယ်ချိန်ဖျားမလဲဆိုတာလဲ မသိဘူးပေါ့။ ဆေးဝါးဖိုးတွေ တချို့က တတ်နိုင်တယ်၊ တချို့က မတတ်နိုင်တာလည်း ရှိတာပေါ့။ အဲ့ဒါတွေ ကျမတို့စခန်းအတွက် ဒုက္ခ‌တော်တော် ရောက်နိုင်တယ်လို့ ကျမတွေးတာပေါ့နော။

မော်ရယ်မယ်

သူများမထောက်ပံတော့ရင် အရမ်းခက်ခဲနေမယ်ပေါ့။ ထောက်ပံ့ပေးသူမရှိရင် ကျမတို့ဆိုရင် ပိုက်ဆံမရှိရင် ဆေးရုံ၊ ဆေးခန်းသွားမယ်ဆိုရင် ခက်ခဲတယ်။ ကျမတို့ ပိုက်ဆံမပေးနိုင်ဘူးပေါ့။ ကျမလိုမျိုးဆိုရင် သွေးတိုးရှိတယ်၊ ဆေးခန်းဆို အရမ်းလိုအပ်တာပေါ့နော်။ တအားအဖျားတက်မယ်ဆိုလို့ရှိရင် ဆေးခန်းမသွားရတော့ဘူးဆိုရင် အိမ်မှာပဲနေမယ်ဆို သေရုံပဲရှိတာပေါ့။

မော်တီမို

ဆေးဝါးတွေကြောင့်ပဲ နေကောင်းကျန်းမာတာပေါ့နော်။ ပျော်လည်း ဆေးဝါးကြောင့်နဲ့ ပျော်နေရတာ။ စားသောက် ကောင်းတာလည်း ဆေးဝါးတွေကြောင့်ဖြစ်တယ်။ ပိတ်သွားတယ်ဆိုတော့ ဘယ်လိုဖြစ်လာမလဲပေါ့၊ ဒါတွေပဲ တွေးနေရတာပေါ့နော။ ခြေလက်နာ၊ခေါင်းကိုက်တာတွေဖြစ်ရင် ဆေးခန်းလာပြပြီး သက်သာလာတာ။ အမြဲ တွေးနေရတာ ပိတ်သွားရင်လည်း ဘာသွားလုပ်ရမလဲ မသိတော့ဘူး။

ဆေးမရှိရင် မြန်မြန်သေရတော့မယ် ထင်တယ်နော်။ ဆေးကြောင့်နဲ့ နေကောင်းကျန်းမာကြတာပေါ့နော်။ ဆေးဝါးတွေမရှိတော့ ဘယ်လို ဖြစ်မလဲ မသိတော့ဘူး။ ခါးနာရင် ဆေးသောက်ပေးတာ သက်သာစေတာ ဖြစ်တာပေါ့နော။ ဆေးခန်းကိုပဲ မှီခိုအားကိုး ရတာပေါ့။

ဦးရယ်

အဲ့လိုမျိုးဆိုလို့ရှိရင် ပြောချင်တာပေါ့နော်။ ပြောရင်လဲ ထူးလား၊ မထူဘူးလား မသိဘူးပေါ့။ တွေးတာကတော့ သက်ကြီးရွယ်အိုတွေအတွက် မသွားလာနိုင်တာ၊ ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် မသွားလာနိုင်တာ အရေးပေါ်ပေါ့နော် အဲ့တာတွေအတွက်ဖြစ်တယ်။

ကျနော်တို့လို သွားလာတတ်တာက ကိစ္စမရှိဘူး၊ ကြိုးစားနိုင်သေးတယ်။ ဒါပေမယ့် တကယ်ပိတ်သွားပြီဆိုရင် တွေးမိတာက သက်ကြီးရွယ်အို ကျနော်အဖွားလိုပေါ့နော်၊ ပြီး ကိုယ်ဝန်ဆောင်သည်တွေပေါ့နော်။ တကယ်ပဲ ပိတ်သွားပြီဆိုရင် ကျနော်တို့ဒုက္ခသည်မှာ တကယ်ကို ဒုက္ခရောက်မှာ။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here