ရွှေကုက္ကိုလ်ရှိ တရားမဝင်လုပ်ငန်းများအား ဖော်ထုတ်၍ သက်ဆိုင်ရာသို့ အပ်နှံအရေးယူလျက်ရှိဟု BGF စာထုတ်

0
165
ပုံစာ - ရွှေကုက္ကိုလ်မြို့သစ်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ နယ်ခြားစောင့်တပ်-BGF နယ်မြေ၊ ရွှေကုက္ကိုလ်မြို့သစ်မှ မူးယစ်လိမ်လည်နှင့် လူကုန်ကူးမှု တရားမဝင်လုပ်ငန်းများအား အစိုးရအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ထုတ်၍ သက်ဆိုင်ရာသို့ အပ်နှံအရေးယူလျက်ရှိကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့စွဲဖြင့် BGF က ထုတ်ပြန်သည်။

BGF ဗဟို အကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့မှ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ အချက် (၅) ချက်ပါစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ရွှေကုက္ကိုလ်မြို့သစ်တွင် လူကုန်ကူးခြင်း၊ ကျားဖြန့်လုပ်ကိုင်ခြင်း၊ ကလေးလုပ်သား အသုံးပြုခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် မူယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်းတို့ကို လက်မခံဘဲ ဖော်ထုတ်ပိတ်သိမ်း လျက်ရှိသည်ဟု ဆိုသည်။

BGF အနေဖြင့်၂၀၂၃ ခုနှစ်မှစ၍ ရွှေကုက္ကိုလ်မြို့သစ်အတွင်း လူကုန်ကူးခံရသည့် လူပေါင်း ၂,၀၀၀ ကျော်ကို အစိုးရ၊ နိုင်ငံတကာအဖွဲ့များနှင့်ပူးပေါင်းကာ သက်ဆိုင်ရာနိုင်ငံအလိုက် ပြန်ပို့ရန် ကူညီဆောင်ရွက်ပေးပြီးဖြစ်သလို ရာဇဝတ်မှုတိုက်ဖျက်ရေးတွင် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

BGF မှ ဗိုလ်မှူးချုပ်စောမောင်ဝင်းက “အခြားတိုင်းပြည်က သူတို့သံရုံးကနေတဆင့် ဆက်သွယ်လာရင် ကျနော်တို့ ပြန်ပို့ပေးတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ တရုတ်မင်းသားတုန်းကလိုတော့ နာမည်မထွက်ဘူးပေါ့။ ဥပမာ မလေးရှား၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်တို့ပေါ့။ ဒီအလုပ်တွေက တိုင်းပြည်ပေါင်းစုံက လာလုပ်ကြတာ။ သူတို့နိုင်ငံက ပြန်ခေါ်ရင် ကျနော်တို့လိုက်ရှာပေးပြီး ပြန်ပို့ပေးတာတွေ အများကြီးရှိပါတယ်။” ဟု ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းက ဖြေကြားပြောဆိုထားသည်။

BGF က ဆောင်ရွက်နေသည့် အရေးယူမှုလုပ်ငန်းစဥ်များနှင့် ပတ်သက်၍မူ တာဝန်ရှိပုဂ္ဂိုလ်များအား ဆက်သွယ် မေးမြန်းရာ လက်ခံဖြေကြားခြင်း မရှိသေးပေ။

ထို့အပြင် ခရီးသွားလာမှုနှင့် အိမ်ယာစီမံကိန်းအဖြစ် သိထားသည့် အဆိုပါရွှေကုက္ကိုလ်စီမံကိန်းတွင် BGF အနေဖြင့် အကျိူးတူ ပါဝင်ပတ်သက်မှုမရှိဘဲ မြေငှားရမ်းပေးရုံသာဖြစ်၍ တရားမဝင်လုပ်ငန်းများကိုလည်း ရင်းနှီးမြုပ်နှံ သူများထံမှ ထပ်ဆင့်ငှားရမ်းထားသည့် လုပ်ငန်းရှင်အချို့က ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း BGF ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လောင်းကစားမြို့တော်ဟု နာမည်ကြီးသော BGF နယ်မြေရှိ ရွှေကုက္ကိုလ်မြို့သစ်မှာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဂိတ်နှင့် ကီလိုမီတာ ၂၀ ခန့်သာကွာဝေး၍ မြဝတီမြို့မြောက်ဘက် ၁၅ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံသားအဖြစ် ခံယူထားသည့် တရုတ်လူမျိုးများ ဦးဆောင်သော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစုမှ စီမံကိန်း စတင် ပြင်ဆင်နေသည့် ၂၀၁၇ ခုနှစ်တွင် မြန်မာ – ရထိုက် နိုင်ငံတကာဦးပိုင်လုပ်ငန်းစုအဖြစ် မှတ်ပုံတင်ခဲ့ကြောင်း ISP-Myanmar က ပြုစုသည့် ရွှေကုက္ကိုလ်စီမံကိန်းအမည်ရှိ အစီရင်ခံစာဖော်ပြချက်အရ သိရသည်။

ယင်းအစီရင်ခံစာတွင် ကုမ္ပဏီရှယ်ယာ၏ ၂၀ ရာခိုင်နှုန်းအား BGF ကို ခံစားခွင့်ပြုရန် သဘောတူညီစာချုပ် ချုပ်ဆိုခဲ့သည့်အပြင် BGF ကို ဦးဆောင်နေသည့် ဗိုလ်ချစ်သူပိုင်ကုမ္ပဏီအချို့မှာလည်း စီမံကိန်း အကောင်အထည် ဖော်ရာတွင် ပါဝင်သည်ဟု ISP-Myanmar က ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းက ထိုင်း – မြန်မာနယ်စပ်တွင် တရုတ်မင်းသား လူကုန်ကူးခံရပြီးနောက် နယ်စပ်မှ အွန်လိုင်းလိမ်လည်ဂိုဏ်းများနှင့် လူကုန်ကူးမှုများ၊ အဓမ္မလုပ်အားစေခိုင်းမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ သတိထားစောင့်ကြည့်စရာ ဖြစ်လာသည်။

ထိုဂယက်ကြောင့်ပင် ထိုင်း – မြန်မာနယ်စပ် လမ်းတကြော ဖြတ်သန်းသွားလာမှုများအား ထိုင်းဘက်က တင်းကြပ် လိုက်ပြီး မြဝတီမြို့နေရာအချို့ကို ပေးထားသည့် လျှပ်စစ်မီးများကိုလည်း ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်ကာ ဖြတ်တောက်လိုက်ကြောင်း မြဝတီမြို့ခံတို့က ပြောဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here