5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းတရုတ်ဇနီးမယားအဖြစ် ရောင်းစားခံထားရသူများထဲတွင် ရခိုင်အမျိုးသမီး ၁၅ ရာခိုင်နှုန်းခန့် ပါဝင်နေ

တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံထားရသူများထဲတွင် ရခိုင်အမျိုးသမီး ၁၅ ရာခိုင်နှုန်းခန့် ပါဝင်နေ

တရုတ်နိုင်ငံဘက်သို့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံထားရသူ မြန်မာအမျိုးသမီးများထဲတွင် ရခိုင်မှ ၁၅ ရာခိုင်နှုန်းခန့်ပါဝင်ပြီး ကိုယ်မိတ်ဆွေလူရင်းများက ရောင်းစားခြင်းများကို တွေ့ရသည်ဟု ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) ၏ ပြောရေးဆိုခွင့်ရှိသူ ဆိုင်ထွယ်က ပြောသည်။

ဆိုင်ထွယ်က “ကျွန်မတို့ ကူညီပံ့ပိုးတာကတော့ အများကြီးပေါ့။ တကယ်ရောင်းစားခံရတယ်ဆိုတဲ့ဟာကို ကြည့်လို့ရှိရင်တော့ ၁၈၇ မှုထဲမှာ ရခိုင်ဘက်က တော်တော်တွေ့တယ်။ ရာခိုင်နှုန်းအရပြောမယ်ဆိုရင် ၁၈၇ မှာ ၁၅ ရာခိုင်နှုန်းလောက် ပါတယ်ဆိုတာ ပြောလို့ရတယ်” ဟု ပြောဆိုသည်။

အဆိုပါရာခိုင်နှုန်းသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံထားရသော ရခိုင်အမျိုးသမီးများ၏ ရာခိုင်နှုန်းဖြစ်သည်ဟု ဆိုသည်။

ကချင်အမျိုးသမီးအစည်းအရုံး၊ ထိုင်းနိုင်ငံ (KWAT) က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့် “ တရုတ် ဇနီးမယားအဖြစ် အတင်းအဓမ္မ ရောင်းစားခံရခြင်း” အစီရင်ခံစာသစ်တွင် ယခုနှစ်ကာလများအတွင်း အမျိုးသမီးများကို ဇနီးမယားများအဖြစ် တရုတ်နိုင်ငံသို့ အတင်းအဓမ္မ ရောင်းစားနေမှုသည် မြန်မာနိုင်ငံ ဒေသအသီးသီးတွင် စိုးရိမ်ဖွယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေသည်ဟု ဖော်ပြထားသည်။

ရခိုင်အမျိုးသမီးများသည် ပြည်ပသို့မထွက်ခွာမီ လူရင်းမိတ်ဆွေများက ပြောဆိုတိုင်း မယုံကြည်ရန်နှင့် လုပ်ရမည့်အလုပ်နှင့် နေရာအား ကိုယ်ကိုယ်တိုင်စုံစမ်းရန်လိုပြီး အကူအညီတောင်းရမည့် ဌာနများကိုလည်း လေ့လာရန်လိုကြောင်း ဆိုင်ထွယ်က အသိပေးပြောဆိုသည်။

“ရခိုင်အမျိုးသမီးတွေအနေနဲ့ အလုပ်လုပ်ခွင့် ရှိတယ်။ အလုပ်လုပ်ဖို့သွားတဲ့အခါ ကိုယ်သွားမယ့်နေရာကို ဆွဲဆောင်ခံရတဲ့ အချိန်မှာပေါ့နော်။ တဖက်သားကို အကုန်လုံးယုံကြည်လို့မရဘူး။ ကိုယ်ကိုယ်တိုင်က စုံစမ်းရမယ်။ ဒီနေရာက တကယ်ဟုတ်လား။ ဒီအလုပ်က တကယ်ဖြစ်နိုင်လား။ မှတ်ပုံတင်ပေးထားတာမျိုး မလုပ်ဖို့၊ ပတ်စ်ပို့ပေးထားတာမျိုး မလုပ်ဖို့လိုတယ်။ ကိုယ့်ရဲ့ဖုန်းသိမ်းပြီ ဆိုကတည်းက စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ရခိုင်အမျိုးသမီးများသည် ရန်ကုန်သို့လာရောက်ပြီး အလုပ်အကိုင်ရရှိရန် ရှာဖွေရမှတဆင့် ရောင်းစားခံရခြင်းများရှိပြီး မိမိ၏ရည်းစားက ရောင်းစားခြင်းများလည်း ပါဝင်သည်ကိုတွေ့ရကြောင်း ဆိုင်ထွယ်က ဆက်ပြောသည်။

“ရခိုင်ဘက်က အမှုတစ်ခုဆိုရင် သူက ရန်ကုန်ကို အလုပ်လုပ်ဖို့ တက်လာတယ်။ ရန်ကုန်ရောက်တော့လည်း ကိုယ့်ရည်းစားကပဲကိုယ့်ကို နယ်စပ်ဘက်မှာ အလုပ်ရှိတယ်ဆိုပြီး ခေါ်သွားပြီး တရုတ်ဘက်ကို ပြန်ရောင်းစားတဲ့ဟာမျိုး တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

KWAT ၏ စစ်တမ်းအရ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသည့် အမျိုးသမီးပေါင်း ၁၇၈ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီးငယ်များ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံထားရသဖြင့် အကူအညီပေးခဲ့ရသည့် ဖြစ်စဉ်အရေအတွက်မှာ သုံးဆခန့်မြင့်တက်လာကြောင်း KWAT ၏ အစီရင်ခံစာအရ သိရသည်။

မြန်မာအမျိုးသမီးငယ်များအနေဖြင့် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံနေရသလို အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင်လည်း ရောင်းစားခံရသည့် အရေအတွက်မှာ ယခင်ထက် ပိုမိုမြင့်တက်လာကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။