ထားဝယ်တွင် တစ်ရပ်ကွက်လျှင် အမျိုးသားတစ်ဦးနှုန်း စစ်မှုထမ်းဆောင်ရန် အမိန့်ပေးခေါ်ယူနေ

0
112

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ​ ရပ်ကွက်တစ်ခု​လျှင်​ အမျိုးသားတစ်ဦးနှုန်း စစ်မှုထမ်းဆောင်ရန် စစ်ကောင်စီ​က​ ယခုဇန်နဝါရီလ ဒုတိယအပတ်အတွင်း နေအိမ်များထိအိမ်တိုင်ရာရောက် လိုက်လံ အမိန့်ပေးခေါ်ယူနေသည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်​ ၁၅ ခု​တွင် စစ်ကောင်စီက ရပ်ကွက်တစ်ခုလျှင် ၁ ယောက်နှုန်းဖြင့် စစ်မှုထမ်းစာရင်းအတွက် ရွေးချယ်ထားပြီးသူ အမျိုးသား ၁၅ ဦး​ နေထိုင်ရာနေအိမ်များထံသို့ အမိန့်ပေးအကြောင်းကြားစာရွက် ပေးဝေခဲ့ခြင်းဖြစ်သည်ဟု လက်ခံရရှိသည့် မြို့ခံများက ပြောသည်။

“အရင်လို မဲဖောက်တာမဟုတ်ဘူး။ ရုံးလာရမယ်ဆိုပြီး လိုက်ခေါ်ကတည်းက သူတို့မှာစာရင်း အတိအကျ ရထားပြီးသား။ နာမည်စာရင်းပါသူတွေရဲ့အိမ်ထိ စာလိုက်ပို့ပြီး ဇန်နဝါရီ​ ၁၃ ရက်နေ့က​ ​ရုံးကိုလာခိုင်းတာ။ စစ်မှုထမ်းရမယ့်သူတစ်ယောက်ဆို သူကိုယ်တိုင်ရောဂါသည်မို့လို့​ ရုံးအထိ တောင်းတောင်းပန်ပန်နဲ့ သွားပြောတာကိုမရဘူး​။ အိမ်ပေးမပြန်ဘဲ တခါတည်းခေါ်ထားလိုက်တယ်” ဟု​ စစ်မှုထမ်းခေါ်ယူခံရသူ မိသားစုများနှင့်နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။

ထို့​အပြင်​ နာမည်စာရင်းပါသဖြင့် စစ်မှုထမ်းရမည့်သူမပါဘဲ ရုံးသို့လာသည့် မိသားစုဝင်များအား ကာယကံရှင်ကိုခေါ်၍ ထပ်မံလာရောက်ရန် ပြောဆိုပြီး ပြန်လွှတ်ခဲ့သည်ဟုလည်း အဆိုပါမြို့ခံက ဆက်ပြောသည်။

ယင်း​အပြင်​ ဇန်နဝါရီဒုတိယအပတ်ကစ၍ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အချို့၌ ဧည့်စာရင်း လိုက်လံစစ်ဆေးနေပြီး စစ်ကောင်စီ၏ ပေါ်တာဆွဲခြင်းခံလိုက်ရသည့် လူငယ်အချို့လည်းရှိကြောင်း ထားဝယ်မြို့တွင်း တော်လှန်ရေးသတင်းအရင်းအမြစ်များက ပြောဆိုသည်။

ထားဝယ်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင်​ အုပ်ချုပ်မှုနယ်မြေအတွင်းရှိပြီး မြို့ပေါ်မှကျေးရွာများသို့ လမ်းတလျှောက်တွင် စစ်ကောင်စီတပ်၏ အစစ်အဆေး များပြားသည့်အပြင် KNU ​ဘက်က​လည်း သတိပေးထားသဖြင့် ပို၍သတိထားသွားလာရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်တပ်က လှုပ်ရှားတာတွေရှိလာလို့ ခရိုင်ထဲမှာနေတဲ့ အထူးသဖြင့်​ အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်တွေ သတိထားသွားလာဖို့ KNU က စာထုတ်ထားတယ်လေ။ ကျမတို့လည်း အစစ်အဆေးများလွန်းလို့ မြို့ပေါ်မရောက်တာ နှစ်နဲ့ချီရှိပြီ” ဟု​ အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်လာပြီးနောက် ထားဝယ်မြို့နေ လူငယ်များအား စစ်မှုထမ်းသင်တန်းအတွက် အဓိက ခေါ်ယူမှုများနေပြီး စစ်မှုမထမ်းနိုင်ပါက စစ်ကောင်စီ​သို့​ ကျပ်ငွေသိန်းဆယ်နှင့်ချီ ပေးဆောင်ရသည့်ဖြစ်စဥ်မျိုးရှိခဲ့ကြောင်း မြို့နေပြည်သူများပြောဆိုမှုအရ သိရသည်။

အလားတူ​ ပြီးခဲ့သည့် ဒီဇင်ဘာလတစ်လလုံးတွင်လည်း စစ်ကောင်စီ​က​ တနင်္သာရီတိုင်းအတွင်း တပ်အင်အားတိုးချဲ့မှုများ ရှိလာပြီး အတင်းအဓမ္မ လူသိထင်ရှားသော်လည်းကောင်း၊ လူသူမသိသော်လည်းကောင်း ပေါ်တာဆွဲဖမ်းဆီးသည့်ဖြစ်စဥ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည် ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို မှတ်တမ်းပြုစုနေသော FE5 Tanintharyi က​ ဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here