ဒီးမော့ဆို စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၃ ဦး သေဆုံး

0
125

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာကို ဇန်နဝါရီ ၁၅ ရက်နေ့ နေ့လည် ၁၂ ကျော်တွင် စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးက ပြောသည်။

ဒေသခံအမျိုးသားတစ်ဦးက “မိသားစုတစ်စုထဲကိုပဲ ၂ ဦး ပွဲချင်းပြီးပဲ။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးပေါ့နော်၊ မောင်နှမတွေ ဖြစ်ကြတယ်။ ပြီးတော့ သူ့အမေကတော့ မျက်နှာမှာ ဒဏ်ရာရတယ်။ အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမရှိဘူး” ဟု ပြောသည်။

သေဆုံးသူများမှာ အသက် ၃၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် မိသားစုဝင်များဖြစ်ကာ ကျန်အမျိုးသမီးတစ်ဦးမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတာဖြစ်သည်ဟု KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတာအယ်စိုးက ပြောဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးမှာ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦးဖြစ်ပြီး ခြေထောက်၊ ပေါင်၊ မျက်နှာ စသည့်နေရာတို့တွင် ဒဏ်ရာအသီးသီး ရရှိခဲ့တာကြောင့် ဆေးကုသမှုခံယူနေရသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တဲ့နေရာသည် စစ်ဘေးရှောင်များသာ နေထိုင်ကြခြင်းဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်သလို တိုက်ပွဲဖြစ်ပွားခြင်း တစုံတရာမရှိဘဲ ယခုလို ပြည်သူလူထုအား အကြောင်းမဲ့တိုက်ခိုက်နေတာက ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုပေါ်လွင်သလို လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေခြင်းဖြစ်သည်ဟု တာအယ်စိုးက ပြောပါသည်။

“ဗုံးကြဲတိုက်ခိုက်တဲ့နေရာတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ စစ်ရှောင်စခန်းတွေ ကျေးရွာတွေဖြစ်တယ်။ စစ်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိတဲ့နေရာတွေ ဖြစ်တယ်။ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကြည့်ခြင်းအားဖြင့်သော်လည်းကောင်း၊ လွိုင်ကော်အရှေ့ဘက်ခြမ်း၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ကျေးရွာတွေ စစ်ရှောင်စခန်းတွေက စစ်ရေးနဲ့မပတ်သက်တဲ့နေရာဖြစ်တယ်၊ တိုက်ပွဲနဲ့ ဝေးတဲ့နေရာဖြစ်တယ်” ဟု တာအယ်စိုးက ပြောသည်။

ဇန်နဝါရီ ၁၅ ရက်နေ့ ညပိုင်းကလည်း ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီရဲ့ ငွေတောင်အခြေစိုက် ၁၀၂ တပ်ရင်းကနေ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးကတော့ တောက်လျှောက်ပစ်နေတယ်၊ မနေ့ညကလည်း ပစ်တယ်။ အခု ဒီညလည်း ပစ်နေတာရှိတယ်။ စစ်ဘေးရှောင်တွေကတော့ ထပ်တိမ်းရှောင်တာ မရှိသေးဘူး ဒါပေမယ့် အတော်လေးတော့ စိုးရိမ်ထိတ်လန့်နေကြတယ်” ဟု ၎င်းက ပြောသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းကလည်း လွိုင်ကော်မြို့နယ်အတွင်းကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲခဲ့ပါသေးသည်ဟု ၎င်းက ဆိုသည်။

၂၀၂၅ နှစ်သစ်က စ၍ စစ်ကောင်စီသည် ကရင်နီပြည် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်နှင့် ရှမ်း – ကရင်နီ နယ်စပ်က ဖယ်ခုံအနောက်ခြမ်းကို ၁၁ ကြိမ်ထက်မနည်း လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here