လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းခွင့်တွင် ပါဝင်လွတ်မြောက်ခြင်းမရှိကြောင်း KPPA ပြောဆို

0
135
ပုံစာ - လွိုင်ကော်အကျဉ်းထောင်

စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အချုပ်ထောင်အသီးသီးက လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အကျဉ်သားများထဲတွင် လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းခွင့်တွင် ပါဝင်လွတ်မြောက်လာခြင်းမရှိကြောင်း ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) က ပြောဆိုသည်။

လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားများသည် လွတ်ငြိမ်းခွင့်မရကြသလို ပြစ်ဒဏ်ချခံရသော ထောင်ဒဏ်နှစ်များထဲမှ ၆ ပုံ ၁ ပုံသာ သက်သာခွင့်ရကြသည်ဟု ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“လွိုင်ကော်ထောင်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်တာကတော့ အခုထိမကြားမိသေးဘူး။ လွှတ်တာမပါဘူး။ လွိုင်ကော်ထောင်မှာ ကျန်ခဲ့တဲ့သူတွေက လွတ်ငြိမ်းခွင့်ပေးတဲ့စာရင်းထဲ မပါဘူး။ ပြောရမယ်ဆိုရင် အမှုတွေ မပါဘူး၊ ပြစ်ဒဏ်ပေါ့လျော့တာပဲ ပါလိမ့်မယ်။ ဥပမာ – နိုင်ငံရေးအကျဉ်းသားထဲမှာဆိုရင် တသက်တကျွန်း ချထားတဲ့သူတွေရှိတယ် နှစ်အကန့်အသတ်ချထားတဲ့သူတွေ ရှိတယ်။ အဲ့ဒီသူတွေကတော့ ပြစ်ဒဏ်လျော့ပေါ့တာမျိုး ပါတာပေါ့နော” ဟု KPPA တာဝန်ရှိက ပြောသည်။

“၇၇” နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်း အကျဉ်းထောင်အချုပ်ထောင်အသီးသီးက အကျဉ်းသားပေါင်း ၅,၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီက ကြေညာထားသည်။

ထောင်ဒဏ်တသက်ကျခံနေရသူ အကျဉ်းသား၊အကျဉ်းသူ ၁၄၄ ဦးကိုလည်း ထောင်ဒဏ်တသက်မှ ထောင်ဒဏ် ၁၅ နှစ်သို့ လျော့ပေါ့ပြောင်းလဲပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

ယင်းအပြင် အကြမ်းဖက်တိုက်ဖျက်ရေး၊ မတရားအသင်း ဆက်သွယ်မှု၊ လက်နက်အက်ဥပဒေ၊ အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ စသည့် အမှုများနှင့် ပြစ်ဒဏ်ကျခံနေသူကလွဲပြီး အခြားသောအမှုများနှင့် ပြစ်ဒဏ်ကျခံနေရသူတို့ကို ကျခံနေရသည့်ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လျှော့လိုက်ကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။

လွိုင်ကော်အကျဉ်းထောင်ထဲတွင် အကျဉ်းသားပေါင်း ၄၀၀ ကျော်ရှိပြီး ယင်းတို့ထဲ၌ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်ရှိသည်။

နှစ်ရှည်ထောင်ဒဏ်ကျခံရသူများ အများဆုံးရှိနေတာကြောင့် ပြစ်ဒဏ်သက်သာ လျော့ပေါ့ခွင့်သာ ရရှိသည်ဟု KPPA တာဝန်ရှိသူက ဆက်ပြောသည်။

လွိုင်ကော်အကျဉ်းထောင်ထဲတွင် အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်လည်းရှိနေပြီး ထောင်ဝင်စာပို့ခွင့်လည်း မရရှိသေးဟု ၎င်းကဆိုသည်။

“ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအသောက်လုံလောက်မှုအတွက် လွိုင်ကော်အကျဉ်းထောင်အနေနဲ့ တာဝန်ခံ ရမယ်။ ဒါတွေမလုံလောက်လို့ရှိရင် အသက်အန္တရာယ်နဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာမှုတွေဖြစ်လို့ရှိရင် လွိုင်ကော်ထောင်အနေနဲ့ တာဝန်ခံရမှာပေါ့နော။ နိုင်ငံရေး အကျဉ်းသူအကျဉ်းသားတွေအပါအဝင် အကျဉ်းသူ၊ အကျဉ်းသားတွေအားလုံးရဲ့ လူ့အခွင့်အရေး အခြေခံရပိုင်ခွင့်တွေကို အပြည့်အဝကာကွယ်ပေးနိုင်ဖို့ လိုအပ်တယ်လို့တော့ တောင်းဆိုချင်တယ်” ဟု KPPA တာဝန်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ဇန်နဝါရီလ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ လွိုင်ကော်အကျဉ်းထောင်အပါအဝင် ပုသိမ်အကျဉ်းထောင်၊ ကော့သောင်းအကျဉ်းထောင်၊ ညောင်ဦး အကျဉ်းထောင်၊ ဂန့်ဂေါအချုပ်၊ ဗန်းမော်အကျဉ်းထောင် စသည့် အကျဉ်းထောင် ၆ ခုမှ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းခွင့်မရရှိဟု ပြောဆိုထားသည်။

လွတ်ငြိမ်းခွင့်ရသည့် အကျဉ်းသား ၅,၈၆၄ အနက် နိုင်ငံရေးအကျဉ်းသား ၆၀၀ ဝန်းကျင် ပါဝင်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပေမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ၏ စာရင်းအရ နိုင်ငံတဝှမ်းရှိ အကျဉ်းထောင် ၂၄ ခု မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၁၁ ဦးသာ ရှိကြောင်း ထုတ်ပြန်ထားသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here