ကျောက်ကြီးတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ကလေးငယ် ၂ ဦး ဒဏ်ရာရ

0
294
Photo - CJ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၃)၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့၊ ထိုက်ထူရွာနေ ဒေသခံအမျိုးသမီး ၁ ဦးသည် နေအိမ်တွင် ဝက်စာကျွေးနေစဥ် စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ပွဲချင်းပြီးသေဆုံးပြီး ၎င်း၏ကလေးငယ် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့က တအိမ်တည်းအတူနေ သားအမိ ၃ ဦးအနက် မိခင်ဖြစ်သူသည် နေအိမ်ပြင်ပတွင် ဝက်စာကျွေးနေစဥ် နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး နေအိမ်အတွင်းရောက်ရှိနေသည့် ၎င်း၏ကလေးငယ် ၂ ဦးလည်း ကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“သူတို့အမေက အိမ်အောက်မှာ ဝက်စာကျွေးနေတာ။ သူ့ကလေးနှစ်ယောက်ကို အိမ်ပေါ်တက်ပြီး ဝက်ချည်ဖို့ ကြိုးပြန်ယူခိုင်းတဲ့ အချိန်ဖြစ်တာ။ လက်နက်ကြီးကျတော့ အမေရောဝက်ရော ကြေမွသွားတာပဲ။ ကလေးတွေကတော့ အစပဲထိလို့ တော်သေးတယ်။ တစ်ယောက်ကတော့ ဒဏ်ရာနည်းနည်းပြင်းတယ်” ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီ ၃ ရက်နေ့က ကျောက်ကြီး – မူသဲ ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲအပြီး နောက်ရက်ထိ စစ်ကောင်စီဘက်မှ ဒေသခံများနေထိုင်သည့် ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲမရှိသည့် ရက်များတွင်လည်း နတ်သံကွင်းရှိစစ်ကောင်စီတပ်သာမက ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်နှင့် အနီးတပ်စခန်းများမှ ပြည်သူနေထိုင်ရာ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဥ်ဆိုသလို ပစ်ခတ်သဖြင့် အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း KNU-ဗဟိုက မကြာခဏထုတ်ပြန်လေ့ရှိသည်။

အလားတူ မူသဲတိုက်ပွဲဖြစ်ပွားသည့် ဇန်နဝါရီ ၃ ရက်နေ့က စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကျောက်ကြီးမြို့နယ်၊ အင်ဒိုင်းကုန်းရွာရှိ အမျိုးသမီး ၁ ဦး နေအိမ်အနီး လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန်သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here