မန္တလေး PDF က စစ်ကိုင်းတိုင်းတွင် တပ်မဟာအသစ်တစ်ခု တိုးချဲ့မည်

0
176
Photo – Mdy PDF

မန္တလေးတိုင်းအတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် မန္တလေး PDF က စစ်ကိုင်းတိုင်းတွင် တပ်မဟာအသစ်တစ်ခု တိုးချဲ့သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

လာမည့် ၂၀၂၅ ခုနှစ်အတွင်းတွင် စစ်ကိုင်းတိုင်း၌ တပ်မဟာအသစ်တိုးချဲ့ကာ စစ်ဆင်ရေးအရှိန်အဟုန်ဖြင့် တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေး PDF က ဆိုထားသည်။

ထိုသို့ တပ်မဟာအသစ်တစ်ခုဖွဲ့စည်းရာတွင် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုထားသလို စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်းလည်း ပြောဆိုထားသည်။

မန္တလေး PDF လက်ရှိစိုးမိုးထားသည့် နယ်မြေများနှင့် စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်းမြို့နယ်၊ ဝက်လက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ တကောင်းမြို့၊ ရွှေဘိုမြို့နယ်တို့နှင် နယ်နိမိတ်ခြင်းထိစပ်နေပြီး NUG လက်အောက်ရှိ PDF တပ်ဖွဲ့များက စိုးမိုးထိန်းချုပ်ထားနိုင်သည့် အနေအထားတွင် ရှိနေသည်။

“စစ်ကိုင်းနဲ့ မန္တလေးအစပ်ဆိုရင် မြစ်အနောက်ဘက်ခြမ်း (ဧရာဝတီမြစ်) ရွှေဘို၊ ကျောက်မြောင်းတို့ ဝက်လက်တို့ ဒီနယ်တွေက PDF တွေ အားကောင်းတော့ ဒီနယ်မြေတွေက တိုက်ပွဲ ပိုဖြစ်လာမယ့်အနေအထားလို့ လာမယ့်နှစ်မှာ ယူဆလို့ရတယ်” ဟု ထီးချိုင့်မြို့ခံ နိုင်ငံရေး လေ့လာနေသူတစ်ဦးက သုံးသပ်ပြောသည်။

မန္တလေး PDF သည် တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး မန္တလေးတိုင်းရှိ မိုးကုတ်မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ် မြို့သိမ်းတိုက်ပွဲများကို ၂၀၂၄ ခုနှစ် အတွင်းတွင် ဆောင်ရွက်ထားသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here