စစ်ကိုင်းတိုင်းရှိ လူဦးရေ ၆ သန်းကျော်တွင် ၄ သန်းနီးပါးကို သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိဟုဆို

0
228
Photo - MOI

စစ်ကောင်စီက ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းနှင့်လူဦးရေစာရင်းအား ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ၌ အဆိုပါစာရင်းများအရ စစ်ကိုင်းတိုင်းအတွင်း လူဦးရေ ၄ သန်းခွဲကျော်ကို သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်းတွင် ခန့်မှန်းလူဦးရေ စုစုပေါင်း ၆ သန်းကျော် ရှိသည့်အထဲတွင် လူဦးရေ ၂ သန်းနီးပါးကိုသာ ကောက်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် မြို့ပေါ်အများစုကိုသာ ကောက်ယူနိုင်ခဲ့ပြီး ထီးချိုင့်၊ အင်းတော်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ကနီ၊ ပုလဲ၊ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦးနှင့် ဝက်လက်မြို့နယ်တို့တွင် လုံးဝ ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

စာရင်းကောက်ယူနိုင်ခြင်းမရှိသည့် မြို့နယ်အများစုထဲတွင် ပင်လည်ဘူးမြို့နယ်ကို NUG က တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်သည့်မြို့နယ်များတွင် တော်လှန်ရေးအင်အားစုများက နယ်မြေအများစုကို ထိန်းချုပ်စိုးမိုးထားသည်။

“စာရင်းကောက်တုန်းကတော့ မြို့ပေါ်ပဲ ကောက်ခိုင်းတာ၊ ကျေးရွာတွေမှာ ကောက်ပါလို့ ပြောတာလည်းမရှိဘူး။ သူတို့ မိုဘိုင်းတပ်ပလပ်နဲ့ပဲ ကောက်တာ၊ အခု စာရင်းထွက်လာတာတော့ မသိရသေးဘူး” လို့ ဟုမ္မလင်းမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ရည်ရွယ်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ရှေ့ပြေး လူဦးရေစာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ (၅၁) သန်းကျော်ရှိသည်ဟု ဆိုသည်။

လူဦးရေအချိုးအစားအားဖြင့် ရန်ကုန်တိုင်းတွင် ၁၄.၄ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တွင် ၁၂.၇ ရာခိုင်နှုန်းနှင့် မန္တလေးတိုင်းတွင် ၁၂.၂ ရာခိုင်နှုန်းတို့ဖြစ်ပြီး အဆိုပါ တိုင်း/ပြည်နယ် ၃ ခု၏ လူဦးရေသည် တစ်နိုင်ငံလုံးရှိ စုစုပေါင်းလူဦးရေ၏ ၃၉.၃ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here