မေတ္တာ – ထီးခီး နယ်စပ်လမ်းပိုင်း KTLA က ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

0
165
Photo - CJ

ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းတစ်ခုဖြစ်သည့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မေတ္တာ – ထီးခီး နယ်စပ်လမ်းကို ကော်သူးလေတပ်မတော် KTLA က ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ပင်ထားသည်ဟု ဒေသခံများက ပြောဆိုသည်။

“မေတ္တာမြို့ကစပြီး ထီးခီးနယ်စပ်အထိ လမ်းမကြီးကို ယာဉ်ကြီး၊ယာဉ်ငယ် ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ ကော်သူးလေတပ်မတော် KTLA ဆာကဆောတပ်မ ဆာခီးလာဌာနချုပ်က ထုတ်ပြန်လာတာဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားမှုကြောင့် တစုံတရာထိခိုက်မှုရှိပါက လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်းလည်း ကော်သူးလေတပ်မတော် KTLA က သတိပေးထားသည်ဟု သိရသည်။

သို့သော် မေတ္တာ – ထီးခီးနယ်စပ်လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ပင်မှုနှင့်ပတ်သက်ပြီး ကော်သူးလေတပ်မတော် KTLA ဘက်က လက်ရှိချိန်ထိ တစုံတရာထုတ်ပြန် ဖော်ပြလာခြင်း မရှိသေးဟု ဆိုသည်။

မေတ္တာ – ထီးခီး နယ်စပ်လမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်ပင်မှုကြောင့် ကုန်စည်စီဆင်းမှုအပါအဝင် ထိုင်းနိုင်ငံဘက်ကိုသွားမည့် ရွှေ့ပြောင်းအလုပ်သမားများလည်း အခက်အကြုံရနိုင်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ထိုလမ်းပိုင်းပိတ်ပင်မှုသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ နှင့် KTLA တပ်ဖွဲ့ဝင်တို့ အကြား ဖြစ်ပွားနေသော စစ်ရေးအခြေအနေများကြောင့် ဖြစ်နိုင်သည်ဆိုသော သုံးသပ်မှုတို့လည်း ရှိနေသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကော်သူးလေတပ်မတော် KTLA တပ်တို့သည် ဒီဇင်ဘာတတိယအပတ်အတွင်း ထားဝယ် – ထီးခီးလမ်းပိုင်း ဗားမဲ့တောင်အနီးဝန်းကျင်၌ နှစ်ဖက်တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားထားကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

အဆိုပါတိုက်ပွဲအတွင်း KTLA ဘက်က ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁၄ ဦးကိုလည်း KNLA ဘက်က ဖမ်းဆီးသွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်တို့၏ ပြောပြချက်အရ သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here