လောင်းလုံးတိုက်ပွဲကြောင့် ဒေသခံတစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

0
132
Photo – Social Media

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာတိုက်ပွဲကြောင့် အနီးဝန်းကျင် ကျေးရွာသုံးရွာက ဒေသခံပြည်သူတစ်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်ဒေသခံများက ပြောဆိုသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကစပြီး ကျောက်နီမော်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်စခန်းများကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ တစ်နေ့လုံးနီးပါးဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများလည်း နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဆိုသည်။

တိုက်ပွဲကြောင့် ကျောက်နီမော်၊ အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြင် ကျေးရွာတို့က ဒေသခံပြည်သူ တစ်ထောင်နီးပါးသည် ရရာစက်လှေ၊ ဆိုင်ကယ်၊ ကားများနှင့် ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေသည်ဟု စစ်ရှောင်ဒေသခံတစ်ဦးက ပြောဆိုသည်။

ကျောက်နီမော်တိုက်ပွဲနဲ့ ပတ်သက်ပြီး လောင်းလုံးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တို့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါ။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွင် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများ အင်အားအလုံးအရင်းနှင့် တိုက်ခိုက်ခံနေရတာကြောင့် စစ်ကူပေးရန် တောင်းဆိုမှုများရှိနေသည်ကို တွေ့ရသည်။

ဒေသခံများ၏ ပြောပြချက်အရ ကျောက်နီမော်ကျေးရွာတွင် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့် တပ်စခန်း ၃ ခုရှိပြီး အင်အား ၈၀ ဝန်းကျင်ရှိသည်ဟု ဆိုပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here