ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ် ကျေးရွာအချို့တွင် ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီအာဏာပိုင်များက အတင်းမောင်းထုတ်နေကြောင်း ဒေသခံတို့ထံမှ သိရှိရသည်။
စစ်ကောင်စီက ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့နယ်တို့ရှိ စစ်ဘေးရှောင်များကို ဒီဇင်ဘာ ၂၂ ရက်နေ့က ပြောင်းရွှေ့ပေးရန် လိုက်လံပြောကြားပြီး ၂၊ ၃ ရက်အတွင်း ပြောင်းရွှေ့ကြရန် ထိုသို့ဖိအားပေးနေမှုများ ရှိနေခြင်းဖြစ်သည်။
ရေကြည်ဒေသခံတစ်ဦးက “ဒီလ ၂၃ ရက်နေ့ညနေမှာ အပြီးပြောင်းရွှေ့ခိုင်းတယ်။ ဒီစစ်ဘေးရှောင်တွေက ဘယ်သွားလို့ သွားရမှန်းမသိဘူး။ အထူးအခက်အခဲဖြစ်နေကြတယ်” ဟု ပြောသည်။
ရေကြည်မြို့နယ် ခွေးတောက်ကွက်သစ်၊ ကုန်းပြင်၊ မိတ်သလင်၊ ချင်းကွက် အုပ်စုတို့တွင် တည်းခိုနေထိုင်ကြသည့် ရခိုင်စစ်ဘေးရှောင်များကို အတင်းမောင်းထုတ်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
စစ်ဘေးရှောင်တစ်ဦးက “ ကျွန်တော်တို့က ဒုက္ခရောက်လို့ ခဏလာခိုလှုံတာကို ခွေးလေခွေးလွင့်တွေ မောင်းထုတ်သလို မောင်းထုတ်ခံနေရတယ်။ တခြားသွားစရာလည်း နေရာမရှိဘူး။ အသနားခံလည်းမရဘူး။ ဒီနေရာတွေက အမြောက်တပ် ၃၄၄ နဲ့နီးတဲ့အတွက် စစ်ဘေးရှောင်တွေကို ထားလို့မရဘူးဆိုပြီး နှင်ထုတ်နေတာပါ” ဟု ပြောသည်။
အတင်းမောင်းထုတ်ခံရသည့် စစ်ဘေးရှောင် မိသားစုများမှာ ၅၀ စုခန့် ရှိနေပြီး ၎င်းတို့သည် ဂွမြို့နယ် ဆပ်သွား၊ ဂျိုင်ကောက်နှင့် အလယ်ရွာကျေးရွာဘက်တို့က စစ်ဘေးရှောင်များဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အနီးအနားရွာတွေကို ပြောင်းမယ်ကြံရင်လည်း လက်မခံဘူး။ ငသိုင်းချောင်းဘက်ကို ပြောင်းမယ်ဆိုရင်လည်း ငသိုင်းချောင်းက လက်မခံဘူး။ ကွင်းကောက်ဘက်ကိုရွှေ့ရင် အဆင်ပြေမလားဆိုပြီး မေးကြည့်ထားပါတယ်” ဟု အဆိုပါ စစ်ဘေးရှောင်က ဆက်ပြောသည်။
ရခိုင်စစ်ဘေးရှောင်များအား ခေါင်းစဉ်အမျိုးမျိုးဖြင့် ဖမ်းဆီး၊ ရိုက်နှက်၊ ငွေညှစ်မှုများကို စစ်ကောင်စီက လုပ်ဆောင်နေသဖြင့် စစ်ဘေးရှောင်များ အထူးသတိဝီရိယဖြင့် နေထိုင်နေကြရသည်ဟု Mizzima သတင်းတရပ်တွင် ဖော်ပြထားသည်။
ယင်းအပြင် ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်တွင် ရခိုင်စစ်ဘေးရှောင် ၁၀ ဦးထက်မနည်းကို ဒီဇင်ဘာ ၂၂ ရက် နေ့က ဖမ်းဆီးသွားခဲ့သည်ဟု အဆိုသတင်းတွင် ဆက်ဖော်ပြထားသည်။
ရခိုင်နှင့် ဧရာ၀တီ ဆက်စပ်သည့်နေရာတိုင်းတွင် ရခိုင်စစ်ဘေးရှောင်များကို စစ်ဆေးမေးမြန်း ဖမ်းဆီးခြင်းများရှိနေပြီး ဖမ်းဆီးခံရသူအရေအတွက်သည် ၁၅ ဦးမှ ၂၀ အထိ ရှိနေသည်ဟု Mizzima သတင်းတွင် ဆက်လက်ဖော်ပြသည်။
လက်ရှိရရှိသော သတင်းများအရ ငသိုင်းချောင်းသို့ စစ်မီးကူးစက်လာမည်ကို စိုးရိမ်ပြီး ငသိုင်းချောင်း၊ ရေကြည် ဒေသတို့မှ ငွေကြေးချမ်းသာသူများသည် မြို့ကြီးများသို့ ပြောင်းရွှေ့မှုများရှိနေကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။