ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှုမရသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတို့ပါ ရှိနေသည်ဟု စစ်ဘေးရှောင်များ ပြောဆိုမှုအရ သိရသည်။
ဒီဇင်ဘာ ၄ ရက်နေ့က စတင်ခဲ့သည့် ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးလာရသည့် စစ်ရှောင်ပြည်သူများသည် အရေးပေါ်အစားအသောက် အကူအညီများ မရသည့်အပြင် လမ်းခရီးတွင်လည်း လက်နက်ကိုင်တပ်ဖွဲ့တို့၏ တပ်သားသစ် စုဆောင်းခံမှုတို့လည်း ရှိနေသည်ဟု ဗန်းမော်စစ်ရှောင်များက ပြောသည်။
ဗန်းမော်မြို့ခံတစ်ဦးက “စစ်ရှောင်တဲ့သူတွေတော်တော်များများ မန္တလေး၊ ရွှေကူဘက် ဆင်းတဲ့သူတွေကိုဆို KIA ကလည်း ပေါ်တာဆွဲတယ်။ မန္တလေးဘက်မှာဆို စစ်ကိုင်းတံတားနားမှာ ဝင်တဲ့သူတွေကို စစ်တပ်က တားဆီးတာတို့၊ ဆွဲတာတို့ လုပ်နေတယ်။ အဲ့အတွက်တော့ ပိုသတိထားနေရတယ်” ဟု ပြောသည်။
တိုက်ပွဲ ၂ ပတ်ကျော် ကြာလာချိန်၌ ဗန်းမော်စစ်ရှောင်ပြည်သူများသည် ဗန်းမော်မြို့အနောက်ဘက် ဧရာ၀တီမြစ် တဖက်ကမ်းသို့ကူးပြီး ရွှေကူ၊ ကသာ၊ မန္တလေးဘက် ဆင်းကြသူများနှင့် မြစ်ကြီးနားဘက်တက်သွားသူလည်း အများအပြားရှိသည်ဟု ဆိုသည်။
အလားတူ မိုင်းခေါင်၊ ဟန်ထက်နှင့် အင်ဘာပါ၊ ဒိန်ဆင်းပါ၊ မိုင်ဂျာယန်- စသည့် ဒေသများဘက်ကိုလည်း အမြောက်အများ တိမ်းရှောင်သွားကြပြီး ဖုန်းလိုင်းအခက်ခဲကြောင့် မိသားစုအချင်းချင်း အချိတ်အဆက် ပြတ်တောက်နေသူများလည်း ရှိနေသည်ဟု မြစ်ကြီးနားကို စစ်ရှောင်ပြေးလာသူ ဗန်းမော်မြို့ခံအမျိုးသမီးက ယခုလိုပြောသည်။
“ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ သူများအိမ်တွေမှာ အကုန်လူပြည့်သွားတယ်လေ။ ထွက်ပြေးလာပါတယ်ဆို ခရီးစရိတ်က တော်တော်စျေးကြီးတာ။ မြစ်ကြီးနားရောက်ဖို့ တစ်ယောက်ကို ၃ သိန်း ပေးပြီးရောက်လာတာ။ ကျမတို့ရပ်ကွက်က တချို့သက်ကြီးရွယ်အိုတွေ၊ လေဖြတ်တာတွေက မထွက်လာနိုင်ဘူး။ ဒီလိုပဲနေတော့မယ် ဆိုပြီး တချို့ကတော့ ထွက်မလာနိုင်ဘဲ ရှိနေသေးတာဟုတ်တယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ကစ၍ ဗန်းမော်မြို့နှင့် မံစီမြို့တဝိုက်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) နှင့် KPDF တပ်ပေါင်းစုတို့က တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
ယခုလို ရုတ်တရက်တိုက်ပွဲပြင်းထန်လာတာကြောင့် ဒေသခံပြည်သူများက ကြိုတင်ပြင်ဆင်နိုင်ခြင်းမရှိကြဘဲ ဦးတည်ရာမရ တကွဲတပြားထွက်ပြေးခဲ့ကြရသည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။
တဖက်တွင်လည်း ဗန်းမော်မြို့တွင် ပြီးခဲ့သည့် မတ်လအတွင်းက စတင်ခဲ့သော KIA ပူးပေါင်းတပ်၏ စစ်ဆင်ရေးတို့ကြောင့် အနီးနားရှိ မိုးမောက်၊ မံစီစသည့် ဒေသအသီးသီးက ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်များစွာ ခိုလှုံနေကြသောမြို့လည်း ဖြစ်သည်။
ယခုအခါ ဗန်းမော်မြို့အတွင်း တိုက်ပွဲများပြင်းထန်လာတာကြောင့် ဒေသခံများနှင့်အတူ မြို့တွင်းခိုလှုံနေကြသည့် စစ်ဘေးရှောင်များပါ ထပ်မံထွက်ပြေးတိမ်းရှောင်နေရပြီး ကူညီမည့်သူမရှိသလို လမ်းခရီး၌လည်း ခရီးစရိတ် အဆမတန်ကုန်ကျ၍ အခက်အခဲမျိုးစုံ ကြုံရသည်ဟု စစ်ရှောင်များက ပြောသည်။
တိုက်ပွဲကြောင့် ဗန်းမော်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေရသူ အရပ်သား ၅၀၀၀၀ (ငါးသောင်း) ဝန်းကျင်ရှိနေပြီး အခက်အခဲအမျိုးမျိုးကြောင့် သက်ကြီးရွယ်အိုများအပါအဝင် မထွက်ပြေးနိုင်ဘဲ မြို့တွင်း၌ ကျန်ရှိနေသူတချို့ လည်း ရှိနေကြောင်း စစ်ရှောင်ကူသူများက ပြောသည်။
“အရင်တုန်းက မံစီ၊ မိုးမောက်တွေဘက်က စစ်ရှောင်ခဲ့ကြတဲ့ ပြည်သူတွေကိုတော့ ကျတော်တို့ဗန်းမော်မြို့ခံ အနေနဲ့ စစ်ရှောင်မိသားစုတွေကို ဆန်၊ ဆီ၊ စားစရာတွေကို ပံ့ပိုးပေးတယ်။ ကျနော်တို့ တကယ်တမ်း ထွက်ပြေး လာတော့ ကျနော်တို့မှာ ကူညီမယ့်သူ ဘယ်သူမှမရှိဘူး။ အခုလိုမျိုး မန္တလေးမြို့လိုမျိုးမှာ ရောက်ရင်လည်း ဘာသိဘာသာပဲ နေနေကြတယ်လေ။ ထောက်ပံ့မှုလည်းမတွေ့ဘူး ကူညီတာတွေလည်း ဘာမှမရှိဘူး အဲလိုမျိုးတော့ရှိတယ်” ဟု မန္တလေးသို့ တိမ်းရှောင်လာသူ ဗန်းမော်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
တဖက်တွင်လည်း တိုက်ပွဲကြောင့် ဗန်းမော်မြို့ခံအားလုံးနီးပါး ထွက်ပြေးနေရချိန် နေအိမ်၊ ဖုန်းဆိုင်၊ ကုန်စုံဆိုင်ခန်း တချို့ ဖောက်ထွင်းခံနေရပြီး ပစ္စည်းများကို ခိုးထုတ်သယ်ယူသူတွေလည်း ရှိသည်ဟု ဗန်းမော်ဒေသခံတို့က ပြောဆိုသည်။
ဗန်းမော်တိုက်ပွဲ နှစ်ပတ်ကျော်အတွင်း တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှု ၂၀၀ ဝန်းကျင် ရှိလာသလို ဗန်းမော်စစ်ဘေးရှောင်ပြည်သူများ လျစ်လျူရှုထားခံနေရသည်ကို ကချင်အရပ်ဖက်အဖွဲ့အစည်း CSOs တချို့လည်း စာထုတ်ပြန် ထောက်ပြထားသည်။
ကချင်အရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူက “အခု ဗန်းမော်စစ်ရှောင်တွေကို UN၊ CSOs၊ NGO တွေ International Community တွေလည်း လစ်လျူရှု ပစ်ထားသလို ဖြစ်နေတယ်” ဟု ပြောသည်။
လက်ရှိ၌ ဗန်းမော်စစ်ရှောင်ပြည်သူများ၏ အချက်လက်အသေးစိတ် ကောက်ယူရရှိရန်လည်း ဖုန်းလိုင်း အဆက်အသွယ် ချိတ်ဆက်မှု အခက်အခဲအမျိုးမျိုးကြောင့် ရယူရန် ခက်ခဲနေကြောင်းလည်း သိရသည်။
တဖက်တွင်လည်း ဗန်းမော်စစ်ရှောင်များ လာရောက်ခိုလှုံနေသည့် ဒေသရှိပြည်သူများအနေနှင့်လည်း စစ်ရှောင်များကို ဥပက္ခာပြုမထားဘဲ နွေးထွေးစွာကူညီပေးကြရန် အမျိုးသမီးအဖွဲ့အစည်းများက တောင်းဆိုနေကြသည်။
ဒေါ်နန်ပူက “အမှန်တကယ် ခက်ခဲပြီး ရောက်လာတဲ့စစ်ရှောင်တွေကို ကောင်းမွန်စွာ ကူညီကြရအောင်။ ဗန်းမော် ကနေ တိမ်းရှောင်လာသူတွေလည်း ကိုယ့်ကိုလုံခြုံမှု ပေးနိုင်တဲ့သူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ ကြိုးစားရပါမယ်။ မန္တလေးဘက်ရောက်လာရင်လည်း မန္တလေးဘက်ကသူတွေက နွေးထွေးစွာ ကူညီပေးကြရအောင်။ ကိုယ့်အရပ် ဒေသဆီ ရောက်လာတဲ့စစ်ရှောင်တွေကို ဥက္ခာပြုထားတာတွေမလုပ်ဘဲ နွေးထွေးစွာကူညီကြရအောင်လို့ ပြောချင်တယ်” ဟု အသိပေးပြောဆိုပါသည်။
ဗန်းမော်မြို့တွင် ဒီဇင်ဘာ ၁၆ ရက်နေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနှင့် အပြင်းအထန်ခုခံနေတာကြောင့် မြို့တွင်း၌ အလောင်းမကောက်နိုင်ဘဲ ထိခိုက်သေဆုံးသူ များသည်ဟု ဗန်းမော်မြို့တွင်းကနေ ထွက်လာသူများက ပြောဆိုကြသည်။
ဗန်းမော်မြို့နယ်တွင် ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၄၁ စု၊ ကျေးရွာပေါင်း ၇၁ ရွာ ဖွဲ့စည်းတည်ရှိပြီး လူဦး ၁၁၀၀၀၀ (တစ်သိန်းတစ်သောင်း) ခန့် နေထိုင်ကြကြောင်းလည်း သိရသည်။
KNG ပေးပို့သည်။