မဏိပူရ်ရောက် မြန်မာစစ်ဘေးရှောင်များအား လာမည့် ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်ပြန်ပို့မည်

0
214
ပုံစာ - မြန်မာစစ်ဘေးရှောင်များ

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် ဝင်ရောက်စစ်ဘေးရှောင်နေသည့် မြန်မာစစ်ရှောင်များကို အိန္ဒိယအစိုးရက လာမည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အပြီးသတ်ပြန်ပို့သွားမည်ဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများ၏ ပြောဆိုမှုအရ သိရသည်။

“ဒါအလွန်ဝမ်းနည်းစရာကောင်းတဲ့ အစိုးရဆုံးဖြတ်ချက်ပါပဲ။ ဒုက္ခသည်တွေကို စစ်ကောင်စီလက်ထဲအပ်လိုက်မယ် လို့ ခံစားမိတယ်။ မတ်လ ၂၀၂၅ နောက်ဆုံးထားပြီး အစိုးရရဲ့စီမံချက်အတိုင်း အားလုံးပြန်ရမယ်။ မိသားစုမရှိတဲ့ သူတွေအားလုံးကတော့ အဲ့ကာလမတိုင်ခင် ချက်ခြင်းပြန်ရမယ့်သဘော၊ မိသားစုရှိတဲ့သူကတော့ မတ်လအထိ နေလို့ရမယ်။ အဲ့ဒီနောက်ပိုင်း ပြန်ရမယ်” ဟု မဏိပူရ်ပြည်နယ်အတွင်းရှိ ရှမ်းအရပ်ဘက်အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်က ပြောသည်။

အိန္ဒိယအစိုးရ၏ ယခုလိုဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အစီအစဉ်အသေးစိတ်ကို မသိရှိရသေးသော်လည်း မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာစစ်ဘေးရှောင်များကို နေရပ်ပြန်ပို့ရေး အမြဲပြောဆိုနေသလို လုပ်ဆောင်မှုများလည်း ရှိနေသည်။

မဏိပူရ်ပြည်နယ်အတွင်း ကူကီးနှင့် ကသည်းလူမျိုးစုတို့ကြား လူမျိုးရေးဆိုင်ရာပဋိပက္ခများ မငြိမ်းသတ်သေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲ အခြေအနေတို့ကြောင့် စစ်ဘေးရှောင်များကို နေရပ်ပြန်ရေး ဗဟိုအစိုးရကလည်း အလျင်စလို ပြုလုပ်တာဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

“မဏိပူရ်အစိုးရက ဗဟိုအစိုးရရဲ့စကားကို နားထောင်ရမယ့်သဘောလို့ ကျွန်တော်ထင်မြင်မိတယ်။ ပြည်နယ် အစိုးရဆီမှာ မဏိပူရ်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ကသည်းနဲ့ ကူကီးတွေကြားက ပဋိပက္ခတွေကို ချုပ်ငြိမ်း နိုင်အောင်လုပ်ဖို့ သူတို့ဆီမှာ အာဏာရှိမနေဘူး။ ဒီအခြေအနေတွေက စစ်ဘေးရှောင်လာတဲ့ မြန်မာတွေကို ပြန်ပို့ဖို့တွန်းအားပေးတဲ့ အခြေအနေတွေနဲ့ ဆက်စပ်နိုင်တယ်” လို့ ၎င်းက ပြောဆိုသည်။

မြန်မာ – အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် မေလအထိ တရားမဝင် ဝင်ရောက်နေထိုင်သူ ၅ ထောင်ကျော်ရှိခဲ့ပြီး နေရပ်ပြန်ပို့ရေး လုပ်ဆောင်နေကြောင်း မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် N Biren Singh က ပြီးခဲ့သည့် မေလ ၈ ရက်နေ့တွင် ပြောဆိုထားသည်။

မဏိပူရ်ပြည်နယ် ၊ အင်ဖာအကျဥ်ထောင်မှာ အကျဥ်းကျခံနေရတဲ့ မြန်မာနိုင်ငံသားတချို့ကို ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင် မြန်မာ – အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မိုးရေး – တမူး အင်ဒို – မြန်မာနယ်စပ်ဂိတ်ကနေ အိန္ဒိယက လွှဲပြောင်းပေးခဲ့သည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်းကို တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်သူ ၅ ထောင်ကျော်ရှိနေပြီး ယင်းတို့ထဲတွင် ရှမ်းနီစစ်ဘေးရှောင် သုံးထောင်နီးပါးရှိနေကြောင်း သိရသည်။

တမူးမြို့နယ်အတွင်း သနန်ကျေးရွာ၊ စိုးသာယာ၊ အောင်ဇေယျကျေးရွာအတွင်း နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသားများသည် စစ်ကောင်စီတပ်နှင့် ကူးကီး၊ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့၏ တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံဘက်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက ထွက်ပြေးခိုလှုံခဲ့ကြခြင်းဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here