မွန်ပြည်နယ်ရှိ လူမှုကယ်ဆယ်ရေးလုပ်ဆောင်သူများ လုံခြုံရေးကြောင့် လုပ်ငန်းဆောင်ရွက်သူနည်းလာ

0
231

မွန်ပြည်နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတို့ကို စစ်ကောင်စီက နိုင်ငံရေးနှင့် ပတ်သတ်ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးထောင်ချမှု ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်သူ နည်းပါးလာကြောင်း သိရသည်။

ပုံမှန်အားဖြင့် လူမှုကူညီရေးအသင်းတစ်သင်းတွင် အသင်းသား ၂၀ နီးပါးထိ ရှိသော်လည်း လုံခြုံရေးအခြေအနေ အရပ်ရပ်ကြောင့် ပါဝင်ဆောင်ရွက်သည့် အသင်းသားဦးရေ နည်းလာပြီး လက်ရှိတွင် အသင်းဝင် ဆယ်ဂဏန်းပင်မပြည့်တော့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ ပြောဆိုချက်အရ သိရသည်။

ထိုအခြေအနေကြောင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ လည်ပတ်ရုံမျှသာ လုပ်ဆောင်နေရသည်ဟု ကျိုက်ထိုမှ လူမှုကူညီရေးသမားတစ်ဦးက ဆိုသည်။

“ဖမ်းဆီးခံလိုက်ရတဲ့သူတွေကြောင့် ပရဟိတလူငယ်တွေက သူတို့ကြောက်ပြီးတော့ မဝင်တော့တာလည်း ရှိတယ်။ အသင်းတစ်ခုလုံး နားလိုက်တာ မဟုတ်ဘူး။ လူအနေနဲ့ ကြောက်လို့ဆိုပြီး ခေတ္တခဏ အနားယူလိုက်တယ်ပေါ့။ လုပ်တဲ့သူတွေက ဆက်လုပ်နေတယ်။ နားတဲ့သူတွေက နားလိုက်ပြီပေါ့” ဟု ၎င်းက ပြောသည်။

အသင်းအဖွဲ့အတွင်း ပါဝင်လှုပ်ရှားသည့် လူအရေအတွက်နည်းလာသည်နှင့်အမျှ ကူညီကယ်ဆယ်ရေးလုပ်ငန်းလည်း နှောင့်နှေးကြန့်ကြာလာသည်ဟု ဆိုသည်။

လက်ရှိအချိန်ထိ မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် လူမှုကူညီရေးအဖွဲ့ဝင် အယောက် ၂၀ ဦးခန့်ရှိနေပြီး ၈ ဦးခန့်သည် နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နီးစပ်သူတို့ထံမှ သိရသည်။

လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများသည် စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုထားသည့် စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ငန်းဆောင်ရွက်နေရပြီး စိန်ခေါ်မှုများစွာ ရှိနေသည်ဟုလည်း ရေးမြို့မှ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်ကောင်စီက ဥပဒေချထားတာတော့ မရှိပါဘူး။ ဒါမဲ့ အစည်းအဝေးတက်ရင် တော်လှန်ရေးအဖွဲ့တွေနဲ့ မပတ်သက်နဲ့ မထောက်ပံ့နဲ့ အဲ့လိုတွေပေါ့။ ကိုယ်တွေက မပတ်သက်လို့လည်း မရဘူး။ ကရင်ရွာတွေကြား သွားလာနေရတော့ ဟိုဘက်အဖွဲ့ (တော်လှန်ရေးအဖွဲ့) ဘက်က ခဏနေ ကားပေါ်ပြေးတက်တာနဲ့။ ကားလိုက်စီးတာနဲ့ သွားတဲ့ချိန်မှာ လမ်းတွေကြားမှာ ခဏခဏကြုံနေရတယ်လေ။ သူတို့နှစ်ဖက်ကြားမှာ ကိုယ်ကပဲ စိတ်ပင်ပန်းနေရတယ်” ဟု အဆိုပါလူမှုကူညီရေးအဖွဲ့ဝင်က ပြောသည်။

လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များအနေဖြင့် ညအချိန် အရေးပေါ်လူနာ ပို့ရမည်ဆိုပါက စစ်ကောင်စီ တာဝန်ရှိသူတို့ထံ သတင်းပေးရသည့်အပြင် တော်လှန်ရေးအဖွဲ့ရှိရာနေရာကို သွားရာက်ကူညီကယ်ဆယ်ခြင်းမပြုရန် ပြောဆိုထားသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ကပင် သံဖြူဇရပ်မြို့၊ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဌအပါအဝင် အသင်းသား ၃ ဦးကို PDF ကို ထောက်ပံ့သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုထားသေးသည်။

ဇွန်လအတွင်းကလည်း ကျိုက်ထိုမြို့အခြေစိုက် “ကော့စနိုင်“ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ဦးမြင်အောင်၊ သမီးဖြစ်သူ မချောစုရတနာနှင့် အဖွဲ့ဝင် ၂ ဦးတို့ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။

အလားတူ လမိုင်းမြို့အခြေစိုက် လမိုင်းလူငယ် ပရဟိအဖွဲ့ ဥက္ကဌအပါအဝင် အဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည့်အပြင် သံဖြူဇရပ်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်းက လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တို့ကို စစ်ကောင်စီက မကြာခဏ ဖမ်းဆီးစစ်ဆေးလေ့ ရှိသည်။

ယင်းအခြေအနေများကြောင့် လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့အချို့ လုပ်ငန်းရပ်ဆိုင်းလာရခြင်း၊ အသင်းသားနည်းပါးလာခြင်းကြောင့် ကူညီကယ်ဆယ်ရေးအပိုင်းတွင် ကောင်းမွန်စွာ မလုပ်ကိုင်နိုင်သည့်အတွက် အသက်မဆုံးရှုံးသင့်ပဲ အသက်ဆုံးရှုံးခဲ့ရသည့် လူနာလည်းရှိလာသည်ဟု လူမှုကူညီကယ်ဆယ်လုပ်ကိုင်နေသူတို့က ပြောဆိုသည်။

စစ်ကောင်စီ၏ မွန်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီးဌာန ဦးစောကြည်နိုင်က ပြည်နယ်အတွင်း လူမှုကူညီရေး အသင်းဝင်များ ဖမ်းဆီးခံရသည့်အကြောင်း မကြားမိသလို တားဆီးပိတ်ပင်မှုလည်း မရှိကြောင်း RFA သတင်းဌာနကို ပြောဆိုထားသည်ကို တွေ့ရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here