1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“သူတို့ (စစ်အုပ်စု) က စားစရာလိုချင်တာမျိုး၊ သူတို့ တခုခုလိုအပ်တာမျိုးဆို အပြင်ကိုထွက်ဖို့ ဖမ်းထားတဲ့သူတွေထဲက လူရွေးခေါ်ထုတ်သွားတယ်။ ………………ပစ္စည်းလည်း ယူခိုင်းတယ်၊ သူတို့အပြင်ထွက်ရင်...

“သူတို့ (စစ်အုပ်စု) က စားစရာလိုချင်တာမျိုး၊ သူတို့ တခုခုလိုအပ်တာမျိုးဆို အပြင်ကိုထွက်ဖို့ ဖမ်းထားတဲ့သူတွေထဲက လူရွေးခေါ်ထုတ်သွားတယ်။ ………………ပစ္စည်းလည်း ယူခိုင်းတယ်၊ သူတို့အပြင်ထွက်ရင် ဒိုင်းအဖြစ်လည်း သုံးသွားတာပေါ့။ ဒီဘက်က ကာကွယ်ရေးတပ်တွေ လာမပစ်အောင်လို့” အင်းတော်မြို့ ဒေသခံတစ်ဦး

အင်းတော်မြို့တွင် ဒေသခံအရပ်သား ၁၀၀၀ ခန့်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အခြေအနေနှင့်ပတ်သက်ပြီး အင်းတော်မြို့ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက သြဂုတ်လ ၁၆ ရက်နေ့မှ စတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေသည်။

တိုက်ပွဲအတွင်း ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ဒေသခံအရပ်သား ၁၀၀၀ ခန့်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း အင်းတော်ဒေသခံများက ပြောသည်။

အင်းတော်ဒေသခံများ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပုံ၊ ဖမ်းဆီးခံထားရသူများ၏ လက်ရှိအခြေအနေများကို ဖမ်းဆီးခံရသူတို့နှင့် နီးစပ်သည့် အင်းတော်မြို့ဒေသခံအမျိုးသားတစ်ဦးကို (လုံခြုံရေးအရ အမည်မဖော်လိုသူ) ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အင်းတော်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ဒေသခံတွေနဲ့ပတ်သက်ပြီး သိရသ‌လောက် ပြောပြပေးပါဦး။

ဖြေ။ ။ မြို့သိမ်းတိုက်ပွဲက ၁၆ (သြဂုတ်လ) ရက်နေ့က စတယ်။ အဲ့ဒီမှာ ပြည်သူတွေက စစ်ဘေးရှောင်၊ တိုက်ပွဲ ရှောင်တဲ့အနေနဲ့ မြို့မဘုန်းကြီးကျောင်းမှာ သွားနေကြတယ်။ တိုက်ပွဲဖြစ်တော့ စစ်အုပ်စုက အဲ့ဒီဘုန်းကြီးကျောင်း ဘက်မှာ တပ်စွဲတော့ ဖမ်းခံလိုက်ကြရတာ။ မပြန်ခိုင်းဘူး အပြင်ထွက်ခွင့်မပေးဘူး။ ဘုန်းကြီး၊ ကိုရင်၊ ကလေး၊ ကျောင်းသား၊ သက်ကြီးပိုင်းတွေရောဆို အားလုံးပေါင်းက တစ်ထောင်နီးပါးလောက်ကို ရှိတယ်။ အားလုံးကို ဒိုင်းကာအဖြစ်သုံးဖို့ စစ်တပ်က ဖမ်းထားတာပေါ့။

မေး။ ။ လက်ရှိမှာ အဲ့ဒီဖမ်းခံလိုက်ရတဲ့သူတွေရဲ့ အခြေအနေဘယ်လိုရှိပါလဲ။

ဖြေ။ ။ ထမင်းက တစ်ရက်လုံးမှ တနပ်ပဲစားရတယ်တဲ့။ တချို့ဆို အသိုးတွေ မကောင်းတော့တာတွေပါတယ်၊ ကျောင်းထိုင်ဘုန်းကြီးတောင် ဆန်ပြုတ်ပဲဘုန်းပေးရတယ်လို့ ကြားရတယ်။ နောက် တိုက်ပွဲကြောင့် ဒဏ်ရာရသူ တွေလည်း ရှိထားတယ်။ တချို့ဆို ခြေထောက်တွေ ဖွာထွက်နေတာမျိုး၊ လက်တွေထိထားတာမျိုးတွေ ရှိတယ်။ ရှိပေမယ့် ဟိုကောင် (စစ်အုပ်စု) တွေက အပြင်ထွက်ခွင့်မပေး‌တော့ ဒဏ်ရာတွေက ပိုဆိုးလာတာမျိုးတွေ ရှိတယ်။

အဲ့ဒီဒဏ်ရာရတဲ့ထဲက လူငယ်နှစ်ယောက်သေသွားတယ်။ မိန်းကလေးတစ်ယောက်၊ ယောက်ျားလေးတစ်ယောက်၊ ကောင်လေးက အသက်၂၀ လောက်ပဲ ရှိသေးတယ်။ ကောင်မလေးကလည်း နှစ်ဆယ်ကျော်ပေါ့။ သူတို့ကို ကျောင်းထဲမှာပဲ မြုပ်လိုက်ရတယ်ပေါ့နော်။ နောက်ပြီးဖမ်းခံထားရတာ ရက်နှစ်ဆယ်ကျော် တစ်လလောက် ရှိလာ ပြီဆိုတော့ စားစရာမရှိတော့ဘူး။ ပြတ်လာပြီ။ ထွက်ပြေးလို့လည်း မရဘူး။ ထွက်ပြေးရင် ပစ်သတ်မယ်၊ ကျန်ခဲ့တဲ့ သူတွေကိုလည်း သတ်ပစ်မယ်ဆိုတာမျိုး ခြိမ်းခြောက်ထားတော့ ဘယ်သူမှမပြေးရဲကြဘူး။

မေး။ ။ ဖမ်းခံထားရတဲ့ဒေသခံတွေကို အပြင်ခေါ်ထုတ်တာမျိုး ရှိတယ်ဆိုတာရော ဟုတ်ပါလား။

ဖြေ။ ။ သူတို့ (စစ်အုပ်စု) က စားစရာလိုချင်တာမျိုး၊ သူတို့ တခုခုလိုအပ်တာမျိုးဆို အပြင်ကိုထွက်ဖို့ ဖမ်းထားတဲ့သူတွေထဲက လူရွေးခေါ်ထုတ်သွားတယ်။ ပြီးရင် အိမ်တွေထဲကိုဝင်ခိုင်းပြီး ပစ္စည်းတွေယူခိုင်း၊ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် ယူခိုင်းတာမျိုးတွေ လုပ်တယ်။ ပစ္စည်းလည်း ယူခိုင်းတယ်၊ သူတို့အပြင်ထွက်ရင် ဒိုင်းအဖြစ်လည်း သုံးသွားတာပေါ့။ ဒီဘက်က ကာကွယ်ရေးတပ်တွေ လာမပစ်အောင်လို့။

မေး။ ။ တိုက်ပွဲအတွင်း အိမ်တွေလည်း မီးရှိ့ခံရတဲ့အခြေအနေကိုပါ ပြောပြပေးပါဦး။

ဖြေ။ ။ ဒီလ (စက်တင်ဘာ) ၉ ရက်ကတည်းက စစ်အုပ်စုဘက်ကနေ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်တာရှိတယ်။ နောက်ပြီး အိမ်တွေကို မီးရှို့တာတွေရှိတယ်။ မီးရှို့တာတွေကြောင့် အောင်‌မေတ္တာရပ်ကွက်သစ်၊ အောင်ဇေယျ၊ အောင်ချမ်းသာ၊ အောင်မေတ္တာ၊ အောင်မင်္ဂလာ၊ ယာဥ်နားတန်း၊ ဝင်ဒါမီယာ၊ ကြာအင်းရွာ အဲ့ဒီ ရွာတွေက အိမ်စုစုပေါင်း တစ်ရာနီးပါး‌လောက် မီးလောင်ပျက်စီးခဲ့တာရှိတယ်။

ပုံစာ – အင်းတော်တိုက်ပွဲအတွင်း မီးရှို့ဖျက်ဆီးခဲ့သည့်အဆောက်အအုံတချို့ကို ယခုနှစ်ဩဂုတ်လ ၂၀ ရက်က တွေ့ရစဉ်။ (Photo – CJ)

မေး။ ။ လက်ရှိမှာ တိုက်ပွဲအခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ တိုက်ပွဲကတော့ စစ်အုပ်စုဘက်ကရော ကာကွယ်ရေးတပ်ဘက်ကရော အခုချိန် ဖြစ်တာမရှိသေးဘူး။ လတ်တလော ခဏငြိမ်ပြီး နှစ်ဘက်စောင့်ကြည့်အနေအထား ဖြစ်နေတယ်။ လေကြောင်းရန်ကတော့ ကြောက်နေ ရတုန်းပေါ့။ ဒါပေမယ့် လူတွေတော့ ဖမ်းထားတုန်းပဲ။

ရှမ်းနီအသံ ပေးပို့သည်။