အပျက်အစီးများခဲ့သည့် ရမ်းဗြဲမြို့ ပြန်လည်တည်ဆောက်ရေးအခြေအနေများကို ရမ်းဗြဲမြို့ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ရမ်းဗြဲဒေသခံလည်းဖြစ်သူဦးထွန်းထွန်းဦးနှင့် ဆက်သွယ်မေးမြန်းချက်။
ရခိုင်ပြည်တွင် အရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်အကြား ပြင်းထန်လှသည့် တိုက်ပွဲကြီးများအတွင်း ရမ္မာဝတီ ခေါ် ရမ်းဗြဲမြို့ကို ယခု ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့က အရက္ခတပ်တော် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ လက်ရှိတွင်လည်း ULA/ AA က ရမ်းဗြဲမြို့ ပြန်လည်တည်ထောင်ရေးနှင့် အုပ်ချုပ်ရေး ယန္တယားများကို အကောင်အထည်ဖော်ရန် ကြိုးစားနေသည်။
ရခိုင်ပြည်တောင်ပိုင်း စစ်ရေး၊ နိုင်ငံရေး အပါအဝင် လက်ရှိအခြေအနေများ၊ ရမ်းဗြဲမြို့နယ်အတွင်း ULA/ AA ၏ ရမ်းဗြဲမြို့နယ် ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်ရေးယန္တယားများ ဆောင်ရွက်နေသည့် အကြောင်းအရာများကို ရမ်းဗြဲဒေသခံလည်းဖြစ်၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးကို မေးမြန်းထားပါသည်။
မေး။ ။ ရမ်းဗြဲမြို့နယ်ရဲ့ လက်ရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေကို သိပါရစေ။
ဖြေ။ ။ အခု ရမ်းဗြဲမြို့ရဲ့အခြေအနေက စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ပြီးတော့ ULA/ AA က လုံးဝ အုပ်ချုပ်ရေးယန္တယားတွေ လည်ပတ်နေတဲ့မြို့လို့ ပြောလိုပါတယ်။ ကျေးရွာအုပ်ချုပ်ရေး၊ တိုက်နယ်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေးတွေကို ပီပီပြင်ပြင်ဖော်ဆောင်ပြီးတော့ ဥပဒေပြုရေး၊ နောက်ပြီး မီးသတ်ဌာနတို့ မြို့ပေါ်မှာဆို စည်ပင်ဌာနတို့ကိုလည်း ဖွဲ့စည်းပြီးတော့ မြို့ကို ပုံမှန်ဖြစ်အောင်ကြိုးစားနေတယ်လို့ သုံးသပ်လိုပါတယ်။
မေး ။ ။ ရမ်းဗြဲမြို့တိုက်ပွဲနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ သူတို့ (စစ်ကောင်စီ) က မြို့ကို အငြိုးတကြီးနဲ့ ဖျက်ဆီးတဲ့ သဘောတွေရှိတယ်။ မြို့ကို ဖျက်ဆီးတယ်ဆိုတာ ရေတပ်၊ လေတပ်တွေ သုံးခဲ့တယ်။ အဲတော့ အဓိက ရမ်းဗြဲမြို့ရဲ့သာသနိက အဆောက်အအုံတွေဖြစ်တဲ့ မြို့လယ်ခေါင်ထဲက ဓမ္မာရုံကြီးလည်း ၅၀ ရာခိုင်နှုန်း ပျက်စီးသွားတယ်။ ပြီးတော့ သမိုင်းဝင်တောင်ကျောင်း၊ မြောက်ကျောင်း ပျက်စီးသွားတယ်။ တောင်ကျောင်းက အကုန်လုံး ရာခိုင်နှုန်းအပြည့် ပျက်စီးသွားတယ်။ မြောက်ကျောင်းက ၇၅ ရာခိုင်နှုန်း ပျက်စီးသွားတယ်။
ပြီးရင် စာသင်ကျောင်းနှစ်ကျောင်း၊ အ.ထ.က ပလုပ်တောင်နဲ့ ရွှေတုံးမူလတန်းကျောင်း အကုန်လုံးနီးပါး ပျက်စီးသွားတယ်။ ရမ်းဗြဲပြည်သူ့ဆေးရုံကြီး လုံးဝ ၁၀၀ ရာခိုင်နှုန်း ပျက်စီးသွားတယ်။ အဲ့ဒါအပြင် လူနေအိမ်ပေါင်း ၄၀၀ ကျော် မီးလောင်ပြာကျသွားတယ်။ အဲဒါ မီးလောင်ပြာကျသွားတဲ့ အိမ်ခြေတွေ အရေအတွက်လို့ သိရတယ်။ တခြား ၇၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း ပျက်စီးသွားတဲ့ စာရင်းတွေကိုတော့ ကျနော်တို့ အတိအကျ မပြောနိုင်သေးဘူး။
မေး။ ။ ရမ်းဗြဲက စစ်ဘေးရှောင်တွေရဲ့အခြအနေရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ မြင်သလောက်တော့ အကုန်လုံးနီးပါးကို ကယ်ဆယ်ရေးစခန်းဖွင့်ပြီးတော့ ကူညီစောင့်ရှောက်ပြီးတော့ စားနပ်ရိက္ခာတွေ ထောက်ပံ့နေတာတွေ ရှိတယ်။ အဲလို အခက်အခဲတွေကို HDCO နဲ့ အခြား အလှူရှင်တွေနဲ့ ပေါင်းပြီးတော့ အုန်း(ဓနိ) တွေ၊ ဝါးတွေ လှူတန်းထားတာကြောင့် တချို့တွေက ကိုယ့်နေအိမ်ကို တည်ဆောက် ပြုပြင်ပြီးနေတဲ့လူတွေ ရှိတယ်။
အဲတော့ စစ်ဘေးရှောင်စခန်းမှာက လူတွေတဖြည်းဖြည်းနဲ့တော့ လျော့ကျလာ တယ်။ ဆေးဝါးအနေနဲ့ပြောရရင်လည်း အတတ်နိုင်ဆုံးတော့ စေတနာ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးပေးခန်းတွေ ဖွင့်ထားတာရှိတယ်။ ပြီးရင် အရပ်ဘက် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီကလည်း ရန်ပုံငွေနဲ့ ဆေးဝါးတွေရှာပြီးတော့ အတတ်နိုင်ဆုံး ကုသပေးနေတာတွေရှိတယ်။
မေး။ ။ ရမ်းဗြဲမြို့နယ်မှာ ULA ရဲ့ အုပ်ချုပ်ရေးယန္တယား လည်ပတ်နေပြီလား။ ဘယ်လိုတွေရှိလဲ။
ဖြေ။ ။ စစ်ကောင်စီကို ရှင်းလင်းပြီးနောက်ပိုင်းမှာတော့ မြို့ပေါ်ကို ULA/ AA က ထိန်းချုပ်ထားတယ်။ တိုက်နယ်တွေ တော်တော်များများကိုတော့ နဂိုကတည်းက ထိန်းချုပ်ထားပြီးသားဖြစ်တယ်။ ဒီတော့ သူတို့တွေနဲ့ ပူးပေါင်းပြီးတော့ ရမ်းဗြဲမြို့က လူမှုအဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေနဲ့ မြို့ပြန်လည်တည်ထောင်ရေးကော်မတီလိုမျိုး ဖွဲ့စည်းထားတာရှိတယ်။ အုပ်ချုပ်ရေးယန္တယားကိုလည်း ULA AA က ရပ်ကွက်အလိုက် ဖွဲ့စည်းထားတာတွေ့ရ တယ်။ ဒါ့အပြင် စည်ပင်တို့ကိုလည်း ဖွဲ့စည်းပေးနိုင်တာကိုတွေ့ရတယ်။ နောက်ပြီး တခြားဌာနတွေဖြစ်တဲ့ မီးသတ်ကိုလည်း ULA က ဦးဆောင်ပြီးတော့ ပထမအကြိမ် မီးသတ်သင်တန်းဆင်းပွဲ ပြုလုပ်ထားတာကို တွေ့ရတယ်။
မေး။ ။ အခုရမ်းဗြဲမြို့ တည်ဆောက်ရေးကဏ္ဍတွေ အသားကျဖို့ အဓိက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ပုံမှန်လည်ပတ်ဖို့ဆိုတာက လုပ်ငန်းရှင်တွေ အလုပ်ပြန်လုပ်နိုင်ဖို့ အရေးကြီးတယ်။ ဒီတော့ ပုံမှန်လည်ပတ်ဖို့အတွက် အဓိကလိုအပ်ချက်က စက်သုံးဆီ အခက်အခဲရှိမယ်။ နောက် လျှပ်စစ်မီး လုံးဝ ဖြတ်တောက်နေတယ်။ ပြီးရင် ဆက်သွယ်ရေး လုံးဝအဆင်မပြေဘူး။ အင်တာနက် သုံးလို့မရဘူး။ အခု နောက်ပိုင်းမှ MPT ဖုန်းပြောလို့ နည်းနည်းပဲရတာ ရှိတယ်။ ဒီတော့ ပုံမှန်လည်ပတ်ဖို့အတွက် ဒီသုံးခုက အဓိက ကျမယ်လို့ ယူဆတယ်။
မေး။ ။ အာရက္ခပြည်သူ့အစိုးရရဲ့ စီမံအုပ်ချုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းစဉ်တွေမှာ အားနည်းချက်၊ အားသာချက်တွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ရဲအင်အားတွေ လျော့နည်းနေတဲ့အတွက် လုံခြုံရေးနဲ့ ကျေးရွာအေးချမ်းသာယာရေးအတွက် သိပ်အလုပ် မလုပ်နိုင်ဘူးလို့ ထင်တယ်။ သူတို့တွေလည်း ကြိုးစားပြီး လုပ်ကိုင်နေတာကိုတော့ တွေ့ရတယ်။ အဲတော့ ရမ်းဗြဲမြို့မှာ ဘာဖြစ်လဲဆိုတော့ လူမနေတဲ့ အိမ်တွေ၊ လူမရောက်သေးတဲ့အိမ်တွေ သူခိုးခိုးခံရတာတွေ ရှိတယ်။
အဲဒီအပေါ်မှာတော့ အခုနောက်ပိုင်း သူတို့တွေလည်း ကြိုးစားပြီး ကာကွယ်ရေး ရဲနဲ့ပူးပေါင်းပြီးတော့ ကင်းလှည့်တာတွေတော့ ရှိတယ်။ အရင်ကဆို သူခိုးခိုးခံရတာတွေရှိတယ်။ အခုလည်း နည်းနည်းပါးပါးတော့ ရှိသေးတယ်။ ရမ်းဗြဲမြို့မှာ အဓိကပြဿနာနဲ့ လူတွေ စိတ်ပျက်စေတာက သူခိုးခိုးခံရတဲ့ တစ်ခုကတော့ စိတ်ပျက်စရာ ဖြစ်နေတယ်။
မေး။ ။ ရမ်းဗြဲကျွန်းပေါ်က တရုတ်စီမံကိန်းရှိရာ ကျောက်ဖြူမြို့ရဲ့ စစ်ရေးအခြေအနေ ဘယ်လိုမြင်ရလဲ။
ဖြေ။ ။ ကျောက်ဖြူမြို့ရဲ့ အခြေအနေကတော့ နှစ်ဘက်စစ်ရေးတင်းမာနေတဲ့ သဘောတော့ရှိမယ်။ ULA/ AA က ကျေးလက်တွေ တော်တော်များများကို လွှမ်းမိုးနေပြီးတော့ စစ်ကောင်စီကတော့ ကျေးလက်တချို့နဲ့ မြို့ပေါ် ကိုပဲ လွှမ်းမိုးထားတယ်လို့ သုံးသပ်မိတယ်။ ကျနော်လည်း အသေးစိတ်တော့ မပြောနိုင်သေးဘူး။
မေး။ ။ ကျောက်ဖြူ၊ တောင်ကုတ်၊ ဂွမြို့နယ်တွေရဲ့ စစ်ရေးအခြေအနေကိုလည်း သိပါရစေ။
ဖြေ။ ။ ကျောက်ဖြူမြို့ကတော့ ခုနက သုံးသပ်ခဲ့သလိုပဲ ၇၀ ရာခိုင်နှုန်းလောက် မြေပြင်မှာ AA လွှမ်းမိုးထား နိုင်တယ်လို့ ခန့်မှန်းလို့ရတယ်။ တောင်ကုတ်လည်း အဲလိုရှိနေလိမ့်မယ်လို့ သုံးသပ်မိတယ်။ တိုက်ပွဲကတော့ ရံဖန်ရံခါဖြစ်တာ ကြားရတယ်။ သံတွဲ ပြင်းပြင်းထန်ထန် စစ်ပွဲဖြစ်နေတယ်။ သူတို့ (စစ်ကောင်စီ) ထိန်းချုပ်နိုင်တဲ့ နေရာတွေ အနည်းငယ်ပဲရှိတယ်။ အခု ကျိန္တလီကို ULA/ AA က ထိန်းချုပ်ပြီးဖြစ်တယ်လို့ သိရတယ်။ အခု ဂွကိုလည်း မကြာခင် ထိုးစစ်ဆင်မယ့်သဘော တွေ့နေရတယ်။
မေး။ ။ နောက်ဆုံး ဖြည့်စွက်ပြောချင်တာတွေရှိရင် သိပါရစေ။
ဖြေ။ ။ အဓိကတော့ ရခိုင်ပြည်တစ်ခုလုံးကို ULA/ AA က ထိန်းချုပ်ဖို့ ကြိုးစားနေတယ်။ အဲဒီမှာ ကျောက်ဖြူ၊ သံတွဲ၊ ဂွ တို့အထိ စစ်မြေပြင်ကျယ်လာတယ်။ ဒီတော့ လွတ်မြောက်နယ်မြေတွေ၊ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ သူတို့ (ULA) ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း နေပေးဖို့ ကျနော်က ရမ်းဗြဲမြို့ရဲ့သင်ခန်းစာတွေယူပြီးတော့ ပြောချင်ပါတယ်။ ဒါ့အပြင် မထိန်းချုပ်ရသေးတဲ့နေရာတွေ ဥပမာ – မြို့ပေါ်ရပ်ကွက်တွေအနေနဲ့လည်း ULA / AA ရဲ့ ညွှန်ကြားချက်အတိုင်းနေပေးဖို့ကိုလည်း ပြောကြားလိုပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရမ်းဗြဲမြို့နယ်မှာ ထိခိုက်မှုအနည်းဆုံး ဖြစ်ခဲ့တာဟာ ULA/ AA ရဲ့ ပြောစကား တွေ၊ စည်းကမ်းတွေအတိုင်း နေထိုင်ခဲ့တာကြောင့်ဖြစ်တယ်။ ဥပမာ- လူနေဖို့ ဗုံးခိုကျင်းတွေ၊ အခု မိုးရာသီဆိုတော့ ဗုံးခိုကျင်းမျိုး မလုပ်နိုင်ရင်တောင် ဘန်ကာသဘောမျိုးလေးတွေ လုပ်ပြီးတော့ ကိုယ့်မှာလိုအပ်တဲ့ ဆေးဝါး၊ အသေးသုံးဆေးဝါးတို့ လျှပ်စစ်ရရှိအောင် ကြိုတင်ပြင်ဆင်မှုတို့၊ ရေရှည်ထားလို့ရတဲ့ စားနပ်ရိက္ခာမျိုးတွေကို စုဆောင်းပြီးတော့ ဒီကာလကို ဖြတ်သန်းပေးဖို့ ပြည်သူတွေကို အသိပေးလိုပါတယ်။
မေး။ ။ အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အောင်ထိန် (DMG) ပေးပို့သည်။