မြိုင်မြို့နယ်ရှိ စစ်ကောင်စီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် တိုက်ခိုက်သိမ်းပိုက်

0
139
Photo - PDO/PDA

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကိုင်းတောမစခန်းနှင့် ရေစက်ကုန်းရဲကင်းကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း အဆိုပါ ထိုရဲကင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည့်အပြင် စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း People Democratic Army (PDO/PDA) ထံမှ သိရှိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၃ ရက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား ဖြစ်ပွားခဲ့သည့် အထက်ပါတိုက်ပွဲအတွင်း ရေစက်ကုန်းရဲကင်းကို သိမ်းပိုက်နိုင်သော်လည်း မိမိတို့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်ဟု PDO/PDA တပ်ဖွဲ့က ပြောဆိုခဲ့သည်။

“ကျနော်တို့ အဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ်ဖို့အတွက် မူဝါဒတွေလမ်းစဉ်တွေ ချမှတ်ပြီး လုပ်ဆောင်နေတာ ဖြစ်တယ်။ စစ်သုံးစစ် အမြစ်ပြတ်ဖို့ ရရာလက်နက်ကိုကိုင်စွဲပြီး လက်နက်ကိုင်တော်လှန်ရေး မှာ စစ်ကိုစစ်နဲ့တူအောင် တိုက်မယ်။ တိုက်ပွဲကို တိုက်ပွဲနဲ့တူအောင်တိုက်မယ်။ ရန်သူကို ရန်သူလိုပဲ ကျင့်ကြံမယ်။ လူထုအားဖြင့် တော်လှန်ရေးကို အနိုင်တိုက်သွားပါမယ်” ဟု PDO/PDA ရဲ့ သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း PDO/PDA မှ အသက် ၁၇ နှစ်အရွယ် ရဲဘော် မဟောက်နှင့် အသက် ၂၃ နှစ်အရွယ် အညာမြေ တပ်ပေါင်းစုက ရဲဘော် G-Shock တို့ ကျဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။

ရေစက်ကုန်းရဲကင်းစခန်းကို သိမ်းပိုက်ရရှိခဲ့သော်လည်း မိမိတို့ရဲဘော်နှစ်ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိသည့်အတွက် ကိုင်းတောမရဲစခန်း၏ စခန်းခြံစည်းရိုးအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ပြန်လည်ဆုတ်ခွာ ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)- (အမှတ်-၈၁၅ တပ်ဖွဲ့ အနောက်မြောက် စစ်ဒေသ)၊ ပခုက္ကူစုဖွဲ့မှု (Young Force. PPDF. Thu Rain. Hunter Pakokku. Earthquake)၊ အညာမြေ တပ်ပေါင်းစု၊ မြိုင်မြို့နယ် ပ.က.ဖနှင့် မြိုင်စုဖွဲ့မှုတပ်ရင်းတို့က ပူးတွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here