တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်၌ တပ်စွဲထားသော စစ်ကောင်စီသားအချင်းချင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများ ပြောဆိုမှုအရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက် ည ၁၁ နာရီခန့်က လောင်းလုံးမြို့မရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ထွေအုပ်ရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ၎င်းတို့က ပြောသည်။
ဒေသခံများပြောဆိုချက်အရ စစ်ကောင်စီတပ်သားအချင်းချင်း ဖြစ်ပွားခဲ့သော နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထိုဖြစ်စဉ်မှာ သြဂုတ် ၁ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သားများသည် မြို့ထဲက ဒေသခံနေအိမ်များကို ဧည့်စာရင်းအကြောင်းပြ၍ တစ်အိမ်တက်ဆင်း ဝင်ရောက်စစ်ဆေးရာမှ နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများဖြစ်သော ရွှေငွေနှင့် လက်ကိုင်ဖုန်းများကို သိမ်းယူသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယင်းနောက် ဩဂုတ် ၂ ရက်နေ့ ညပိုင်းက ထိုပစ္စည်းများကို ခွဲဝေယူရာမှ အချင်းအချင်းကြား ပြဿနာဖြစ်ပွားပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ထိုသို့ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်ကို စုံစမ်းသိရှိရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါသည်။
အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲစခန်းနှင့် ထွေအုပ်ရုံးထဲကို လူနာတင်ကားများ ဝင်ရောက်လာကြောင်းနှင့် ထိုဖြစ်စဉ်အတွင်း လောင်းလုံးမြို့နယ် ထွေအုပ်ရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများက လောင်းလုံးမြို့ အနီးဝန်းကျင်ကို လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်က လောင်းလုံးမြို့ရဲစခန်းတွင် စစ်ကောင်စီတပ်သားအချင်းအချင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်သားတစ်ဦး သေဆုံးခဲ့သေးသည်။
သံလွင်တိုင်းမ် ပေးပို့သည်။