စစ်ကိုင်းတိုင်း၊ စစ်ကိုင်း – ရွှေဘို ကားလမ်းပေါ် အုန်းတောကျေးရွာအနီးရှိ စစ်ကောင်စီ၏ တင့်ကားတပ်ရင်း ၆၀၀၅ ကို စစ်ကိုင်းမြို့နယ်အတွင်း အခြေပြုထားသည့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၂၆ ရက်နေ့က စစ်ကောင်စီ၏ တင့်ကားတပ်ရင်းကို Fix Wing Drone များဖြင့် ဗုံးသီး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ၌ အဆောက်အဦးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ခဲ့ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ပစ်ခတ်သံတွေတော့ မကြားရဘူး။ ဗုံးပေါက်ကွဲသံတွေတော့ ကြားနေရတယ်။ တိုက်ပွဲ ဖြစ်ပြီးတော့ တိုက်ကြ ခိုက်ကြတာတွေ ဒီဘက်မှာ မရှိသေးဘူး။ ဗုံးသံတွေကတော့ ခဏခဏ ကြားရတယ်” ဟု အုန်းတောကျေးရွာ အုပ်စုအတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တင့်ကားတပ်ရင်းကို တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်ဆုတ်ခွာ နိုင်ခဲ့သည်ဟု Phoenix Sagaing က ဆိုသည်။
တင့်ကားတပ်ရင်းတိုက်ခိုက်မှုကို Phoenix -Sagaing ၊ Young Wolf (LPDF)၊ Unicorn Guerrilla Force ၊ Royal Falcon Guerrilla Force၊ ကြောင်လက်သည်း (ဝက်လက်) နှင့် နယ်မြေခံတော်လှန်ရေးအင်အားစုများ ပူးတွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ရင်းကို ပြီးခဲ့သည့် မတ်၊ ဧပြီနှင့် မေလတို့တွင် တစ်လတစ်ကြိမ်နှုန်းဖြင့် Phoenix-Sagaing အဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
ရှမ်းနီအသံ ပေးပို့သည်။

