“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအပေါ်အမြင်သဘောထားနှင့် မဟာမိတ်တပ်ဖွဲ့အချင်းချင်းကြား လက်ရှိ ပြဿနာများ ကိုင်တွယ်ဖြေရှင်းသင့်ရေးနှင့်ပတ်သက်ပြီး သျှမ်းနိုင်ငံရေးသုတေသီစိုင်းဝမ်းစိုင်းနှင့် ဆက်သွယ်မေးမြန်းချက်။
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များအကြား ဟိုင်ဂင်သဘောတူညီချက် အရ ၅ လကျော်ကြာ ရပ်တန့်နေခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် ဒုတိယပိုင်းအဖြစ် ဇွန်လ ၂၅ ရက်တွင် ပြန်လည်စတင်လာခဲ့သည်။
ယခုတခါ ပြန်လည်စတင်လာခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အပိုင်း ၂ တွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရခမအခြေစိုက်ရာ လားရှိုးမြို့တို့ကို ညီနောင်မဟာမိတ်တပ်များအပြင် မန္တလေး-PDF ၊ မိုးကုတ်ဗျူဟာ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA ပူးပေါင်းတပ်တို့လည်း အတူတကွ ပါဝင်တိုက်ခိုက်နေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ယခုတိုက်ပွဲများကို “ရှမ်း-မန်း စစ်ဆင်ရေး” အဖြစ် အမည်ပေးထားပြီး မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ တပ်ရင်းများလည်း ပါဝင်တိုက်ခိုက် နေကြောင်း ထုတ်ပြန်ထားသည်။
“၁၀၂၇ စစ်ဆင်ရေး” ယာယီအပစ်ရပ်ထားစဉ် ကာလနှင့် ဒုတိယပိုင်း ပြန်လည်စတင်လာချိန်တွင် သျှမ်းပြည် မြောက်ပိုင်းရှိ FPNCC (ပြည်ထောင်စုနိုင်ငံရေး တွေ့ဆုံညှိနှိုင်းရေးအဖွဲ့) မဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်းကြား နယ်မြေစိုးမိုးမှုနှင့် ပတ်သက်၍ စစ်ရေးပဋိပက္ခတင်းမာမှုများ ဖြစ်ပွား လာခဲ့သည်။
သျှမ်းပြည်မြောက်ပိုင်းအတွင်း အတူနေ ညီနောင်တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်ရေး၊ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအပေါ် အမြင်သဘောထားနှင့် မဟာမိတ်တပ်ဖွဲ့ အချင်းချင်းကြား လက်ရှိပြဿနာများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်းနှင့် ပတ်သက်ပြီး သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းကို ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး”က စပြောလာတုန်းကဆိုရင် စစ်အာဏာရှင်တော်လှန်ရေး၊ ကျားဖြန့်လုပ်ငန်း ပပျောက်ရေးဆိုပြီးမှ စတင်လာခဲ့တယ်။ အခုဆိုရင် ကြားထဲမှာမြင်တွေ့လာရတာက ကိုယ်ပိုင်နယ်မြေ ကြီးစိုးလိုမှု အတွက်နဲ့ တော်လှန်နေသလို ဖြစ်နေတယ်ပေါ့။ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ပိုပြီးမြင်လာရတာက တိုင်းရင်းသား အချင်းချင်းကြားထဲမှာ ပဋိပက္ခတွေ ပိုဖြစ်လာတယ်၊ အခုဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လိုထင်မြင်ပါလဲ။
ဖြေ ။ ။ အခုဖြစ်နေတဲ့ပြဿနာက လွယ်လွယ်ကူကူ ငြိမ်းသွားမယ့်ပုံစံ မရှိဘူးလေ။ ဘာကြောင့် မရှိဘူးလဲ ဆိုတော့ အခုဒီမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ TNLA ပါမယ်၊ KIA ပါမယ်၊ နောက်ပြီး SSPP ပါမယ်၊ MNDAA ပါမယ်။ အဲဒီအဖွဲ့ (၄) ဖွဲ့ပေါ့။ အဓိကအားဖြင့် ပါဝင်ပတ်သက်နေတဲ့အထဲမှာ အဓိက ထိုးထွက် လာတာကတော့ TNLA ပေါ့။ TNLA က MNDAA နဲ့လည်း သူက ရန်ဖြစ်တယ်။ SSPP/SSA နဲ့လည်း ရန်ဖြစ်တယ်၊ KIA နဲ့လည်း ရန်ဖြစ်တယ်။ သူ့ရဲ့ပြဿနာက ဘာလဲဆိုတော့ နယ်မြေချဲ့ထွင်ရေးက အဓိက ရည်မှန်းချက် ဖြစ်နေ တယ်။ စာထဲမှာတော့ စစ်တပ်ကို အမြစ်ဖြုတ်ရေး သူပြောတာပေါ့၊ တကယ်တမ်းကြတော့ သူကအဲ့လိုမဟုတ်ဘူး။
တကယ်တမ်းကြတော့ သူ့ရဲ့ တအာင်းပြည်နယ် ဖြစ်မြောက်ရေးရယ်၊ နယ်မြေချဲ့ထွင်ရေး အဲ့ (၂) ခုကို သူက ပေါင်းထားတာ။ သူ့ရဲ့တကယ့်ရည်မှန်းချက် အကြီးကြီးဖြစ်တဲ့ ပြည်ထောင်စုအဆင့်စစ်တပ်ကို အမြစ်ဖြုတ် တိုက်ဖျက်ရေးရယ်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောင်ရေးရယ်ဆိုတာ သူရဲ့ Agenda ထဲမှာ အနောက်မှာပဲ ရှိတာ အရှေ့မှာမရှိဘူး။ အဲဒါကြောင့်မလို့ ဒီနေ့ဖြစ်နေတဲ့ပြဿနာက ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့ (၄) ဖွဲ့က တူတူထိုင် ပြီးတော့ ဘုံရည်မှန်းချက် မဆွဲနိုင်ဘူးဆိုရင် အဲ့ဒီပဋိပက္ခက လွယ်လွယ်နဲ့ သူမပျောက်သွားနိုင်ဘူး။ အဖွဲ့တွေ အချင်းချင်းကို အဲ့လိုပဲ ပြောချင်တယ်။
မေး ။ ။ အခုဖြစ်ပေါ်နေတဲ့ ပြဿနာတွေမှာ သူတို့အနေနဲ့ ဘယ်လိုမျိုး ဖြေရှင်းသင့်လဲ။ အခုတိုက်ပွဲဖြစ်ရင် ထိခိုက်နစ်နာမှု အများဆုံးက ပြည်သူတွေဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လုပ်သင့်တာက သူတို့ဘယ်လိုမျိုးဖြေရှင်းသင့်ပါလဲ၊ နောက်ထပ် “ဟိုင်ဂင် သဘောတူညီချက်” တွေရော ထပ်ရှိလာနိုင်မလား။
ဖြေ ။ ။ အခုဖြစ်နေတဲ့ပဋိပက္ခကို သူတို့ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူတို့ရဲ့နယ်မြေစိုးမိုးရေးအာသီသကို ချေဖျက်ပစ်ဖို့လိုမယ်။ ချေဖျက်ပြီးရင် လူတွေအားလုံး ကူးလူးဆက်ဆံပြီး လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံတစ်ခုကို ကျနော်တို့ ဘယ်လိုလုပ် အတူတူလက်တွဲပြီး သွားကြမလဲဆိုတဲ့ ရည်မှန်းချက်ကို အခြေခံအနေနဲ့ သူတို့ရှိဖို့ လိုတယ်။ အဲ့တာရှိပြီးမှ အဖွဲ့တွေစုံစုံညီညီ စုစုဝေးဝေးနဲ့ဆွေးနွေးပြီး သူတို့လမ်းကြောင်း သူတို့ရှာဖို့လိုတာ။
ဘယ်လိုလုပ် အဖြေရှာမလဲဆိုတာ အကျဉ်းချုံးပြောရရင်တော့ (၁) နယ်မြေစိုးမိုးရေးအာသီသကို ဖျောက်ဖျက်ကြ၊ (၂) ဘုံရည်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ပြီး သဟဇာတဖြစ်အောင် ဘယ်လိုနေထိုင်မလဲ ဆိုတဲ့ ရည်ရွယ်ချက် အဲဒါရှိဖို့လိုတယ်၊ အဲ့ဒါရှိရင်တော့ သူတို့ထိုင်ပြီး စကားပြောနိုင်မယ်။ နံပါတ် (၂) ဟိုင်ဂင်က ဖြစ်မလား မဖြစ်ဘူးလားဆိုတာကတော့ ပါဝင်ပတ်သက်နေတဲ့ ညီနောင်သုံးဖော်နဲ့ အစ်ကိုကြီးတရုတ်ရဲ့ အပေးအယူ လုပ်မှုအပေါ်မှာ သွားမူတည်မယ်။ သူတို့ ဘယ်လိုအပေးအယူလုပ်မယ်ဆိုတာ ကျယ်ပြန့်တယ်။
ကျယ်ပြန့်တယ်ဆိုတာ နိုင်ငံအချင်းချင်းကြား ဘယ်လို ကူးလူးဆက်ဆံမလဲဆိုတာ ပါမယ်။ အဲ့ထဲမှာ အခုလက်ရှိ အာဏာစွဲကိုင်ထားသေးတဲ့ စစ်တပ်ရဲ့ အာဏာ ဆက်လက်တည်ရှိရေးလည်း သူကပါမယ်။ နောက်ပြီး တိုင်းရင်းသားတွေရဲ့ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို အသိအမှတ်ပြုရေးလည်း သူကပါမယ်။ အဲ့ဒီကိစ္စကြီးက လွယ်လွယ်ကူကူနဲ့ ဖြေရှင်းလို့ရတဲ့ ပုံစံမပေါက်ဘူး။ တရုတ်က ဘယ်လိုပဲ ဖိအားပေးပေး၊ အဓိပ္ပါယ်ပြည့်စုံတဲ့ (၆) ကြိမ်မြောက် ဟိုင်ဂင်တွေ့ဆုံပွဲ ရှိခဲ့ရင်တောင်မှ ဖြစ်မြောက်ဖို့ ခက်ခဲမယ်လို့ ယေဘုယျ သုံးသပ်လို့ရတယ်။
မေး ။ ။ ခုနက ပြောသလိုဆိုရင် TNLA တပ်ဖွဲ့က အခြားအဖွဲ့တွေနဲ့ စစ်ရေးပဋိပက္ခအထိ ဖြစ်နေတဲ့အပေါ်မှာ ပြဿနာက ဘယ်လောက်အထိ ရှေ့ဆက်ပြီး ကြီးထွားလာနိုင်လဲ။
ဖြေ ။ ။ ရှေ့ဆက်ဘာဖြစ်လာနိုင်မလဲဆိုတော့ လက်ရှိပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း ၄ ခုရဲ့ ဆင်ခြင်တုံ တရားပေါ်မှာ မူတည်တယ်။ ကျယ်ပြန့်တဲ့အမြင် Big Picture ကြီးကို သူတို့ မြင်တတ်ရင်တော့ ရှေ့ဆက်ဖြစ်မယ့် ဟာတွေကို သူတို့ ဟန့်တားလို့ရမယ်။ အဲ့တာကို ဟန့်တားနိုင်ရင် အချင်းချင်း သဟဇာတဖြစ်အောင် ဘယ်လို နေရမလဲဆိုတာ ဆွေးနွေးပွဲအဆင့်ကိုလည်း သူတို့ဆက်ပြီးသွားနိုင်မယ်။ အဲ့တာက သူတို့ရဲ့ ပင်ကိုယ်စိတ်ရင်း အပေါ်မှာပဲ မူတည်တယ်။
ခြုံပြောရရင်တော့ နယ်မြေစိုးမိုးရေးအာသီသကို ဖျောက်ဖျက်ကြ၊ ဘုံရည်မှန်းချက် သဟဇာတဖြစ်ရေးကို ဦးတည် ကြပေါ့။ အဲ့ဒီနှစ်ချက်အပေါ်မှာ အခြေခံပြီးတော့ ရှေ့မှာဘာဆက်ဖြစ်မလဲဆိုတာ သူက မူတည်မယ်။ တကယ်လို့ အဲ့ဒီနှစ်ခုကို လက်မခံဘဲ သူတို့မဆွေးနွေးဘူးဆိုရင် ဆက်ပြီး တိုက်မယ်ခိုက်မယ်၊ လူထုတွေလည်း နစ်နာမယ်။ နောက်ပြီး ကိုယ်လိုချင်တဲ့ ရည်မှန်းချက်လည်းမရောက်ဘူး။
မေး ။ ။ နောက်ပြီး “၁၀၂၇ စစ်ဆင်ရေး” က ဖက်ဒရယ်ပြည်ထောင်စုလိုမျိုး ဖော်ဆောင်သွားနိုင်မလား။ ကောင်းကျိုးဆိုးကျိုးတွေက ဘယ်လို ရှိလာနိုင်မလဲ။
ဖြေ ။ ။ “၁၀၂၇ စစ်ဆင်ရေး” က ရှေ့ဆက် ဘယ်လိုဖြစ်မလဲ၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအဖြစ်ကို သူက တွန်းပို့မလား မတွန်းပို့ဘူးလားဆိုတာ အဲ့ဒီမေးခွန်းက နည်းနည်း အလှမ်းဝေးသေးတယ်။ ဘာကြောင့် အလှမ်းဝေးသေးလဲဆိုတော့ အခုဖြစ်နေတဲ့ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းက ဘယ်လောက်အထိ ရှေ့ဆက် သွားမလဲဆိုတဲ့အပေါ် မူတည်တယ်။
အခု NUG က ပြောတာ “ရှမ်း-မန်း စစ်ဆင်ရေး” တို့ ဘာတို့ပေါ့။ ဒါက နာမည်တပ်တာလောက်ပဲဖြစ်ပြီး တကယ်တမ်း စစ်မြေပြင်မှာ တိတိပပ အထဲအထိ ထိုးဖောက်နိုင်ဖို့ အဆင့်အထိ တွန်းအားမရှိသေးဘူးလို့ မြင်ရတယ်။ သူတို့မလုပ်ဘူးလို့ ပြောတာမဟုတ်ဘူး။ သူတို့လုပ်နေတယ်၊ အဲ့ဒီပြင်းအားက အဲ့လောက်ကြီး မပြင်းထန်သေးဘူး။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းက ဘယ်လိုရှေ့ဆက်ပြီးဖြစ်မလဲဆိုတာ အခုအချိန်မှာတော့ အတိအကျ မှန်းဆလို့မရသေးဘူးလို့ပဲ ပြောချင်ပါတယ်။
မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး” က ပထမပိုင်း ပြီးသွားတဲ့အချိန်မှာလည်း ၅ လလောက် ရပ်တန့်သွားတယ်။ ဒီကြားထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း ပြဿနာတွေ ဖြစ်ခဲ့တယ်။ အခုကလည်း ဒုတိယပိုင်း ပြန်ဖော်ဆောင်လာခဲ့တယ်ဆိုတော့ ဒီဟာက တကယ်ပဲ စစ်အာဏာရှင်ချုပ်ငြိမ်းရေးတိုက်ပွဲ ဖြစ်လာနိုင်မလား၊ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်နေတဲ့ လမ်းစရော မြင်မိပါလား။
ဖြေ ။ ။ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ဖို့ လမ်းစက မြင်နေရလားဆိုတာတော့ မြင်နေရတယ်လို့လည်း ပြောလို့ရတယ်၊ မမြင်ဘူးလို့လည်း သူက ပြောလို့ရတာပေါ့။ မြင်နေတယ်လို့ ပြောလို့ရတာကတော့ အနည်းဆုံး မြေပြန့်မှာရှိတဲ့ ဗမာတော်လှန်ရေးအုပ်စုနဲ့ TNLA တို့ ပေါင်းပြီး လှုပ်ရှားလို့ရတယ်ဆိုတာ ကောင်းတဲ့အလားအလာ တော့ ရှိတာပေါ့။ ဒါကြီးက ဒီထက်ပိုပြီး တိုးတက်လာမလား၊ မတိုးတက်လာဘူးလားဆိုတာ ပြောရတာ နည်းနည်းခက်တယ်။
ဥပမာပြရမယ်ဆိုရင် “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း စလုပ်တုန်းက အဲ့တုန်းက မောင်ဆောင်းခတို့ ဦးဆောင်တဲ့ Burma People Liberation Army (BPLA) တို့ ပါတယ်။ နောက်ပြီး ဗိုလ်နဂါးဦးဆောင်တဲ့ Burma Nationalities Revolution Army (BNRA) ပါတယ်။ အခု ဒီဒုတိယအခေါက်မှာကြတော့ လုံးဝမပါဘူး။ သူတို့မပါတော့ အခု TNLA ရဲ့ စစ်တပ်အမြစ်ဖြုတ်တိုက်ရေးဆိုတဲ့ ပြောဆိုချက်ကို မယုံကြည်ဘူးလို့ဆိုတဲ့ အဓိပ္ပါယ်ပေါက်တယ်။
အဲ့တာအတွက်ကြောင့်မလို့ မြေပြန့်မှာရှိတဲ့ ဗမာတော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ ညီနောင်သုံးဖွဲ့ အားလုံး ပေါင်းပြီး တစုတစည်းတည်း ပထမပိုင်းတုန်းကလို အာသီသဆန္ဒ မရှိဘူးလို့ ပြောလို့ရတယ်။ အဲဒါကြောင့်မလို့ အောင်မြင်နိုင်မယ့်လမ်းစကို လက်ညှိုးထိုးမပြနေဘူးလို့ သုံးသပ်လို့ရတယ်။
မေး ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။