ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝလံပီကျေးရွာတွင် လုံခြုံရေးယူတာဝန်ထမ်းဆောင်နေသည့် ချင်းညီနောင်အဖွဲ့၊ CDF- မင်းတပ်မှ ရဲဘော် ၁ ဦး ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဇူလိုင် ၇ ရက်နေ့က ကျဆုံးသွားကြောင်း သိရသည်။
ချင်းလဲန်းကောင်စီ၊ ချင်းအမျိုးသားတပ်ဦး CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှု ကြောင့် ဝလံပီကျေးရွာတွင် လုံခြုံရေးတာဝန်များ ဆောင်ရွက်နေသည့် CDF – မင်းတပ်၊ တပ်ရင်း – ၆ မှ ရဲဘော် ဆလိုင်းမနားထန်း (အွမ်ဟုန်းထန်း) ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု CDF- မတူပီ၊ တပ်မဟာ – ၁ နှင့် ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Boi Uk က ပြောသည်။
“စကစ စခန်းတွေ သိမ်းပြီးနောက်ပိုင်း ကျနော်တို့က မြို့တွင်းမြို့ပြင် လုံခြုံရေးတပ်တွေ ချထားပါတယ်။ မြို့ပြင် လုံခြုံရေးတပ်တွေကို CNA ဦးဆောင်တပ်တွေက အဝေးကနေ သူရဲဘောကြောင်စွာ ဒရုန်းနဲ့ လာလာ ဗုံးသီးချနေတာပါ” ဟု Boi Uk က ပြောဆိုသည်။
ကျဆုံးသွားသော ဆလိုင်းမနားထန်းသည် ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်များ ဖော်ဆောင်သည့် မတူပီမြို့သိမ်း စစ်ဆင်ရေး အောင်မြင်သည်အထိ ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်ပြီး လက်ရှိတွင် မတူပီမြို့ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
မတူပီမြို့နယ်ရှိ လေဆင်းရွာ၊ ဝလံပီရွာ၊ ဒိန်ကလိန်ရွာ၊ ကုလားရွာ၊ ကုလားရွာသစ် အနီးတို့တွင် ဇွန်လ ၂၄ ရက်မှ ဇူလိုင် ၇ ရက် အထိ ၈ ကြိမ်တိုင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်များက ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များကို ထိုးစစ်ဆင်ပစ်ခတ်မှု၊ ခြုံခိုတိုက်ခိုက်မှုတို့ ပြုလုပ်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ဇူလိုင်လ ၇ ရက်က ထုတ်ပြန်ထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ချင်းလဲန်းကောင်စီဘက်က တစုံတရာထုတ်ပြန်ခြင်း မရှိသေးပေ။
သို့သော် မတူပီမြို့တွင် အင်အားအလုံးအရင်းရှိသော အာရက္ခတပ်တော် ULA/AA နှင့် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေသည်ဟု ချင်းလဲန်းကောင်စီမှ ပြောရေးဆိုခွင့်ရှိသူများက ပြောဆိုထားသည်။
မတူပီမြို့တိုက်ပွဲတွင် ချင်းညီနောင်အဖွဲ့ မဟာမိတ်တို့ဘက်မှ တော်လှန်ရေးရဲဘော် ၁၀ ဦးထက်မနည်း ကျဆုံးသွားကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ နှင့် ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Boi Uk က အတည်ပြုပြောဆိုသည်။
ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့ဘက်မှ တော်လှန်ရေးရဲဘော် ၄ ဦးသည်လည်း ဇွန်လ ၁၈ ရက်မှ ၂၄ ရက်အထိ ထိတွေ့တိုက်ပွဲများတွင် ကျဆုံးခဲ့ပြီး ထပ်မံဖြစ်ပွားသော တိုက်ပွဲများမှ ထိခိုက်ကျဆုံးမှုများကို မသိရသေးပါ။
မတူပီမြို့တွင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်နှင့် ချင်းညီနောင်မဟာမိတ် AA ပူးပေါင်းတပ်တို့အကြား ဇွန်လ ၁၈ ရက်မှ ဇူလိုင်လ ၇ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနှင့်အတူ အာရက္ခတပ်တော် (AA/ULA)၊ Yaw- PDF နှင့် Yaw Army တို့က ပူးပေါင်း၍ ဇွန်လ ၉ ရက်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၉ ရက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်ရေး စစ်ရေးရည်မှန်းချက်ကို ချင်းညီနောင်အဖွဲ့က ချမှတ်ထားကြောင်း သိရသည်။
KMG ပေးပို့သည်