ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီး

0
108

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က လူအင်အား ၁၅၀ ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် လူနေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။

ကျေးရွာအတွင်းနေထိုင်သည့် အမျိုးသားတစ်ဦးက “စစ်ကောင်စီက လက်နက်ကြီးနဲ့ အရင်ဆုံး ရွာထဲကို ပစ်တာပေါ့လေ။ ပစ်ပြီးတော့မှ စစ်ကောင်စီ လက်ပါးစေ PNO ပြည်သူ့စစ်က ရွာထဲဝင်ကြပြီးတော့ မီးရှို့တာပေါ့။ နေအိမ် ၆ လုံး ၆ ရက်နေ့ မနက်မှာတော့ လောင်သွားတယ်။ နောက်ဆက်တွဲအခြေအနေကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။ တချို့အိမ်တွေက ရဟန်းသံဃာတော်တွေနဲ့ ပြည်သူက ဝိုင်းငြိမ်းလို့ မီးမလောင်ခဲ့ဘူးနော်” ဟု ပြောသည်။

ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ PNA တပ်က ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ရွာထဲဝင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး လူနေအိမ် ၆ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့သည့်အပြင် ကျေးရွာနေပြည်သူများ ပိုင်ဆိုင်သည့် ကား၊ ဆိုင်ကယ်နှင့် တန်ဖိုးကြီး လက်ဝတ်ရတနာများကိုလည်း အဓမ္မသိမ်းဆည်းသွားသည်ဟု ဒေသခံများက ပြောဆိုကြသည်။

PNA တပ်ဖွဲ့ဝင်များသည် နားခိုက်ကျေးရွာအတွင်း နေထိုင်သူ ၁၀ ဦးကျော်ခန့်ကိုလည်း အကြမ်းဖက် ရိုက်နှက်ခဲ့ရာ ဦးဖူးတောင်းဆိုသူမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး လတ်တလောတွင် ထွက်ပြေးတိမ်းရှောင်နေသောကြောင့် အသက်ရှင်၊မရှင်ကိုပင် မသိရသေးဘူးဟု ရွာခံများက ဆိုသည်။

ထို့အပြင် PNA တပ်များသည် ကျေးရွာတွင်း နေထိုင်သူများကိုလည်း လူ ၆၀၀ စာအတွက် ထမင်းထုပ်များ ပို့ခိုင်း ခဲ့ပြီး ထမင်းထုပ် ရောက်လာသည့် အချိန်မှ ပြည်သူများရှေ့တွင် သွန်ပစ်ခဲ့သည့် လုပ်ရပ်များကိုလည်း လုပ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

“ဟင်းမကောင်းတာလည်း ပါမယ်။ ပြီးတော့ တမင်သက်သက် နှိပ်စက်တာလည်း ပါမယ်။ သူတို့ ထမင်းထုပ် တောင်းတာအထုပ် ၆၀၀၊ တကယ် သူတို့လူက ၂၀၀ တောင် မပြည့်ဘူးလေ။ တမင်သက်သက် နှိပ်စက်သလို ဖြစ်နေတာပေါ့။ ဝင်တဲ့ရွာတိုင်း အဲ့လိုမဟုတ်ဘူး။ သူတို့ ရှိတဲ့ရွာတိုင်းပဲ၊ ဝင် ဝင် မဝင် ဝင် သူတို့ရှိတဲ့နေရာမှာ ဓါးပြတိုက် အဲ့လိုမျိုး ထမင်းထုပ်တောင်းပြီး စားနေတာ သူတို့က ကိုယ်တိုင်မချက်ဘူးလေ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ကလည်း PNA တပ်များသည် နားခိုက်ကျေးရွာရှိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) စစ်ဦးစီးချုပ်နှင့် တပ်ဖွဲ့ဝင်များ၏အိမ် အပါအဝင် လူနေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကား၊ ဆိုင်ကယ်နှင့် အဖိုးတန်ပစ္စည်းများကို သိမ်းဆည်းခဲ့ဖူးသည်။

အလားတူ ဇူလိုင်လ ၃ ရက်နေ့ကလည်း PNA တပ်များက နားခိုက်ကျေးရွာအနီးရှိ ထမ်းယံတိုင်ကျေးရွာတွင် အသုဘအိမ်မှ ပြန်လာသူ ၂ ဦး အနက် တစ်ဦးကို အစစ်အဆေး အမေးအမြန်းမရှိ ပစ်သတ်ခဲ့ပြီး ကျန်တစ်ဦးကို ဖမ်းဆီး ခေါ် ဆောင်သွားခဲ့ရာ ယနေ့အချိန်ထိ အဆက်အသွယ် မရသေးဘူးဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here