ရေဖြူဒေသတွင် တိုက်ပွဲပဋိပက္ခကြောင့် မိုးစပါးစိုက်ပျိုးနိုင်ရန်ခက်ခဲနေ

0
100

တနင်္သာရီတိုင်း၊ ရေဖြူဒေသတွင် တိုက်ပွဲပဋိပက္ခများကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးစပါးများ စိုက်ပျိုးနိုင်ရန် ခက်ခဲနေသည့်အပြင် လယ်ဧကအများစုသည်လည်း စပါး မစိုက်ပျိုးနိုင်သည့်အခြေအနေတွင် ရှိနေသည်ဟု ဒေသခံတောင်သူများက ပြောဆိုသည်။

ရေဖြူဒေသခံအများစုသည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်စဉ် အကြမ်းဖက်လုပ်ရပ်တို့ကြောင့် တောတောင်များတွင် ထွက်ပြေးတိမ်းရှောင် နေရသည့်အပြင် စစ်ကောင်စီ၏ လမ်းခရီးကန့်သတ် ပိတ်ပင်မှုကြောင့် လိုအပ်သည့် လယ်ယာသုံးပစ္စည်းများ အလွယ်တကူ မရရှိကြကြောင်း သိရသည်။

လက်ရှိတွင် ဖောင်းတော၊ မော်ကြီး၊ ဇာဒီ ကျေးရွာအုပ်စုနှင့် အနီးအနားကျေးရွာများမှ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများသည် စားနပ်ရိက္ခာဖူလုံရန်သာ တနိုင်စိုက်ပျိုးနေရသည်ဟု ရေဖြူဒေသခံ တောင်သူတစ်ဦးက ဆိုသည်။

“ကျတော်တို့ ဇာဒီဘက်ဆို စားနပ်ရိက္ခာလောက်ပဲ စိုက်ထားတယ်၊ စစ်ရှောင်နေရတာ နှစ်ပတ်ကျော်လောက် ရှိပြီဆိုတော့ လယ်တွေကို ဒီအတိုင်းထားထားရတယ်။ အချို့က ရွာမှာ သိပ်မနေတော့ဘူး၊ လယ်တွေကို တစ်ခြားသူတွေကို ဌားပြီး လုပ်ခိုင်းတာရှိတယ်။ လုံးဝမလုပ်တာလည်း ရှိတယ်။ ဖောင်းတောနဲ့ မော်ကြီးမှာ စစ်တပ်က အထိုင်ချထားတော့ သူတို့စစ်ကြောင်းနဲ့ဆုံရင် တစ်ခုခုဖြစ်မှာ စိုးနေရတယ်” အဆိုပါတောင်သူက ပြောဆိုသည်။

အထူးသဖြင့် ဇာဒီကျေးရွာအုပ်စုရှိ ရွာအချို့တွင် မိုးစပါးစိုက်ပျိုးမှု လုံးဝရပ်နားထားရသည့် အခြေအနေတွင် ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

မိုးစပါး မစိုက်ပျိုးနိုင်သည့်အပြင် တခြားဒေသမှလာသည့် ဆန်စပါးတင်သွင်းခွင့်လည်း ကန့်သတ်ခံနေရခြင်း ကြောင့် ဆန်စပါးရှားပါးပြီး ဈေးနှုန်းလည်း အဆမတန် မြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်လျှက်ရှိသည်။

“သူတို့စစ်ကြောင်း မရှိမှ လယ်ဆင်းရတယ်။ အခုအစစ်ဆေးတွေများ မြေသြဇာတွေဆိုလည်း ဝယ်ရခက်နေတာ ဈေးလည်း ကြီးတယ်၊ ဆန်တွေက အခုဆန်ကြမ်းတောင် တစ်အိတ် ၁ သိန်း ဖြစ်နေတယ်၊ အခြားကလာတဲ့ ဆန် တွေကို ယူရင်လည်း အကန့်သတ်နဲ့ စစ်ဆေးကလည်း များတယ်။ နောက်နှစ်တွေ ဆန်တွေ ဘယ်လိုခက်ခဲဈေးမြှင့် အုံး မလဲမသိဘူး” ဟု ရေဖြူဒေသခံတောင်သူက ပြောသည်။

ရေဖြူမြို့နယ်အပြင် လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ် တို့တွင်လည်း လယ်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံ ကိုသာ အဓိက လုပ်ကိုင်နေသဖြင့် တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာတို့တွင် စစ်လက်နက်ကျန်ပစ္စည်းနှင့် မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်နေရသည်ဟုလည်း ဇာဒီကျေးရွာအုပ်စုမှ တောင်သူတို့က ပြောဆိုသည်။

ဇွန်လကုန်ပိုင်းလောက်မှစ၍ စစ်ကောင်စီတပ်မှ ရေး – ထားဝယ် လမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရန် အင်အားအလုံး အရင်းဖြင့် နေ့စဉ်စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မောရဝတီ ရေတပ်မှ လက်နက်ကြီး ပစ်ခတ်မှုတို့ ဆက်တိုက်လုပ်ဆောင်မှု ရှိနေကြောင်း သိရသည်။

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် အနီးတဝိုက်၌ လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ဒေသခံများ ထောင်နှင့်ချီ ယနေ့အထိ တိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု သိရသည်။

အလားတူ တနင်္သာရီတိုင်း ဒေသကြီးအပြင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း တိုက်ပွဲများကြောင့် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင်သည့်အပြင် မပေါက်ကွဲ သေးသည့် လက်နက်များကြောင့် မိုးစပါးစိုက်ပျိုးမှု ရပ်နားထားရသည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here