လားရှိုးမြို့အခြေပြု ခံစစ်သေဖြင့် ခုခံရန် စစ်ကောင်စီတပ် ပြင်ဆင်နေ

0
144

သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၂၉၁) တပ်ရင်း သိမ်းပိုက်ခံရပြီးနောက် မြို့အခြေပြု ခံစစ်သေဖြင့်ခုခံရန် ပြင်ဆင်နေသဖြင့် မြို့တွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဇူလိုင် ၆ ရက်တွင် ပြောဆိုသည်။

စစ်ရေးအရ အလွန်အရေးပါသည့် လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအနီး အခြေစိုက် ခလရ (၂၉၁) တပ်ရင်း ဌာနချုပ်ကို ကိုးကန့်တပ် (MNDAA) က ဇူလိုင် ၃ ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၅ ရက်နေ့က သိမ်းပိုက် နိုင်ခဲ့သည်။

“ခလရ (၂၉၁) မှာ ခံစစ်ဆင်နေတဲ့ စစ်သည်တွေ လားရှိုးကို ဆုတ်ခွာသွားပြီ ဖြစ်ပါတယ်။ လားရှိုးမြို့ကနေပဲ ခံစစ်သေနဲ့ ခုခံဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲလို ခံစစ်သေနဲ့ ခုခံရင်တော့ လားရှိုးမြို့ ကြေသွားမယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြပြောသည်။

လားရှိုးမြို့အနီး ချဥ်းကပ်နိုင်ရေး ညီနောင်မဟာမိတ်တပ်များ တိုက်စစ်အရှိန်မြှင့်နေသည့်အတွက် မြို့အနီး၌ တိုက်ပွဲပြင်းထန်နေပြီး ရပ်ကွက်များအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲရာ ပြည်သူထိခိုက်မှုများ ရှိနေကြောင်း မြို့ခံများက ပြောဆိုသည်။

“ခုမနက်ပိုင်းက ရပ်ကွက် (၇) စိတ္တသုခဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျတာ ကိုရင် ၃ ပါး အစတွေ ထိတယ်။ ဒဏ်ရာမစိုးရိမ်ရပေမယ့် လက်နက်ကြီးတွေ ထပ်ကျမှာ ကြောက်ကြတာပေါ့” ဟု မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းက ရပ်ကွက် (၁၀) အတွင်း လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲရာ လူထိခိုက်မှု မရှိသော်လည်း တိုင်းစစ်ဌာနချုပ်အနီး နေထိုင်သူများ တိမ်းရှောင်သင့်ကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောသည်။

ဇူလိုင် ၆ ရက်နေ့က လားရှိုးမြို့အနီး လွယ်ပြေတောင် အနောက်ဘက်တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး ပစ်ခတ်သံများ မြို့တွင်းမှ ကြားနေရသည်ဟု မြို့ခံများက ပြောဆိုသည်။

လားရှိုးမြို့ကို MNDAA ဦးဆောင်သည့် ညီနောင်မဟာမိတ်တပ်များက စစ်မျက်နှာ ၅ ခုဖွင့် ထိုးစစ်ဆင်နေရာ မြို့အနီးရှိ ခလရ (၆၈) နှင့် ခမရ (၅၀၇) ကိုလည်း တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါသည်။

လားရှိုးမြို့ပေါ်တွင် လက်နက်ကြီးကြောင့် ဇူလိုင် ၆ ရက်နေ့အထိ အရပ်သား အနည်းဆုံး ၁၃ ဦး သေဆုံးပြီး မြို့ကို စွန့်ခွာတိမ်းရှောင်ရန် သတိပေးမှုများရှိသည်ဆိုသည့် သတင်းများကြောင့် မြို့ခံများ အလုံးအရင်းဖြင့် ထွက်ပြေးနေကြကြောင်း သိရသည်။

တိုက်ပွဲများ ပြင်းထန်နေစဥ် လားရှိုး စစ်တိုင်းမှူးနှင့် ဒုတိုင်းမှူးတို့၏ မိသားစုများ အပါအဝင် သျှမ်းပြည်နယ် ဝန်ကြီးတစ်ဦး၏ မိသားစုများသည် ဇူလိုင်လ ၄ ရက်နေ့က လားရှိုးမြို့မှ နေပြည်တော်သို့ ရဟတ်ယာဥ်ဖြင့် ထွက်ပြေးသွားသည်ဟု တပ်တွင်းသတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here