လားရှိုးမြို့မှ တိမ်းရှောင်လာသော ကားရာနှင့်ချီ စဉ့်အင်ဖောင်ဆိပ်တွင် ပိတ်မိနေ

0
103

သျှမ်းပြည် လားရှိုးမြို့တွင် တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင် ကားများ ရာနှင့်ချီ ပိတ်မိနေကြောင်း လားရှိုးဒေသခံများထံမှ သတင်းရရှိသည်။

လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များကြား ဇူလိုင်လ ၃ ရက်နေ့မှ စတင်ပြီး တိုက်ပွဲ ဖြစ်ပွားလာပြီးနောက် မြို့နေပြည်သူများမှာ ဇူလိုင် ၄ ရက်တွင် မြို့မှ စတင်ထွက်ခွာ တိမ်းရှောင်နေကြပြီး စစ်ဘေးရှောင်ကားများမှာ အလံဖြူထောင်၍ ဘေးလွတ်ရာ အခြားဒေသသို့ ကားများရာနှင့်ချီ ထွက်ခွာနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

ဇူလိုင်လ ၅ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လားရှိုးမြို့မှ ဆက်လက်ထွက်ခွာလာကြသော စစ်ဘေးရှောင်ကားများ ရာနှင့်ချီသည် စဉ့်အင် ဖောင်ဆိပ်တွင် ပိတ်မိနေပြီး ဖြတ်သန်းသွားလာရန် ခက်ခဲနေ ကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါသည်။

“လားရှိုးကနေ ထွက်လာတာ။ သီပေါဘက်ကိုလာတာ စဉ့်အင်မှာ မနေ့က အကြာကြီးစောင့်ရတာ၊ ဒီနေ့လည်း အများကြီးပဲ။ ဒီနေ့ အသိတွေလာတာတောင် ပိတ်မိနေပြီး ဖုန်းဆက်လို့ မရဘူး ဖြစ်နေတာ။ စဉ့်အင်ဖောင်ဆိပ်ကို ဖြတ်လာတုန်းက စက်လှေနဲ့ကမ်းကူးခ ၁ သိန်းခွဲ ပေးရတယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

လားရှိုးမြို့မှ ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်သူများသည် ကားခ တစ်ဦးလျှင် ၃ သိန်းခန့် ပေးရပြီး၊ ယနေ့ စဉ့်အင်ဖောင်ဆိပ်တွင် VIP ခေါင်းစဉ်ဖြင့် ကားတစ်စီးလျှင် ၅ သိန်း ပေးသူကို ဦးစားပေး၍ စက်လှေဖြင့် ကူးပေးကြောင်း သိရသည်။

လက်ရှိ၌ လားရှိုးမြို့ အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး လမ်းများပိတ်ကာ ဒေသခံလူဦးရေ သုံးပုံ နှစ်ပုံခန့်သည် တန့်ယန်း၊ မိုင်းရယ်မြို့နှင့် အခြားဒေသသို့ ဦးတည်၍ ထွက်ပြေးတိမ်ရှောင်နေကြကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြသည်။

လားရှိုးမြို့ပေါ် လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ၁၄ ဦး အထိရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here