ကော့ကရိတ်မြို့ပေါ်သို့ လက်နက်ကြီး ၆ လုံးကျပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိ၊ နေရပ်ပြန်နေသူအချို့ ထပ်မံတိမ်းရှောင်

0
126
Photo - CJ

စစ်ကောင်စီတပ် ပြန်လည်တပ်စွဲနေထိုင်သော ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က လက်နက်ကြီး ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ၌ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြို့တွင် ပြန်လည်နေထိုင်ကြသူ ဒေသခံအချို့ မြို့မှထပ်မံတိမ်းရှောင်သွားကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ ထံမှ သိရသည်။

ဇူလိုင်လ ၂ ရက်နေ့ ည ၉ နာရီဝန်းကျင်က ကော့ကရိတ်မြို့ပေါ်ရှိ ရပ်ကွက်များသို့ ကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးကြောင့် အမှတ် (၃) ရပ်ကွက်နေ ကားဝပ်ရှော့လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦး ဒူးဆစ်ပိုင်းနှင့် ဆီးခုံတို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့အရေးပေါ် ပို့ဆောင်ထားရကြောင်း ကော့ကရိတ်မြို့ခံအချို့က ပြောသည်။

“သူက သူ့အိမ်မှာဖုန်းသုံးနေတာ ဖြစ်ဖြစ်ချင်း စစ်တပ်ဆေးရုံကို ပို့တယ်တဲ့၊ ခြေထောက်ကိုထိတယ် ဆီးခုံကိုလည်း သုံးချက်ထိတယ်။ လက်နက်ကြီးက အားလုံးပေါင်းပစ်တာ (၆) လုံး၊ အမှတ် (၃) ရပ်ကွက်ကိုတစ်လုံးကျတယ် အမှတ် (၆) ရပ်ကွက်ကို ၅ လုံးကျတယ်။ ဘယ်ဘက်က ပစ်သလဲတော့ မသိဘူး။ ရပ်ကွက် (၆) ဘက်မှာတော့ ထိခိုက်မှု မရှိဘူး” ဟု ကော့ကရိတ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သော အမျိုးသားမှာ ဒဏ်ရာပြင်းထန်သဖြင့် ဇူလိုင် ၃ ရက်နေ့က သေဆုံးခဲ့ပြီဖြစ်ကြောင်းနှင့် နောက်ထပ်ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း မြို့ခံအချို့၏ ပြောပြချက်အရ သိရသော်လည်း အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလပိုင်းကတည်းက စစ်ကောင်စီမှ ၎င်းတို့ဌာနဆိုင်ရာရုံးများ လည်ပတ်မှု စတင်လုပ်ဆောင်ရန်နှင့် အုပ်ချုပ်ရေး ဆောင်ရွက်နိုင်ရန် ကြိုးပမ်းမှုဖြင့် ကော့ကရိတ်မြို့ပေါ်သို့ ဒေသခံများ ပြန်လည်နေထိုင်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့ရာ စစ်ရှောင်ရာအရပ်ဒေသတွင် နေထိုင်မှုအခက်အခဲရှိသည့် ပြည်သူအများစုက မြို့တွင်းပြန်ဝင်နေထိုင် ကြခြင်းဖြစ်သည်။

ဒေသခံအချို့၏ ပြောပြချက်အရ မြို့အနီးဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်ဘက်က ဒရုန်းနှင့် လက်နက်ကြီးမျာ’ ပိုမိုအသုံးပြုလာကြောင်း သိရသလို ဇူလိုင် ၂ ရက်နေ့ ဖြစ်စဥ်တွင် မြို့ပေါ်ထိပါ လက်နက်ကြီးကျ၍ အထိအခိုက်ရှိလာသဖြင့် နေရပ်ပြန်နေသူ အချို့ဒေသခံများမှာ မြို့မှ ထပ်မံတိမ်းရှောင်ခဲ့ကြကြောင်းလည်း ကော့ကရိတ်မြို့ခံအမျိုးသားက ဆက်ပြောသည်။

“ရပ်ကွက်တွေမှာတော့ ပြန်နေတာ ၂ ထောင်ကျော်ပြီ။ အခုလက်နက်ကြီးကြောက်လို့ မနေ့ကမှ ပြန်ထွက်သွားတာ ၅၀၀ ရာ လောက်ရှိတယ်။ ပြည်သူက ဖြစ်ထားတယ်ဆိုတော့ အရမ်းကြောက်ကြပြီ။ အဲဒါကြောင့် ပြန်ထွက်သွား ကြတာ (၃) ပုံ (၁) ပုံလောက်တော့ ပြန်ထွက်သွားတယ်လို့ သုံးသပ်လို့ရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတိုက်ပွဲများကြောင့် ကော့ကရိတ်မြို့အနီး ကျေးရွာနေသူများမှာ မိမိနေရပ်ပြန်နေထိုင်နိုင်ခြင်း မရှိသေးသလို လုံခြုံရေးကြောင့် အသက်မွေးဝမ်းကျောင်းမှုနှင့် လယ်လုပ်ငန်းလုပ်ကိုင်ခွင့်မရကြဘဲ စားဝတ်နေရေး အခက်အခဲဖြစ်နေရကြောင်း စစ်ဘေးရှောင်နေရသူများက ပြောသည်။

မြေပြင်စစ်ရေးပိုင်းအရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှာ ထိခိုက်ကျဆုံးမှုများနေပြီး အင်အားဖြည့်ရန်အတွက် စစ်သင်တန်းအပတ်စဥ် (၁) သင်တန်းဆင်းများကို ဖားအံမှတဆင့် ကော့ကရိတ်မြို့တွင်းသို့ စစ်ကောင်စီက နေ့စဥ်ပို့ဆောင်နေကြောင်းလည်း ကော့ကရိတ်သတင်းအရင်းအမြစ်များက ပြောဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here