ထားဝယ်အထူးစီးပွားရေးဇုန် တိုက်ပွဲအတွင်း PDF ရဲဘော် ၄ ဦး ကျဆုံး

0
156
Photo - SAC Telegram

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် လဲရှောင်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် ဒေသထဲတွင် တကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကြား ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

PDF ရဲဘော်များက စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရန်သွားစဉ် စစ်ကြောင်းနှင့်တိုးပြီး ပစ်ခတ်ခံရတာကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုနဂါးက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ၄ ဦး ကျဆုံးခဲ့ပြီး ကားတစ်စီးလည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ကျဆုံးသွားသည့် ရဲဘော်များသည် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် DNLA က တပ်ဖွဲ့ဝင်များဖြစ်ပြီး စစ်ကောင်စီဘက်က တစုံတရာထိခိုက်မှုမရှိကြောင်း စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ရေးသားထားသည်ကို တွေ့ရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်လာတာကြောင့် နဘုလယ်တိုက်လယ်က ကျေးရွာ ၅ ရွာအပြင် ခမောက်ချောင်း၊ ဧကနိ၊ ရငဲ၊ လဲရှောင်၊ ဝက်ချောင်း စသည့် ကျေးရွာများက ထောင်နှင့်ချီသည့် ဒေသခံများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ကလည်း ထားဝယ်အထူးစီးပွားရေးဇုန်ဖြစ်သည့် နဘုလယ်ဒေထဲကို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သည် မူးဒူးရွာက နေအိမ် ၄ လုံးကို မီးရှို့ဖျက်စီးခဲ့သည့်အပြင် ဒေသခံတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သိရှိရပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here