တနင်္သာရီတွင် စစ်ကောင်စီလေယာဉ်နှင့် ဗုံးကြဲလို့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

0
152
Photo - CJ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့၌ ဇူလိုင် ၂ ရက်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီက ရဟတ်ယာဉ်နှင့် ဗုံးကြဲသွားတာကြောင့် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင် ၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် မြိတ်လေတပ်စခန်းကနေ တက်လာသည့် ရဟတ်ယာဉ် ၂ စီးကနေ တနင်္သာရီမြို့နယ် သာရဖုံကျေးရွာနှင့် ကျွန်းစုမြို့နယ် ဝါရစ်ကျေးရွာတို့ကို ဗုံး ၁၀ လုံးထက်မနည်း ကြဲချခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

ထိုသို့ဗုံးကြဲခံရတာကြောင့် သာရဖုံကျေးရွာက နေအိမ် ၅ လုံး ပျက်စီးခဲ့ပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဝါရစ်ကျေးရွာက ကိုးတန်းကျောင်းသား ၁ ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီတပ် လာရောက်ဗုံးကြဲသွားသည့် ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန် ၂၇ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ကျွဲထိန်းကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်နှင့်ဗုံးကြဲမှုကြောင့် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

နှစ်ဖက်တိုက်ပွဲများ ပြန်လည်ပြင်းထန်နေသည့် တနင်္သာရီတိုင်းတွင် ယခုနှစ်အတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ၌ PDF ဝင်ရောက်ခိုးအောင်သည်ဆိုသော စွပ်စွဲချက်များနှင့် မကြာခဏဆိုသလို လာရောက်ဗုံးကြဲတိုက်ခိုက်မှု ပြုနေကြောင်း ဒေသခံများက ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here