လားရှိုးတွင် လက်နက်ကြီးကျပေါက်ကွဲတာကြောင့် မိသားစုဝင် ၆ ဦး သေဆုံး

0
22
ပုံစာ - လားရှိုးတွင် လက်နက်ကြီးကျမှန်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်ပျက်စီးသွားသည့်မြင်ကွင်း။

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အနီး စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်အကြား တိုက်ပွဲများပြင်းထန်နေပြီး လူနေရပ်ကွက်ထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် မိသားစု ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံက သိရသည်။

ဇူလိုင်လ ၃ နေ့ မနက် ၇ နာရီ ဝန်းကျင်ခန့်က လားရှိုးမြို့ ရပ်ကွက် (၁) ဗျူဟာလမ်းထဲက နေအိမ်တစ်အိမ်ထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီး ၂ ဦး၊ ကလေး ၁ ဦး၊ အမျိုးသား ၃ ဦး စုစုပေါင်း မိသားစုဝင် ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အခင်းဖြစ်ပွားရာအနီးနားရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက “လက်နက်ကြီးသံတွေပဲ ကြားနေရတယ်။ ဒီမနက် တော့ ဘယ်ကပစ်လိုက်တဲ့ လက်နက်ကြီးလည်း မသိဘူး၊ အိမ်တစ်အိမ်မှာလာကျပြီး မိသားစု ၆ ဦး သေဆုံးသွားတာ။ လက်နက်သံတွေ ဆိုးဆိုးရွားရွားမြည်လာတော့ အိမ်နဲ့လည်းအရမ်းနီးတာနဲ့ ကျမတို့လည်း ကတုတ်ကျင်းထဲပဲ ပြေးဝင်နေချိန် အိမ်နားကပဲ အဲလိုဖြစ်သွားတာ” ဟု ပြောသည်။

သေဆုံးသွားသူမိသားစုမှာ မုဆိုးမဖြစ်သူ ဒေါ်မခေါ်မာဂျီနှင့် သားကြီးဇနီးမောင်နှံအပြင် ၈ လသားကလေး ၁ ဦး၊ သားငယ် ၁ ဦး၊ ထိုနေအိမ်မှာ ကျောင်းလာတက်နေသည့် ကလေး ၁ ဦး၊ စုစုပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

လက်နက်ကြီးကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းကို အသင်းတော်အဖွဲ့အစည်းက ဘုရားကျောင်းကို သယ်ဆောင်သွားခဲ့ပေမယ့် အလောင်းများကို စစ်ဆေးရမည်ဟုဆိုကာ လူမှုကူညီရေးအသင်း ပြန်လာသယ်ယူပြီး လက်ရှိတွင် ရင်ခွဲရုံကို ပြန်ပို့ထားသည်ဟု ဆိုသည်။

လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်များအကြား ဇူလိုင် ၂ ရက်နေ့ည သန်းခေါင်ချိန်ကစပြီး တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ညီနောင်မဟာမိတ်အဖွဲ့ဘက်က လားရှိုးမြို့ပတ်ပတ်လည်ကို ရောက်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လားရှိုးမြို့ထဲကနေ လက်နက်ကြီးနှင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

“အခုပြေးမယ်ဆိုလည်း ဘယ်ကိုပြေးရမှန်း မသိနေဘူး။ ဘာကြောင့်ဆို ကွတ်ခိုင်ဘက်လမ်းလည်း တူးဖော်ဖြတ်တောက်ထားတယ်။ တန့်ယန်းလမ်းတစ်ခုပဲ ပေါက်တာလည်း ဒီမနက် (ဇူလိုင် ၃ ရက်) ကပဲ တံတားထိထားတယ်ကြားတယ်။ မြို့အပြင်ထွက်ဖို့ လမ်းမတွေ့တော့ဘူး။ အခုလောလောဆယ်က ကိုယ့်အိမ်ဝင်းထဲက ကတုတ်ကျင်းတွေမှာပဲ ခိုလှုံနေကြရတယ်” ဟု လားရှိုးဒေသခံအမျိုးသမီးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ နောက်ပိုင်းကစပြီး လားရှိုးမြို့အနီး စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များအကြား စစ်ရေးတင်းမာလာပြီး စစ်ကောင်စီတပ်ဘက်က လားရှိုးမြို့သို့ဝင်သည့် အထက်ပိုင်း လမ်းကြောင်းအားလုံးကို ဘတ်ဖိုးနှင့်တူး၍ လမ်းများဖြတ်တောက်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” ပြီးနောက် တရုတ်ကြားဝင်မှုနှင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်များအကြား အပစ်အခတ်ရပ်စဲရေးလက်မှတ်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

စစ်ကောင်စီဘက်က ညီနောင်မဟာမိတ်တပ်များရှိသည့်ဘက်ကို လက်နက်ကြီးအပါအဝင် လေကြောင်းနှင့် အကြိမ်ကြိမ် လာရောက်ပစ်ခတ်နေတာကြောင့် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း တဖန် ပြန်လည်စတင်ဖြစ်ပွားလာနေသည်ဟု ဒေသခံများက ပြောဆိုသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here