ပုလောတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် ၁၀ ဦး ဒဏ်ရာရ

0
16
Photo - CJ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ဘဲမဒီကျေးရွာတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၇ ရက်နေ့ နေလည် ၁ နာရီခန့်၌ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘဲမဒီကျေးရွာကို ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်နှစ်စီးနှင့် ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်သွားသည်ဟု ဒေသခံများက ပြောသည်။

လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဘဲမဒီကျေးရွာနေ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘဲမဒီကျေးရွာဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဇွန် ၂၈ ရက်နေ့၌ ဒေသခံတချို့ နေရပ်ပြန်လာကြကြောင်း သိရသည်။

အလားတူ ဇွန် ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ် ဘန်လင်ရွာ၊ သမီးလှရွာ၊ ကျွဲထိန်းကုန်းကျေးရွာတို့ကို လေယာဉ်နှင့် ဗုံးကြဲခဲ့သည့်အတွက် ကျွဲထိန်းကုန်းကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါသည်။

ထိုသို့ဗုံးကြဲတိုက်ခိုက်မှုက အဆိုပါကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ဝင်ရောက်ခိုအောင်းနေသည့်အတွက် လုပ်ဆောင်ခဲ့တာဖြစ်သည်ဟု စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များ၌ ဖော်ပြထားသည်ကို တွေ့ရသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းသော ဒေသများဖြစ်ပြီး စစ်ကောင်စီဘက်က မြို့ပေါ်လောက်တွင်သာ ထိန်းချုပ်ထားနိုင်ပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here