တနင်္သာရီ၊ မောတောင်မြို့ ပွိုင့် ၃၀၀၀ နယ်စပ်စခန်း စစ်ကောင်စီစွန့်ခွာထွက်ပြေး

0
286
Photo - SBA

ထိုင်း – မြန်မာ နယ်စပ်မြို့ဖြစ်သည့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် မောတောင်မြို့က ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စွန့်ခွာထွက်ပြေးသွားသည်ဟု တောင်ပိုင်းညီနောင်များတပ်ပေါင်းစု စစ်ကြောင်းထံက သိရသည်။

စစ်ကော်စီတပ်အင်အား ၃၀ ကျော် တပ်စွဲထားသည့် ပွိုင့် ၃၀၀၀ နယ်စပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သော ဇွန် ၂၅ ရက်နေ့က စခန်းစွန့်ခွာ ထွက်ပြေးသွားတာဖြစ်ကြောင်း တောင်ပိုင်းညီနောင်များတပ်ပေါင်းစုက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာထွက်ပြေးသွားသော အဆိုပါနယ်စပ်စခန်းကို ကရင်အမျိုးသာလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဇွန် ၂၇ ရက်နေ့တွင် နယ်မြေရှင်းလင်းမှု လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

မောတောင် ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကို တော်လှန်ရေးအင်အားစုများက ရက်ပေါင်း ၂၀ ကျော်ကြာ ပိတ်ဆို့ထား သည့်အတွက် စစ်ကောင်စီဘက်က စခန်းစွန့်ခွာ ထွက်ပြေးသွားတာဖြစ်ကြောင်း တောင်ပိုင်းညီနောင်များ တပ်ပေါင်းစုစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံကိုစိုင်းညီက ပြောဆိုသည်။

စခန်းစွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်း – မြန်မာ နယ်စပ်ကနေ တဆင့် ထိုင်းအကူအညီနှင့် မောတောင်မြို့ထံ ပြန်လည်ရောက်ရှိသွားပြီဟု တောင်ပိုင်းညီနောင်များတပ်ပေါင်းစု စစ်ကြောင်းထံက သိရသည်။

ပွိုင့် ၃၀၀၀ နယ်စပ်စခန်းသည် မောတောင်မြို့နှင့် ၁၄ မိုင်ခန့်သာ ကွာဝေးပြီး နယ်စပ်လုံခြုံရေးအတွက် အလွန် အရေးပါသော တပ်စခန်းတစ်ခု ဖြစ်သည်ဟု တော်လှန်ရေးအင်အားစု တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရပါသည်။

အလားတူ ပြီးခဲ့သော ဇွန် ၁၅ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ တနင်္သာရီမြစ်နံဘေးတွင်ရှိသည့် ကျောက်လုံးကြီးဗျူဟာစခန်းကို စစ်ကောင်စီတပ်ဖွဲ့များက စွန့်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ဇွန် ၁၉ ရက်နေ့တွင် ကျောက်လုံးကြီးစခန်းကို ပြန်လည်ရယူနိုင်ရန် စစ်ကောင်စီ အင်အား ၂၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာရာတွင် KNLA ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကိုခံရတာကြောင့် စစ်ကောင်စီတပ် အထိနာပြီး တပ်ပြန်ဆုတ်သွားခဲ့သည်ဟု ဆိုသည်။

မှတ်တမ်းပြုစုထားသည့် အချက်အလက်များအရ တနင်္သာရီတိုင်းတွင် ယခုနှစ်အတွင်း စစ်ကောင်စီ တပ်စခန်း ၁၀ ခုကို တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်ရရှိထားပြီး တပ်စခန်း ၂ ခုကိုတော့ စစ်ကောင်စီဘက်က လက်လွှတ်စွန့်ခွာ ထွက်ပြေးခဲ့သည်ကို တွေ့ရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here