ဟုမ္မလင်းနှင့်ဖောင်းပြင်တို့မှ ဒေသခံ ၇ ဦးကို အကြမ်းဖက်မှုဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်

0
15

စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်မှ ဒေသခံ ၇ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်များဖြင့် ဇွန်လနောက်ဆုံးအပတ်ထဲတွင် စစ်ကောင်စီ၏ အရပ်ဘက်တရားရုံးမှ နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ကြောင်း သိရှိရသည်။

ဟုမ္မလင်းမြို့နယ် ခိုပဲဝရပ်ကွက်တွင်နေထိုင်သည့် ကိုညီညီနှင့် ဟုမ္မလင်းရပ်ကွက်မှ ကိုဘဒင်တို့နှစ်ဦးကို လူမှုကွန်ရက်ပေါ်တွင် NUG ၊ PDF များကို ထောက်ခံအားပေးမှုနှင့် PDF တပ်ဖွဲ့များကို သိရှိသော်လည်း သတင်းပေးရန် ပျက်ကွက်ခြင်းကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဟုမ္မလင်းမြို့ခံများက ပြောသည်။

“လိုင်းပေါ်မှာရေးလို့ ဖမ်းဆွဲသွားတာ၊ ဘာမှတော့လည်း မဟုတ်ဘူး။ PDF ကို သတင်းပေးတယ်ဆိုလား အဲ့လောက်ပဲ ကြားမိတယ်” ဟူ ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောဆိုသည်။

ကိုညီညီအား လူမှုကွန်ရက်ပေါ်တွင် NUG ၊ PDF များကို ထောက်ခံအားပေးမှု၊ PDF တပ်ဖွဲ့များကို သိရှိသော်လည်း သတင်းပေးမှု ပျက်ကွက်ခြင်းကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (ခ) အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ် (တစ်ပေါင်းတည်း) ကျခံရန် တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

ကိုဘဒင်ကိုလည်း NUG၊ PDF တပ်ဖွဲ့များဆီကို ငွေကြေးထောက်ပံ့ပေးမှု၊ သတင်းပေးမှု ပျက်ကွက်မှုကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင် ဖမ်းဆီးတရားစွဲဆိုပြီး တရားရုံးက ထောင်ဒဏ်စုစုပေါင်း ၁၃ နှစ် ချမှတ်ခဲ့သည်ဟု ဆိုသည်။

အလားတူ ဖောင်းပြင်မြို့နယ် အင်ကြင်းမြိုပ်ရပ်ကွက်တွင်နေထိုင်သည့် ကိုစံလင်း၊ မခင်မာလွင်၊ ကိုဇော်ဝင်းသိန်း ၊ ကျွန်းရွှေဝါရပ်ကွက်မှ မသဲစုဝင်း၊ ကုန်းအောက်တောင်းကျေးရွာမှ မဇင်မာဖြူတို့ကို PDF များထံ သတင်းပေးမှု၊ အားပေးထောက်ခံမှုများဖြင့် စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ၅ ဦးလုံးကို အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ဖမ်းဆီးခံရသူ ၂၀ ကျော် ရှိခဲ့ပြီး NUG၊ PDF များကို အားပေးထောက်ခံမှု၊ သတင်းပေးမှုတို့ကြောင့် အများဆုံးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here