စစ်ကိုင်းတိုင်းအတွင်း လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးကြောင့် သန်းခေါင်စာရင်းကောက်ယူမည့်ရက် ထပ်တိုးရန် ပြင်ဆင်မှုရှိနေ

0
12
ပုံစာ - သန်းခေါင်စားရင်းကောက်ယူရေးအဖွဲ့။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ မြေပြင်ကွင်းဆင်း သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို လုံခြုံရေးနှင့် အခြေအနေအရပ်ရပ်ကြောင့် ရက်တိုးကောက်ယူမည့်အစီအစဉ်များ ရှိနေသည်ဟု အုပ်ချုပ်ရေးဌာနများနှင့် နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက စစ်ကိုင်းတိုင်းကို ရောက်ရှိလာသည့် စစ်ကောင်စီ၏ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဌက သတ်မှတ်ထားသောရက်များတွင် ကောက်ယူဖို့ ကျန်ရှိနေပါက ရက်ထပ်တိုးပြီး ကောက်ခံရေး ကြိုတင်စီစဉ်ထားရန် ညွှန်ကြားပြောဆိုခဲ့သည်ဟု ဆိုသည်။

၂၀၂၄ ခုနှစ် သန်းခေါင်စားရင်းကောက်ယူရန်အတွက် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တအိမ်တက်ဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း ကြေညာထားရာ၌ အခြေအနေအရပ်ရပ်ကြောင့် လုံခြုံရေးနှင့် ရက်တိုးကောက်မည့် အစီအစဉ်များ ရှိနေသည်ဟု ဆိုသည်။

“သန်းခေါင်စာရင်းကောက်ဖို့ ဘာမှအကြောင်းမကြားလာသေးဘူး။ အခုက စစ်ဖြစ်နေတာဆိုတော့ တချို့ကောက်လို့ရတဲ့ နေရာတွေ ကောက်မယ်ထင်တယ်။ စစ်ကိုင်းမှာဆိုရင်တော့ ဒီစစ်ကိုင်း၊ မုံရွာတို့၊ သူတို့ (စစ်ကောင်စီ) အားကောင်းတဲ့နေရာတွေ စလုပ်မယ်ထင်တယ်၊ ဒီမှာက မသိရသေးဘူး” လို့ စစ်ကိုင်းတိုင်းအတွင်း အုပ်ချုပ်ရေးဌာနများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဇွန်လ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးတွင် စာရင်းကောက်ယူမည့်ရက် တိုးမြှင့်ကောက်ယူနိုင်ရေးနှင့် လုံခြုံရေး အပြည့်အဝယူပြီး ကောက်ယူရေး အစီအစဉ်များကို ထည့်သွင်းပြောဆိုထားသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းတွင် စစ်ကိုင်းမြို့တစ်ခုတည်းတွင်သာ “ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး” ဆိုင်းဘုတ် စိုက်ထူထားနိုင်ကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ယူနိုင်ရေးအတွက် စမ်းသပ်သန်းခေါင်စာရင်းကို မုံရွာမြို့နယ်တစ်ခုအတွင်းသာ ပြုလုပ်နိုင်ခဲ့သည်။

ယင်းအပြင် လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်တအိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရာတွင်လည်း စစ်ကိုင်းတိုင်းအတွင်း ကောက်ယူရေးအဖွဲ့များက အသက်အန္တရယ်ဆိုင်ရာ ခြိမ်းခြောက်မှုများ ကြုံတွေ့ခဲ့ရပြီး ပြည်သူများအနေဖြင့် ပူးပေါင်းမှုမရှိသလောက် ရှိခဲ့သည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန်အတွက် ရည်ရွယ်ပြီး ၎င်းတို့ထိန်းချုပ်ထားနိုင်သည့် မြို့များတွင် သန်းခေါင်းစာရင်းကောက်ယူမှုများကို ယခုဇွန်လအတွင်းတွင် ကောက်ယူရန် ပြင်ဆင်မှုများ ရှိနေကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here