ဗန်းမောက်မြို့နယ် သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဒု-ဥက္ကဌကို ပြန်မလွှတ်ပေးသေး

0
13
ပုံစာ - ဗန်းမောက်မြို့နယ် သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဒု-ဥက္ကဌ ဦးဆန်းဦး။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် KIA နှင့် PDF တို့က ဖမ်းဆီးသွားသည့် ဗန်းမောက်မြို့နယ် သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ ဦးဆန်းဦးကို ရက်ပေါင်း၂၀ ကျော် ကြာလာသော်လည်း ပြန်လည်လွတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ကတည်းက ဦးဆန်းဦးကို လေးသီကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်နေချိန်တွင် ဗန်းမောက်မြို့နယ်အတွင်းလှုပ်ရှားနေသည့် KIA နှင့် PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လေးသီဒေသခံတစ်ဦးက “ပြန်မလွတ်လာသေးဘူး။ သူတို့အိမ်ကတွေတော့ မျှော်တာပါ့အေး။ ပြန်လွှတ် ပေးစေချင်ပြီပါ့။ လယ်လုပ်ယာလုပ်ငန်း လုပ်တဲ့အချိန်ဆိုတော့ သူများတွေက ပျိုးတွေကြဲပြီးကုန်ပြီလေ။ သူတို့အိမ်က ပျိုးခင်းတောင် မလုပ်ရသေးဘူး” ဟု ပြောဆိုသည်။

ကိုဆန်းဦးကို ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ပြန်လည် လွတ်မြောက်ရေးအတွက် ဒေသခံများက တောင်ပိုင်းဒေသရှိ တော်လှန်ရေးအင်အားစုများဆီ သွားရောက် တောင်းဆိုမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးကြောင်း သိရသည်။

မြို့နယ်သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌဦးဆန်းဦး အဖမ်းခံရသည့် အကြောင်းအရင်းကို ယနေ့အချိန်အထိ သိရှိရခြင်း မရှိသေးပါ။

မြို့နယ်သျှမ်းနီစာပေယဥ်ကျေးမှု ဒုတိယဥက္ကဌ ဦးဆန်းဦး အဖမ်းခံထားရတာ ရက်ပေါင်း (၂၀) ကျော် ကြာခဲ့သော်လည်း ၎င်းလွတ်မြောက်လာနိုင်စေရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း တစုံတခုမှ မရှိသေးကြောင်း လေးသီဒေသခံများ ပြောဆိုမှုအရ သိရသည်။

ဒေသခံရှမ်းနီလူငယ်တစ်ဦးက “ပြောရမယ်ဆိုရင်တော့ကွာ သူတို့ (ရှမ်းနီစာပေယဉ်ကျေးမှုကော်မတီ) ခေါင်းကြီးတွေ မပါတဲ့ အခါကြတော့လေ၊ အမှန်တကယ်ကြရင် သူတို့ခေါင်းကြီးတွေက အာမခံပြီးမှ ပြောပေး ဆိုပေး ရမှာလေ။ တကယ်တမ်းကြလို့ရှိရင် ဒါ တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်လေ” ဟု ပြောသည်။

ဗန်းမောက်မြို့နယ်အတွင်းတွင် ၂၀၂၁ ခုနှစ်မှ စပြီး ၂၀၂၃ ခုနှစ် အထိ ရှမ်းနီလူငယ်များ ၊ သံဃာတော်များ ၊ အရပ်သားများ ဖမ်းဆီးခံခဲ့ရပြီး တချို့ ပြန်လည်လွတ်မြောက်လာသော်လည်း တချို့မှာ သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းမှတ်တမ်းများအရ သိရှိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here