မယ်စဲ့နေရပ်ပြန်ဒေသခံများ စားဝတ်နေရေး အခက်အခဲကြုံနေကြရ

0
13
ပုံစာ - မယ်စဲ့စစ်ရှောင်များ

ကရင်နီ (ကယား) ပြည် သံလွင်မြစ်အရှေ့ဘက်ခြမ်း မယ်စဲ့ဒေသရှိ နေရပ်ပြန်ဒေသခံများသည် ကုန်စည်စီးဆင်းမှု ပိုခက်ခဲလာပြီး ကုန်ဈေးနှုန်းများလည်း အဆမတန်တိုးမြင့်လာနေသောကြောင့် စားဝတ်နေရေး အခက်ကြုံနေကြကြောင်း သိရသည်။

နေရပ်ပြန် မယ်စဲ့ဒေသခံများမှာ ၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နီးစပ်ရာ ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသူများဖြစ်ကြပြီး ပြီးခဲ့သည့် စက်တင်ဘာလကစတင်၍ ယနေ့အချိန်ထိ တဖြည်းဖြည်းချင်း နေရပ်သို့ ပြန်လာနေကြသူများ စားဝတ်နေရေး အခက်ကြုံနေခြင်းဖြစ်သည်၊။

စစ်ရှောင်ဒေသခံတစ်ဦးက “စစ်ရှောင်ရင်းကနေ စစချင်း ပြန်ရောက်တော့ အရမ်းခက်ခဲပါတယ်။ ဘာလို့လဲဆိုရင် ပုံမှန် ကျနော်တို့က စိုက်ပျိုးရေးနဲ့ပဲ လုပ်ကိုင်စားသောက်ကြတာလေ။ အရင်နှစ်က မိုးတွင်းကြီး ပြေးလိုက်ရတော့ ဘာမှ မစိုက်လိုက်ရဘူး။ စိုက်ထားခဲ့တဲ့ဟာတွေလည်း ပေါင်းပင်တွေဖျက်လို့ ပေါင်းပင် မရှင်းခဲ့ရတော့ အပင်မသန် တိရိစ္ဆာန်တွေကဖျက် အကုန်ပျက်ကုန်တယ်။ ဘာတခုမှ ပြန်သိမ်းဆည်းလို့ မရခဲ့ဘူး။ ဘာမှ စုဆောင်းထားခဲ့ တာလည်း မရှိတော့ ဘာမှမရှိတော့ဘူး ဖြစ်သွားတယ်ပေါ့” ဟု လက်ရှိအခက်ခဲကို ပြောသည်။

မယ်စဲ့တိုက်ပွဲပြီးနောက် ဒေသတွင်း ယခင်ကထက် ကုန်စည်စီးဆင်းမှု ပိုခက်ခဲလာ၍ ကုန်ဈေးနှုန်းများလည်း အဆမတန် တိုးမြင့်လာနေသည်ဟု အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

“လမ်းခရီးကဝေးပြီး ကြမ်းတော့ လမ်းမှာ ကားပျက်တာတွေ လမ်းခရီးကြောင့် လမ်းမှာ ကုန်တွေပုပ်သိုး ပျက်သွား တာတွေ ရှိတယ်။ ဒါတွေကြောင့် ဟိုးဘက် လွိုင်ကော်၊ ဒီးမော့ဆိုဘက်မှာ ကုန်ဈေးနှုန်းက တစ်ဆဆိုရင် ဒီမှာက ၃ ဆ ၄ ဆ လောက်ထိ ခုန်တက်သွားတယ်” ဟု ပြောသည်။

မယ်စဲ့ဒေသခံများသည် မိမိနေရပ်သို့ ပြန်လည်နေထိုင်ကြပြီ ဖြစ်သော်လည်း စားဝတ်နေရေးအတွက် အလုပ်အကိုင် မည်မည်ရရ မရှိကြကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဒေသတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ယခင်ရှိရင်းစွဲ စိုက်ပျိုးရေးလုပ်ငန်းများလည်း မလုပ်ကိုင် နိုင်တော့သည့် အခြေအနေမျိုး ဖြစ်နေသည်ဟု ဒေသခံများက ဆိုကြသည်။

စစ်ရှောင်ဒေသခံအမျိုးသမီးတစ်ဦးက “စီးပွာရေး လုပ်ကိုင်စားသောက်ဖို့အတွက်က ဒေသခံတွေရဲ့ လူဦးရေ ၃ ပုံ ၂ ပုံ လောက်က ဘာအရင်းအနှီးမှ မရှိတဲ့အတွက် ဘယ်လိုမှ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေဘူး” ဟု ဒေသခံ များ၏ အလုပ်အကိုင် အခြေအနေနှင့် ပတ်သက်၍ ပြောသည်။

လက်ရှိအချိန်၌ ဒေသခံများသည် ကြုံရာကျပန်း အလုပ်များကို လုပ်ကိုင်နေကြပြီး ရာသီပေါ်သီးနှံများကို ရှာဖွေ ရောင်းချခြင်းဖြင့် လတ်တလော စားဝတ်နေရေး အခြေအနေကို ရင်ဆိုင်ဖြေရှင်းနေ ကြရသည်ဟုဆိုသည်။

မယ်စဲ့မြို့နယ်သည် ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများမတိုင်မီ (အာဏာမသိမ်းခင်ကာလများ၌) လွိုင်ကော်ဒေသမှ စားသောက်ကုန်ပစ္စည်းများကို အဓိကတင်သွင်းပြီး ထိုင်းနိုင်ငံဘက်မှ လူသုံးကုန်ပစ္စည်း အနည်းငယ် တင်သွင်းနေသည့် ဒေသလည်းဖြစ်သည်။

သို့သော်လက်ရှိတွင် ပြည်နယ်အနှံ့၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ မယ်စဲ့ဒေသထဲ ရောက်ရှိလာရေးအတွက်ပင် စိန်ခေါ်မှုများ ရှိနေသည်။

လမ်းပန်းဆက်သွယ်ရေး အခြေအနေအကြောင့် ကုန်စည်စီးဆင်းမှုများပင် ရပ်တန့်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here