စစ်တွေမြို့နယ်တွင် ကျေးရွာ ၁၄ ရွာကိုနှင်ထုတ်ပြီး စစ်ကောင်စီ ခံစစ်ပြင်ဆင်နေ

0
14

ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ရခိုင်လူမျိုးများနေထိုင်သည့် ကျေးရွာ ၁၄ ရွာထက်မနည်းကို စစ်ကောင်စီက ဒေသခံများ၏ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းပြီး စခန်းချတပ်စွဲလိုက်ကြောင်း သိရသည်။

ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်များနှင့် ထိစပ်နေသည့် ရေချမ်းပြင်၊ အုန်းရေဖော်၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲ၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်၊ သင်းပုန်းတန်း၊ ပျားလေချောင်းရွာဟောင်း၊ ပျားလေချောင်းရွာသစ်၊ မောင်နီပြင်၊ အမြင့်ကျွန်းနှင့် ဗျိုင်းဖြူကျေးရွာတို့တွင် တပ်စွဲထားခြင်းဖြစ်သည်။

ပျားလေချောင်းရွာမှ ထွက်ပြေးနေသူအမျိုးသမီးတစ်ဦးက “ကျမတို့ ပျားလေချောင်းရွာမှာ ရွာသားတစ်ယောက်မှ မရှိတော့ဘူး။ ရွာသားတချို့ကိုလည်း ဖမ်းသွားတာရှိတယ်။ အခု စစ်သားတွေ ရွာထဲဝင်ပြီးတော့ တပ်စွဲထားတယ်။ ရွာအပြင်က နေရာတွေမှာ ကတုတ်ကျင်းတွေ တူးထားတယ်။ ဒါတွေက ကျမနောက်ဆုံး သိထားတာပါ။ အခြားရွာတွေမှာလည်း ဒီလိုပဲလို့ သိရတယ်” ဟု ပြောသည်။

ယင်းအထဲက ရေချမ်းပြင်အပါအဝင် ရွာ ၁၂ ရွာကို စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၉ ရက်မှ ၁၄ ရက်အတွင်း စစ်တွေမြို့ပေါ်သို့ ပြောင်းရွှေ့စေခဲ့ပြီး အမြင့်ကျွန်းကျေးရွာကို ဇွန်လ ၂၆ ရက်နေ့တွင် အပြီးပြောင်းရွှေ့ ပေးရမည်ဟု စစ်ကောင်စီက ပြောဆိုထားကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

“ကျမတို့ ရွာသားတွေကို ဇွန်လ ၂၆ ရက်နေ့ နောက်ဆုံးထားပြီးတော့ ပြောင်းရွှေ့ရမယ်ဆိုပြီး အမိန့်ထုတ် ထားတယ်။ ဘယ်ကို သွားလို့သွားရမယ်မှန်း မသိသေးဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာပြီး ပြောင်းရွှေ့ခိုင်းတော့ ပြောင်းရွှေ့ရမှာပေါ့။ မပြောင်းရွှေ့ရင် ဗျိုင်းဖြူရွာဖြစ်စဉ်လို ဖြစ်မှာလည်း စိုးရိမ်ရတယ်” ဟု အမြင့်ကျွန်းဒေသခံတစ်ဦးက ပြောသည်။

စစ်တွေမြို့စွန် ဆတ်ရိုးကျရပ်ကွက်ရှိ ဗျိုင်းဖြူရွာတွင် မေလ ၂၉ ရက်က ဒေသခံ ၈၀ နီးပါးကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးနောက် ကျေးရွာသားများကို နှင်ထုတ်ပြီး တပ်စွဲထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၂၂ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့သည် အမြင့်ကျွန်းကျေးရွာကို ဝင်ရောက်ကာ ကလေးများ အပါအဝင် ဒေသခံ ၆၀ ခန့်ကို ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးပေ။ လက်ရှိတွင် ကျေးရွာသားများမှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၀၁၉ ခုနှစ် စာရင်းအရ စစ်တွေမြို့နယ်တွင် ကျေးရွာအုပ်စု ၂၇ စု၊ ကျေးရွာ ၈၈ ရွာ ရှိသည်။

မောင်နီပြင်၊ သင်းပုန်းတန်း၊ ချောင်းနွယ်၊ ကျက်တောပြင်၊ အောင်ဒိုင်၊ ရွာသစ်ကေ၊ နာရီကန်၊ ကြွီတဲ၊ ကျားမသောက်၊ အမြင့်ကျွန်း စသည့် ရခိုင်လူမျိုးများ သီးသန့်နေထိုင်သည့် ကျေးရွာ ၄၀ ရွာကျော်ရှိပြီး ယင်းတို့အထဲမှ ၁၄ ရွာကို စစ်ကောင်စီက နှင်ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် စစ်တွေမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများမှာ AA သိမ်းပိုက်ထားသည့် ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော စသည့် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ရွှေ့ပြောင်းခံရသူ အမျိုးသမီးတစ်ဦးက “အခုဆိုရင် ဒီကိုရောက်နေတာ လဝက်ခန့် ရှိသွားပြီ။ လူတွေသိပ်များတော့ နေထိုင်ရတာတွေ အဆင်မပြေဘူး။ စားဝတ်နေရေးတွေလည်း အဆင်မပြေဘူး။ ရွာမှာဆိုရင် ရှာကြံပြီးတော့ စားသောက်လို့ ရသေးတယ်” ဟု ပြောသည်။

အတင်းရွှေ့ပြောင်းခံရသည့် ကနဦးကျေးရွာများမှ ဒေသခံများမှာ စစ်တွေမြို့ရှိ ဓမ္မာရာမ၊ ဝိဘဇ္ဇဝါဒီ၊ စစ်ကဲ စသည့် ဘုန်းတော်ကြီးကျောင်းများနှင့် တခြားနေရာများတွင် ခိုလှုံနေကြပြီး စစ်ကောင်စီက စားနပ်ရိက္ခာ ကူညီ ထောက်ပံ့မှု မရှိသည့်အပြင် လူမှုအဖွဲ့အစည်းများကလည်း ကူညီထောက်ပံ့ရန် မလွယ်ကူဖြစ်နေသဖြင့် စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။

စစ်တွေမြို့တွင် စစ်ကောင်စီက နေရာအနှံ့ လုံခြုံရေးတိုးမြှင့်ထားပြီး ဒေသခံများကိုလည်း ဖမ်းဆီးမှုများရှိနေ၍ စိတ်မလုံခြုံမှုများစွာဖြင့် နေထိုင်နေကြရသည်ဟု စစ်တွေဒေသခံများက ပြောသည်။

စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက “စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်ထားတယ်။ နောက်ပြီး ဒေသခံတွေကိုလည်း ဖမ်းဆီးမှုတွေ ရှိတယ်။ သူတို့လုပ်ချင်သလို လုပ်နေကြတာ။ လူတွေက အိမ်အပြင်ကိုတောင် မထွက်ရဲ ကြတော့ဘူး” ဟု ပြောသည်။

စစ်ကောင်စီက မြို့အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများကို မြို့အတွင်းသို့ ပြောင်းရွှေ့နေထိုင်စေခြင်းမှာ စိုးရိမ်စရာ အခြေအနေဖြစ်ပြီး AA ထိုးစစ်ဆင်လာပါက လူသားဒိုင်းအဖြစ်ထားရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ပြောဆိုကြသည်။

“စစ်ရေးအရ ဆုံးရှုံးမှုတွေများနေတဲ့ စစ်ကောင်စီက စစ်တွေမြို့ကို AA ထိုးစစ်ဆင်မှာကို စိုးရိမ်နေတယ်။ AA က လည်း ဘယ်အချိန်မဆို ထိုးစစ်ဆင်နိုင်တယ်။ ဒါကြောင့် တိုက်ပွဲဖြစ်လာရင် အဲဒီရွာသားတွေကို ဓားစာခံအဖြစ် ထားဖို့အတွက် လုပ်ဆောင်နေတာ။ တိုက်ပွဲဖြစ်ရင်တော့ ဒေသခံတွေအတွက် စိုးရိမ်စရာကောင်းတယ်” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင် စစ်ကောင်စီ၏ ဒကစ ဌာနချုပ်၊ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ နှင့်အတူ အမှတ် ၁၂ နှင့် အမှတ် ၃၆ ရဲတပ်ရင်းတို့ရှိပြီး မြို့ပတ်ပတ်လည်တွင် စစ်ကောင်စီက မိုင်းထောင်ထားမှုများ ရှိနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here