“JFM ရဲ့ ရည်ရွယ်ချက်က မြန်မာပြည်သူတွေနဲ့ ကမ္ဘာတဝန်းက မိတ်ဖက်တွေ အတူတကွပူးပေါင်းပြီး စစ်တပ်ရဲ့ဘဏ္ဍာငွေ၊ စစ်လက်နက်၊ ပစ္စည်းကိရိယာ၊ နည်းပညာနဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်နိုင်ခြင်း မှတဆင့် မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို အပြီးဖျက်သိမ်းရေးပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ဖို့အတွက် မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” မရတနာမောင် – Justice for Myanmar အဖွဲ့ပြောရေးဆိုခွင့်ရှိသူ

0
51
Photo – JFM

စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရေး ထောက်တိုင်အဖြစ် ပါဝင်ဆက်နွယ်ကြသည့်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို စောင့်ကြည့်ဖော်ထုတ်နေသည့် Justice for Myanmar အဖွဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်နှင့် သွယ်မေးမြန်းချက်။

မြန်မာစစ်အုပ်စုသည် အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးနှင့် မြန်မာ့နိုင်ငံရေးတွင် ခေတ်အဆက်ဆက်မှသည် ရှေ့ဆက်လက်၍ စိတ်တိုင်းကျ ခြယ်လှယ်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများ၊ လူပုဂ္ဂိုလ်နှင့် လက်နက်ကိုင် အဖွဲ့အချို့ကို ကျောထောက်နောက်ခံပြု လုပ်ပိုင်ခွင့်ပေးထားပြီး အပြန်အလှန်အကျိုးပြုခြင်းအားဖြင့် မြန်မာပြည်သူများအပေါ် အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုများ ကျုးလွန်နေပါသည်။

Justice for Myanmar (JFM) သည် စစ်ကောင်စီနှင့် ပတ်သက်နေသော ကရင်နယ်ခြားစောင့်တပ် (BGF) ကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့ အပါအဝင် စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှုများတွင် တနည်းအားဖြင့် ဆက်နွယ်နေသော စီးပွားရေး လုပ်ငန်းများ၊ လူပုဂ္ဂိုလ်များအား အဓိကထား စောင့်ကြည့်ဖော်ထုတ်၍ တိုက်ဖျက်ရေး လုပ်ဆောင်နေသော အဖွဲ့တစ်ခုဖြစ်သည်။

ထိုသို့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး ထောက်တိုင်အဖြစ် ပါဝင်ဆက်နွယ်ကြသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို စောင့်ကြည့်ဖော်ထုတ်နေသည့် Justice for Myanmar (JFM) ကို ဖွဲ့စည်းခဲ့ရသည့် ရည်ရွယ်ချက်၊ စိန်ခေါ်မှု အခက်အခဲများ၊ ရှေ့ဆက်မျှော်မှန်း ဆောင်ရွက်ချက်များအား သိရှိနိုင်ရန် JFM အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။    ။ Justice for Myanmar အဖွဲ့အကြောင်းနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ JFM အဖွဲ့ကို ဖွဲ့စည်းခဲ့လဲဆိုတာ ပြောပြပေးနိုင်လား။

ဖြေ။     ။ Justice for Myanmar ဟာ သုတေသနလေ့လာမှု၊ အချက်အလက်နဲ့ ပုံဖော်ပြသမှု၊ အစီရင်ခံ တင်ပြမှုတွေကို အသုံးပြုပြီး မြန်မာနိုင်ငံအတွင်း ရက်စက်ကြမ်းကြုတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူအစုလိုက် အပြုံလိုက် ဒုက္ခရောက်စေမှုတွေကတဆင့် အကျိုးအမြတ်ဖြစ်ထွန်းနေတဲ့ ကုမ္ပဏီတွေနဲ့ ရာဇဝတ်ကောင်တွေကို ဖော်ထုတ်တိုက်ဖျက်နိုင်ရေး တက်ကြွလှုပ်ရှားသူတွေ စုစည်းထားတဲ့ လျှို့ဝှက်အဖွဲ့အစည်းဖြစ်ပါတယ်။

မြန်မာစစ်တပ်က အင်စတီကျူးရှင်းတစ်ခုအနေနဲ့ အလွန်လျှို့ဝှက်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီလျှို့ဝှက်မှုက အကျင့်ပျက် ခြစားမှုဗလပွနဲ့အတူ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအထိ သက်ဝင်ရောက်ရှိနေပါတယ်။ မြန်မာစစ်တပ်ဟာ ဦးပိုင်ကုမ္ပဏီတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေ၊ ဟန်ပြကုမ္ပဏီတွေနဲ့ ခရိုနီကုမ္ပဏီတွေပါဝင်တဲ့ ရှုပ်ထွေးတဲ့ကွန်ရက်ကနေ တဆင့် ၎င်းတို့ရဲ့စီးပွားရေးလက်တံ ဖြန့်ကျက်ချထားမှုကို ဖုံးကွယ်ထားပြီး၊ ပိုင်ရှင် အစစ်အမှန်ကို ကွယ်ဝှက်မှုတွေလည်း ရှိပါတယ်။

အချိန်ကြာလာတာနဲ့အမျှ စစ်တပ်က မြန်မာစီးပွားရေး အစိတ်အပိုင်းတွေကို ထိန်းချုပ်ဖို့နဲ့ ကြီးမားတဲ့ အကျိုးအမြတ်တွေကို ပိုင်ဆိုင်ခံစားနိုင်ဖို့ ၎င်းကွန်ရက်ကို တိုးချဲ့ လာခဲ့ပါတယ်။  JFM အနေနဲ့ စစ်ရာဇဝတ် ဂိုဏ်းကို ဖျက်သိမ်းနိုင်ရေး ကြိုးပမ်းမှုအဖြစ် စစ်အုပ်စုဆီကို ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ အရပ်ဘက် – စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများ စီးဆင်းနေမှု ဖြတ်တောက်ရေးမှာ အဓိကကျတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ အစိုးရတွေကို ဖိအားပေးနိုင်ဖို့အတွက် စစ်တပ်ရဲ့ ပြည်တွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တွေကို ဖော်ထုတ်နိုင်ရေး ကြိုးစား လုပ်ဆောင်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ထားပြီး၊ မြန်မာနိုင်ငံတဝန်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ စစ်တပ်နဲ့ ရင်ဆိုင်ပတ်သက်နေတာ ဖြစ်တဲ့အတွက် စစ်တပ်ရဲ့ စီးပွားရေး ဆက်နွှယ်မှုတွေ၊ စစ်လက်နက် ဝယ်ယူရေးကွန်ရက်တွေကို ဖော်ထုတ်ရေးဟာ အန္တရာယ်များတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် ဒါဟာ လုပ်ကိုလုပ်ရမှာလည်း ဖြစ်ပါတယ်။

မေး။    ။ JFM စတင်ဖွဲ့စည်းကတည်းက လုပ်ဆောင်လာတဲ့ လုပ်ဆောင်ချက်တွေက ဘာတွေရှိမလဲ၊ ပြောပြပေးပါ။

ဖြေ။     ။ JFM အနေနဲ့ အများပြည်သူ လက်လှမ်းမီတဲ့သတင်းရင်းမြစ်တွေနဲ့ လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေကို အသုံးပြုပြီး၊ စစ်တပ်ကို လက်နက်နဲ့ငွေကြေး ထောက်ပံ့နေကြတဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝန်းက ဒုစရိုက်ရာဇဝတ် စီးပွားရေးကွန်ရက် အရှုပ်အထွေးကို ကြိုးပမ်းရှင်းထုတ်နိုင်ဖို့အတွက် လေ့လာဆန်းစစ်မှုတွေနဲ့အတူ သုတေသနအစီရင်ခံစာတွေကို ထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်နဲ့ မိတ်ဖက် ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စစ်လက်နက်ပွဲစားတွေကို မီးမောင်းထိုး ဖော်ပြနိုင်ရေးအတွက် ဥပဒေကို အသုံးပြု၍လည်းကောင်း၊ လူမှုကွန်ရက်ကို အသုံးပြု၍လည်းကောင်း လုပ်ဆောင်နေပါတယ်။

မီဒီယာတွေအပါအဝင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်တပ်နဲ့ ဆက်နွှယ်မှုတွေကို ဖြတ်တောက်ရေး အတွက် ဖိအားပေးကြိုးပမ်းမှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်လျက် ရှိပါတယ်။ စစ်တပ်စီးပွားရေး မိတ်ဖက်တွေက မတူညီတဲ့ နိုင်ငံအသီးသီးမှာ ရှိနေတာဖြစ်တဲ့အတွက် မြန်မာနဲ့ကမ္ဘာတဝန်းက အခြားသော တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေနဲ့ သုတေသီများစွာရဲ့ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုတွေသာ မရရှိခဲ့ရင် JFM အနေဖြင့် ဒီအလုပ်တွေ ပြီးမြောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒီလူတွေက နိုင်ငံတကာ ရာဇဝတ်မှုတွေကို စစ်တပ်ကျူးလွန်ရာမှာ အဓိကကျတဲ့ ဆက်ထုံးတွေကို လှစ်ဟ ဖော်ပြနိုင်ဖို့ လုပ်ဆောင်ခဲ့ ကြသူတွေ ဖြစ်ပါတယ်။ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် စစ်တပ်နဲ့ လုပ်ဆောင်တဲ့ စီးပွားရေး လုပ်ငန်းတွေကနေ ဒေါ်လာသန်းရာပေါင်းများစွာသော ရင်းနှီးမြှုပ်နှံမှုတွေ ရုတ်သိမ်း သွားအောင် နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတွေကို တွန်းအားပေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေကလည်း ကမ္ဘာ့အနှံ့မှာရှိတဲ့ စစ်ရာဇဝတ်ဂိုဏ်း ကွန်ရက်ကို တားဆီးဟန့်တားနိုင်ရေး စတင်နေပြီ ဖြစ်ပါတယ်။

JFM အနေနဲ့ ဥရောပ၊ အရှေ့တောင်အာရှ၊ အမေရိကန်၊ ယူကေ၊ အစ္စရေး၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် သြစတြေးလျ နိုင်ငံတစ်ဝှမ်းရှိ မြန်မာစစ်တပ်ရဲ့ ရာဇ၀တ်မှုတွေမှာ ကြံရာပါပတ်သက်ဆက်နွှယ်နေကြတဲ့ အစိုးရ တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း စုံစမ်းထောက်လှမ်း သုတေသနလေ့လာမှုတွေ လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကရင်ပြည်နယ်အပါအဝင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့် လုပ်ဆောင်လာနေချိန် JFM အနေနဲ့ လေယာဉ်ဆီ ထောက်ပံ့ရောင်းချရာမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ အကြောင်း သတင်းအချက်အလက်တွေကို ဆက်လက်စုဆောင်း လုပ်ဆောင်နေပါတယ်။

“မရဏကုန်စည်” ဆိုတဲ့ အစီရင်ခံစာထုတ်ဝေရာမှာလည်း Amnesty International နဲ့အတူ ပူးပေါင်းဆောင်ရွက် ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ Asia Sun Group/ Shoon နဲ့ မြန်မာ့ရေနံဓါတုဗေဒ လုပ်ငန်းတို့က မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်ကူညီထားကြောင်း တွေ့ရှိခဲ့ပါတယ်။ သွေးစွန်းငွေ ဖြတ်တောက်ရေးကမ်ပိန်း (BMC) တို့လို မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေ၊ Burma Campaign UK အပါအဝင် မြန်မာအရေးအတွက် သွေးစည်းညီညွတ်ကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကလည်း လေယာဉ်ဆီ ရောင်းချမှု ပိတ်ဆို့ရေး စတင်လုပ်ဆောင်ဖို့ အမေရိကန်၊ ယူကေ၊ ကနေဒါနဲ့ အီးယူတို့အပေါ် မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှုကို အားမြှင့်ပေးခဲ့ပါတယ်။

ဒါပေမယ့် ဒီထက်ပိုပြီး လုပ်ဆောင်ဖို့ရာ လိုအပ်နေပါသေးတယ်။ ကနေဒါတစ်နိုင်ငံတည်းကသာ လေယာဉ်ဆီ ပိတ်ပင်ရေး ပြဌာန်းထားပါသေးတယ်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က စစ်အုပ်စုအတွက် အကြီးဆုံး ဝင်ငွေရင်းမြစ်အဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုက အကြမ်းဖက် စစ်ပွဲ ဆင်နွှဲနေတာတွေကို ဟန့်တားနိုင်ဖို့ အတွက်ဆိုရင် MOGE အပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ MOGE အပေါ် ယူကေ၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတို့က ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ထားခြင်း မရှိသေးပါဘူး။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရာမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်ခြင်းမရှိအောင် ပူးပေါင်းညှိနှိုင်းချမှတ်ဖို့နဲ့ ကွန်ရက်တစ်ခုလုံးကို ပစ်မှတ်ထားချမှတ်ဖို့ အရေးကြီး ပါတယ်။

မေး။    ။ မကြာသေးမီကလည်း JFM အနေနဲ့ ကရင်နယ်ခြားစောင့်တပ် -BGF လို အဖွဲ့အစည်းကြီးရဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကို နှိုက်နှိုက်ချွတ်ချွတ် ဖော်ထုတ်ထားနိုင်တာတွေ့ရတယ်။ အဲဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် စိုးရိမ်ချက်နဲ့ စိန်ခေါ်မှု ဘာတွေရှိခဲ့ပါလဲ။

ဖြေ။     ။ ကရင် BGF/KNA က ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ ကျူးလွန် နေတာတွေအတွက် တာဝန်ရှိပါတယ်။ တရားမဝင် စစ်အုပ်စုနဲ့ ၄င်းရဲ့ အကြမ်းဖက်စစ်ဆင်ရေးကိုလည်း ပံ့ပိုးကူညီ ပေးနေပါတယ်။ စစ်အုပ်စုလိုပဲ ကရင် BGF/KNA က ဆိုက်ဘာငွေလိမ်လုပ်ငန်း၊ တရားမဝင် ကာစီနိုလုပ်ငန်း၊ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုနဲ့ ကျွန်ပြုခိုင်းစေမှုတွေကနေ အကျိုးအမြတ်ရရှိနေတဲ့ ရာဇဝတ်အဖွဲ့အစည်းတရပ် ဖြစ်ပါတယ်။

JFM အနေဖြင့် ကရင် BGF ရဲ့ စီးပွားရေးကွန်ရက်နဲ့ အုပ်စုဖွဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်မှုတွေအကြောင်း အထောက်အထားတွေကို အချိန်အတန်ကြာ စုဆောင်းရယူ ခဲ့ပါတယ်။ ကရင် BGF ကွန်ရက်နဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်မှုအကြောင်း သက်သေအထောက်အထား မြောက်များစွာကို ရှာဖွေနိုင်ခဲ့ပေမယ့် ဖုံးကွယ်ထားတဲ့ အထောက်အထားတွေများစွာ ကျန်ရှိနေပါသေးတယ်။ ၎င်းတို့ ဘယ်လိုအလုပ်လုပ်ဆောင်တယ်၊ ဘယ်သူတွေနဲ့ လုပ်ဆောင်တယ် ဆိုတာတွေကို ဆက်လက်ဖော်ထုတ်ဖို့ လိုပါသေးတယ်။ ဒါတွေကို အများပြည်သူသိရှိအောင် များများဖော်ထုတ်နိုင်လာလေ၊ ဒီရာဇဝတ်ကောင်တွေ အတွက် အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ဆိုတာတွေဟာ ခက်ခဲလာလေပဲ ဖြစ်ပါလိမ့်မယ်။

ဒီရာဇဝတ်ကွန်ရက်က မြန်မာပြည်သူတွေအတွက် ခြိမ်းခြောက်မှုတရပ် ဖြစ်သလို၊ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်တရပ်လည်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ကရင် BGF/KNA ဟာ ကရင့်တော်လှန်ရေး ကိုလည်း ထိခိုက်ပျက်ပြားစေတယ်လို့ ရှုမြင်ပါတယ်။ ကရင် BGF/KNA နဲ့ ၎င်းတို့ မိသားစုတွေဟာ ဒေသတွင်းလူထု၊ ကျွန်ကဲ့သို့ ခိုင်းစေခံနေရတဲ့ မြန်မာနဲ့ကမ္ဘာတဝန်းမှ အလုပ်သမားတွေ၊ နေရာအသီးသီးမှ ဆိုက်ဘာငွေလိမ် ခံခဲ့ရသူတွေအပေါ် အတိဒုက္ခများစွာ ကျရောက်စေမှုကနေ ကြွယ်ဝချမ်းသာလာခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရေးအတွက် မြန်မာစစ်တပ်ရာဇဝတ်ဂိုဏ်းနဲ့ ၄င်းရဲ့မိတ်ဖက် ပြည်သူ့စစ်အဖွဲ့တွေကို မဖြစ်မနေ ဖျက်သိမ်းရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာရာဇတ်မှု ကျူးလွန်သူတွေကို တာဝန်ခံ စေရပါမယ်။ အစိုးရများအနေနဲ့ ကရင် BGF/KNA အဖွဲ့နဲ့ ၄င်းရဲ့ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဒါရိုက်တာတွေ၊ ရှယ်ယာရှင်တွေနဲ့ အားပေးကူညီသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုံလုံလောက်လောက် ချမှတ်ရမှာ ဖြစ်ပါတယ်။ JFM ရဲ့ မကြာသေးမီက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေရဲ့ အမည်တွေကို ဖော်ပြပေးထားပါတယ်။

မေး။    ။ BGF ရဲ့ တရားမဝင်စီးပွားရေးနဲ့ ပါဝင်ပတ်သက်သူတွေကို အရေးယူဖို့တောင်းဆိုတာအပြင် သူတို့ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် JFM အနေနဲ့ သီးသန့်ဖော်ထုတ်သွားဖို့ အစီအစဥ် ရှိပါလား။

ဖြေ။     ။ ကရင်နယ်ခြားစောင့်တပ်၊ ကရင်အမျိုးသားတပ်မတော်အကြောင်း JFM က စုံစမ်းထောက်လှမ်း သုတေသနပြုရာမှာ အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ စံမြင့် (စောချစ်သူ)၊ သူ့မိသားစုနဲ့ ကရင် BGF/KNA အဖွဲ့ဝင်တွေ အကြောင်း အထူးအလေးထား ကြည့်ရှုခဲ့ပြီး၊ ၎င်းတို့ရဲ့ ကော်ပိုရိတ်ဖွဲ့စည်းပုံကို ဖော်ထုတ်ခဲ့ပါတယ်။ နောက် ၎င်းတို့ရဲ့ ဒေသတွင်းကွန်ရက်အကြောင်း ဘာတွေဖော်ထုတ်လို့ရမလဲဆိုတာကို ကြည့်ရှု့ ခဲ့ပါတယ်။ JFM အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း စုံစမ်းထောက်လှမ်း သုတေသနပြုမှု လုပ်ဆောင်ခဲ့ခြင်း မရှိတာကြောင့် ကရင် BGF ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ဖော်ပြနေတဲ့ Karen Human Rights Group ရဲ့ မှတ်တမ်းလေ့လာမှု အများအပြားကို မှီခိုအသုံးပြုခဲ့ပါတယ်။

JFM အနေနဲ့ တရားမဝင် ရက်စက်ကြမ်းကြုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တရုတ်နဲ့ ဟောင်ကောင် နိုင်ငံတွေက ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေနဲ့ မိတ်ဖက်ဆောင်ရွက်ခြင်း ဖြစ်နိုင်ဖွယ်တွေနဲ့အတူ ယင်းပြည်သူ့စစ်အဖွဲ့ရဲ့ ပါဝင်ပတ်သက်မှုအကြောင်း အသေးစိတ်အချက်အလက်တွေကို ရှင်းလင်းစွာတွေ့ရှိခဲ့ပါတယ်။ စံမြင့် (စောချစ်သူ)၊ သူ့မိသားစုနဲ့ ကရင် BGF/KNA အဖွဲ့ဝင် အနည်းစုဟာ တရုတ်၊ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ စင်ကာပူ နိုင်ငံသားလက်မှတ်တွေ ကိုင်ဆောင်ထားတဲ့ ရာဇဝတ်လုပ်ငန်း မိတ်ဖက်တွေနဲ့ပူးပေါင်းပြီး ကြီးမားကျယ်ပြန့်တဲ့ ရာဇဝတ်စီးပွားကွန်ရက်တစ်ခုကို တည်ဆောက်ထားပါတယ်။

ဒီရာဇဝတ်စီးပွားကွန်ရက်ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကနေ အကျိုးအမြတ်ရရှိနေတဲ့ မြန်မာစစ်တပ် တဖြစ်လဲ တရားမဝင်စစ်အုပ်စုရဲ့ အကူအညီ၊ အကာအကွယ်ပေးမှုတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ရာဇဝတ်ဂိုဏ်းတွေအပါအဝင် ကရင် BGF/KNA ရဲ့ မိတ်ဖက်တွေနဲ့ အားပေးကူညီသူတွေကို ဆက်လက်ဖော်ထုတ်ဖို့ ကျန်ရှိနေပါသေးတယ်။ JFM အနေဖြင့် KIC နဲ့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းအားထုတ်ထားမှုတွေကို အသုံးပြုခဲ့ပြီး၊ JFM ရဲ့ အစီရင်ခံစာမှာ အဲဒါတွေကို ဖော်ပြထားပါတယ်။

ဥပမာအားဖြင့် Karen Peace Support Network က ရွှေကုက္ကိုလ် “ရထိုက်မြို့သစ်” စီမံကိန်းအကြောင်း မှတ်တမ်းပြုလေ့လာထားတာကို တွေ့နိုင်ပြီး၊ KIC အနေနဲ့လည်း ကရင် BGF ရဲ့ အကျင့်ပျက်ချစားပြီး၊ ရက်စက်ကြမ်းကြုတ်တဲ့ စီးပွားရေးလုပ်ဆောင်မှုများစွာကို သတင်းရေးသား အစီရင်ခံထားတာကို တွေ့နိုင်ပါတယ်။

မေး။    ။ စိန်ခေါ်မှုများတဲ့ စုံစမ်းဖော်ထုတ်မှုတွေ လုပ်ဆောင်ခြင်းအားဖြင့် JFM ရဲ့ မျှော်မှန်းချက်ကို သိပါရစေ။

ဖြေ။     ။ JFM ရဲ့ ရည်ရွယ်ချက်က မြန်မာပြည်သူတွေနဲ့ ကမ္ဘာတဝန်းက မိတ်ဖက်တွေ အတူတကွပူးပေါင်းပြီး စစ်တပ်ရဲ့ဘဏ္ဍာငွေ၊ စစ်လက်နက်၊ ပစ္စည်းကိရိယာ၊ နည်းပညာနဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်နိုင်ခြင်း မှတဆင့် မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို အပြီးဖျက်သိမ်းရေးပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ဖို့အတွက် မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီအကျင့်ပျက် ခြစားနေတဲ့ကွန်ရက်တွေကို ဖော်ထုတ်ရာမှာ နွေဦးတော်လှန်ရေးအတွင်း တိုးတက်မှုများစွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ် ဒါဟာခရီးရှည်တစ်ခု ဖြစ်ပါတယ်။ စစ်အုပ်စုကို အနိုင်တိုက်ရုံသာမက မြန်မာပြည်သူတွေဆီက ၎င်းတို့ခိုးယူထားတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်ရယူနိုင်ဖို့၊ တရားမျှတမှုရှိဖို့တွေအတွက် ဆက်လက် လုပ်ဆောင်စရာများစွာ ကျန်ရှိနေပါသေးတယ်။

မေး။    ။ ထပ်ဖြည့်ပြောချင်တာ (သို့မဟုတ်) ပြည်သူကိုသတင်းစကားပါးချင်တာများရှိလား။

ဖြေ။     ။ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က လုပ်ကိုင်လည်ပတ်နေတဲ့ လူမှုဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်စေတဲ့ ဘိလပ်မြေစက်ရုံကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေဟာ စစ်ရာဇဝတ်ဂိုဏ်းကို ဆန့်ကျင်ရေး၊ ရက်စက် ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ပံ့ပိုးနေတဲ့ ဘဏ္ဍာငွေစီးဆင်းမှုကို ရပ်တန့်ရေး စတာတွေကို ဆောင်ရွက်ဖို့ JFM အပါအဝင် များစွာသော အခြားအဖွဲ့အစည်းတွေကို ကြီးမားတဲ့ လှုံ့ဆော်မှုပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာပြည်သူတွေဟာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်း ကြိုးပမ်းမှုကို သတ္တိပြောင်မြောက်စွာနဲ့ ကန့်ကွက်ဆန့်ကျင်ခဲ့ကြပြီး၊ စစ်တပ်ကို ဖျက်သိမ်းဖို့နဲ့ အာဏာရှင် ကင်းစင်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် နွေဦးတော်လှန်ရေးအတွင်း ၎င်းတို့ရဲ့ အသက်တွေ၊ ဘဝတွေနဲ့ရင်းပြီး ဆက်လက်စွန့်စားလျက် ရှိပါတယ်။ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်ရာဇဝတ်ဂိုဏ်းရဲ့ ကမ္ဘာတဝန်းကွန်ရက်ကို ထိုးနှက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ညီညီညွတ်ညွတ်ချမှတ်ဖို့နဲ့ အရပ်သားပြည်သူတွေရဲ့ ဘဝတွေကို ကာကွယ်နိုင်ရေးအတွက် စစ်အုပ်စုဆီကို အခွန်ငွေနဲ့ စစ်လက်နက်၊ ပစ္စည်းကိရိယာ၊ နည်းပညာနဲ့ လေယာဉ်ဆီတွေ စီးဆင်းနေမှုကို အပြီးတိုင် ဖြတ်တောက်နိုင်ရေး ရှေ့တိုး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သူတို့အနေနဲ့ အခုအချိန်ဟာ စစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ မြန်မာပြည်သူ တွေရဲ့အသံကို ဂရုတစိုက်နားထောင်ဖို့နဲ့ မြန်မာပြည်သူတွေနဲ့ အတူရှိကြောင်းပြသဖို့ အချိန်တန်ပြီပဲ ဖြစ်ပါတယ်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here