“အဓိကက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ၂၀၂၅ မှာ ရွေးကောက်ပွဲ ဝင်ကိုဝင်ရမယ်၊ ရွေးကောက်ပွဲ ဖြစ်ကို ဖြစ်မှာ။ ဖြစ်ပြီဆိုရင် အရပ်သားအစိုးရပေါ်လာရင် တိုင်းပြည်က အေးချမ်းသွားမှာပေါ့” ဦးစိုင်းအိုက်ပေါင်း – ဥက္ကဋ္ဌ / ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)

0
50
ပုံစာ - ကျားဖြူပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း

“၂၀၂၅ ရွေးကောက်ပွဲလာရင် ဝင်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ” ဟု ပြောဆိုလာသည့် ကျားဖြူပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် ဆက်သွယ်မေးမြန်းချက်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ နိုင်ငံရေးပါတီအစုအဖွဲ့ကို စစ်ကောင်စီက ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၄ ခု တို့မှ ပူးတွဲခေါင်းဆောင်သွားရန် ရွေးချယ်လိုက်သည်။

စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ (၄၇) ပါတီထဲမှ (၄၅) ပါတီတို့ မေလ ၂၅ နှင့် ၂၆ ရက်များတွင် တွေ့ဆုံခဲ့ကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ပြည်သူ့ပါတီ (PP) မှ ဦးကိုကိုကြီး၊ ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဒေါက်တာအေးမောင်နှင့် ရှမ်းနှင့် တိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဦးစိုင်းအိုက်ပေါင်းတို့က UPDJC ၏ နိုင်ငံရေးပါတီ အစုအဖွဲ့ကို ပူးတွဲ ဦးဆောင်သွားမည် ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက်ပိုင်း UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို (၂) ကြိမ် ထက်မနည်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ရာတွင် ဥက္ကဋ္ဌအဖြစ် ကျားဖြူပါတီ SNDP မှ ဦးစိုင်းအိုက်ပေါင်းအနေဖြင့် ယခင်က တာဝန်ယူခဲ့ဖူးကြောင်း သိရသည်။

လက်ရှိတွင် အမည်ပြောင်းလဲပြီး စစ်ကောင်စီထံ ပြည်ထောင်စုအဆင့် ပြန်လည်မှတ်ပုံတင်ထားသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) SNDP ၏ နိုင်ငံရေးရပ်တည်ချက်၊ စစ်ကောင်စီ ကျင်းပလာနိုင်သည့် ၂၀၂၅ ရွေးကောက်ပွဲနှင့် ကျားဖြူပါတီ SNDP က ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး ကျားဖြူပါတီ SNDP ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းအိုက်ပေါင်းနှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ SNDP ကျားဖြူပါတီအနေနဲ့ အရင်ရက်က နိုင်ငံရေးပါတီ တွေ့ဆုံပွဲမှာ UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို နိုင်ငံရေးပါတီ (၄) ခု ပူးပေါင်းပြီးမှ တာဝန်ယူသွားမယ်ဆိုတာ ကြားသိရတယ်။ အဲဒါက ဘယ်လို အခြေအနေ ရှိပါလဲ၊ ရာထူးတာဝန်တွေ ခွဲဝေသတ်မှတ်တာ ရှိပြီလား။

ဖြေ ။ ။ အခုက ပါတီ (၄) ခုတော့ ရွေးလို့ရတာပေါ့။ ပထမဦးဆုံးက (၄၇) ပါတီထဲက (၁၆) ပါတီ ရွေးတယ်။ (၁၆) ပါတီ ကနေ (၄) ပါတီ ထပ်ရွေးတယ်။ (၄) ပါတီ ရွေးတဲ့ အထဲမှာ ပ-ခေါင်းဆောင် ဒု-ခေါင်းဆောင် ပြန်ရွေး ရမယ်။ ရှေ့လဆန်း ပထမပတ် မကုန်ခင်မှာ ထပ်ရွေးရဦးမယ်။ အခုလောလောဆယ် ခေါင်းဆောင် ၄ ဦးကို ယာယီ ရွေးထားတာပေါ့။ အဲ့ဒီခေါင်းဆောင် (၄) ဦး ထဲကနေပြီးတော့ ပ-ခေါင်းဆောင် ဒု-ခေါင်းဆောင် ပြန်ရွေးရမယ်။

မေး ။ ။ SNDP ပါတီအနေနဲ့ ၂၀၂၃ ဇွန်လ ၂၃ ရက်မှာ စစ်ကောင်စီလက်အောက်က ရွေးကောက်ပွဲ ကော်မရှင် ကနေ မှတ်ပုံတင်ခွင့်ပြုခဲ့တယ်။ ဘာကြောင့် နာမည်ပြန်ပြောင်းပြီးမှ ပြည်ထောင်စုအဆင့် မှတ်ပုံတင်ခဲ့တာပါလဲ၊ ပြောပြပေးပါဦး။

ဖြေ ။ ။ ကျနော်တို့က အရင်တုန်းက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီပေါ့နော်။ အခုက ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဆိုပြီးတော့ ဘာဖြစ်လို့ ပြည်ထောင်စုအဆင့်မှာ လုပ်သလဲဆိုတော့ ဒီပြည်ထောင်စုကြီး ဖြစ်ပေါ်လာတာ ကျနော်တို့ သျှမ်းခေါင်းဆောင်တွေ၊ သျှမ်းစော်ဘွားတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပင်လုံစာချုပ်အရ ဒီပြည်ထောင်စုကြီး ဖြစ်ပေါ်လာတယ်။ ဒီပြည်ထောင်စုကြီးက သျှမ်းကြောင့် ဖြစ်ပေါ်လာတာ။ သျှမ်းတစ်ခုတည်းတော့ မဟုတ်ဘူး၊ ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရယ်၊ နောက်ပြီးတော့ ကချင်၊ ချင်းတို့လည်း ပါတာပေါ့နော်။

အဓိကတော့ သျှမ်းစော်ဘွားတွေ၊ သျှမ်းခေါင်းဆောင်တွေ ပါတာပေါ့။ ဒီပြည်ထောင်စုကြီးထဲမှာ သမိုင်းကြောင်း အရ ကျနော်တို့သျှမ်းက အရေးပါအရာရောက်ခဲ့လို့ ဒီပြည်ထောင်စုကြီး ဖြစ်ပေါ်လာတယ်။ ဒီတခါကျတော့ သျှမ်းပြည်တစ်ခုထဲမှာပဲ ကျနော်တို့ပြိုင်ရင် တစ်နိုင်ငံလုံးကို မလွှမ်းခြုံနိုင်သေးဘူး။ အဲ့တော့ ပြည်ထောင်စု တစ်ခုလုံး လွှမ်းခြုံနိုင်အောင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဝင်ပြိုင်မှ ဖြစ်မယ်ပေါ့။ ကျနော်တို့ သမိုင်းပေး တာဝန်ကို ပြန်ပြီးတော့ ထမ်းဆောင်ခြင်းလည်း ဖြစ်တယ်လို့ ခံယူပြီးတော့ ပြည်ထောင်စုတစ်ခုလုံးကို ဝင်ပြိုင်ခြင်း ဖြစ်ပါတယ်။

မေး ။ ။ ၂၀၂၁ နောက်ပိုင်းပေါ့၊ အားလုံးသိထားကြတဲ့အတိုင်း စစ်တပ်က အရပ်သားအစိုးရကို အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်ပေါ်လာတယ်။ ဒီအပေါ်မှာရော ကျားဖြူပါတီအနေနဲ့ ဘယ်လို နိုင်ငံရေးရပ်တည်ချက်မျိုး ရှိနေပါလဲ။

ဖြေ ။ ။ ဒီဟာက နိုင်ငံရေးအကျပ်အတည်းက ဒါက အခြေခံဥပဒေအရ ဖြစ်ပေါ်လာတာပေါ့။ အခြေခံဥပဒေအရ ဖြစ်ပေါ်လာတဲ့ကိစ္စကို ပြန်ပြီးတော့ နစက ကလည်း ကြေညာထားတယ်၊ အခြေအနေ တည်ငြိမ်သွားပြီဆိုရင် ရွေးကောက်ပွဲ ပြန်လုပ်မယ်။ လုပ်ပြီးရင် အရပ်သားအစိုးရကို ပြန်အပ်မယ်။ ဒါကြောင့် ကျနော်တို့ သျှမ်းတွေက ဒီလာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့ မပြိုင်ဘူးဆိုရင် သျှမ်းတိုင်းရင်းသားတွေအတွက် အများကြီး နစ်နာနိုင် တယ်။ ကျနော်တို့ ဒီပြည်ထောင်စုကြီးက လွတ်လပ်ရေး ရပြီးကတည်းက လက်နက်ကိုင်ပဋိပက္ခတွေ တောက်လျှောက် ရှိလာတာလေ။ ရှိလာတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ပြည်ထောင်စုကြီးက အာဆီယံ အထဲမှာ ဝင်ငွေအနည်းဆုံးနိုင်ငံ ဖြစ်သွားတယ်။ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံ ဖြစ်သွားတယ်။ လူတစ်ဦးချင်း ဝင်ငွေမှာ လာအိုနိုင်ငံ အနောက်ကို ရောက်သွားတယ်။ အဲ့တော့ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့၊ အေးချမ်းသာယာဖို့၊ တရားဥပဒေ စိုးမိုးဖို့၊ ပြည်သူလူထုတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အရပ်သားအစိုးရ ဖြစ်ပေါ်လာမှ ဖြစ်မယ်။

အဲ့တော့ အရပ်သားအစိုးရ ဖြစ်ပေါ်လာအောင် ပါဝင်လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ဝင်ပြိုင်မယ့် ပါတီဆိုရင် ပါတီဝင် ၅ သောင်း ရှိရမယ်ဟုတ်၊ အခု အန်ကယ်တို့ပါတီက UEC ကို ပါတီဝင်အင်အား တစ်သိန်းရှစ်သောင်းကျော် တင်ထားတယ်။ တင်ထားတဲ့အပြင် ပါတီထဲကို တဖွဲဖွဲဝင်လာတာ အခုက ပါတီဝင်ပေါင်းက နှစ်သိန်းကျော်ရှိပြီ၊ ဌာနချုပ်မှာ လက်ခံထားတာ။ ဒါက ကျားဖြူပါတီကို ပြည်သူလူထု တရပ်လုံးက ယုံကြည်တဲ့အတွက်ကြောင့်မလို့ ပါတီဝင်က ခနလေးအတွင်းမှာ အဲ့လောက်ထိ အောင်မြင်လာ တယ်လို့ ပြောလို့ရတယ်။ နောက်တစ်ခုက ကျနော်တို့ တစ်နိုင်ငံလုံး ဝင်ပြိုင်မယ်ဆိုရင် မြို့နယ်ပေါင်း (၁၁၀) ရုံးခန်း ဖွင့်ရမယ်။ အခု ကျနော်တို့ရုံးခန်းက မြို့နယ်ပေါင်း (၁၁၀) ဖွင့်တာ ကျော်သွားပြီ။ အဲ့တော့ ကျနော်တို့က ဘာပဲစောင့်နေသလဲဆိုရင် ဒီ ၂၀၂၅ ရွေးကောက်ပွဲလာရင် ဝင်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ။ အဲ့ဒါ လက်ရှိအခြေအနေပဲ။

မေး ။ ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပါတီနိုင်ငံရေးအခြေအနေက ဘယ်လို သုံးသပ်လို့ ရနိုင်လဲ။ အကောင်းဘက်ကို ဦးတည်နေလား၊ အဆိုးဘက်ကို ဦးတည်နေလား။

ဖြေ။ ။ အရင်ဖြစ်ခါစတုန်းကဆိုရင် ရန်ကုန်က မီးတွေ တဟုန်းဟုန်းထတောက်နေတာပဲ။ အခု ရန်ကုန်တိုင်းမှာ ငြိမ်သွားပြီ။ ပဲခူး ငြိမ်တယ်၊ ဧရာဝတီတိုင်း ငြိမ်တယ်၊ မန္တလေးတိုင်း ငြိမ်တယ်။ မကွေးတိုင်းဆိုရင် အန်ကယ်တို့ပါတီ ရုံးခန်းဖွင့်တာ (၁၂) မြို့နယ် ဖွင့်ထားနိုင်တယ်။ သျှမ်းကလည်း မြို့နယ်ပေါင်း (၂၀) ကျော်ပြီ ရုံးခန်းဖွင့်ထားတာ။ သျှမ်းမြောက်ပဲ ကျနော်တို့ မဖွင့်နိုင်သေးတာ။ ကချင်မှာလည်း ရုံးခန်း (၃) မြို့နယ် ဖွင့်ထား နိုင်တယ်။ အဲ့တော့ အများကြီး တိုးတက်လာတယ်လို့ ပြောလို့ရတယ်။ ရွေးကောက်ပွဲလုပ်ရင် တစ်ဝက်ကျော်တော့ လုပ်လို့ရတဲ့ အခြေအနေမှာရှိတယ်။

မေး ။ ။ လက်ရှိမှာ တစ်နိုင်ငံလုံး စစ်ရေးပြင်းထန်နေတဲ့အတိုင်းအတာမှာ စစ်ကောင်စီက ၂၀၂၅ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေတယ်။ တဘက်မှာ ပြည်သူတွေကလည်း စစ်ဘေးရှောင်နေရတော့ ဆန္ဒမဲပေးဖို့ အဆင်သင့်မဖြစ်တာ ဒီလိုမျိုး မြင်တွေ့နေရတယ်။ ဒီအခြေအနေအပေါ်မှာ ၂၀၂၅ ရွေးကောက်ပွဲက ဘယ်လောက် အတိုင်းအတာအထိ ဖြစ်လာနိုင်မလဲ။

ဖြေ ။ ။ စစ်ရေးပဋိပက္ခဖြစ်တာ များနေတာက ကယားမှာ (၇) မြို့နယ်၊ ချင်းမှာ (၉) မြို့နယ်၊ သျှမ်းမြောက်က (၁၀) မြို့နယ်လောက် ရှိတယ်။ မကွေးကလည်း (၇) မြို့နယ်လောက် ရှိတယ်။ စစ်ကိုင်းတိုင်းမှာလည်း ရှိတယ်။ အဲ့တော့ကျန်တဲ့နေရာတွေက တနင်္သာရီတိုင်းမှာ (၉) မြို့နယ် ရှိတယ်။ အသေအချာတော့ မဟုတ်ဘူး၊ အဲ့ဒီမှာ (၇) မြို့နယ်လောက်က ရွေးကောက်ပွဲ ကောင်းကောင်းလုပ်လို့ ရတယ်။ မွန်ပြည်နယ်ဆိုရင် (၁၀) မြို့နယ်လုံး လုပ်လို့ ရတယ်။ ကရင်ပြည်နယ်ကလည်း (၅) မြို့နယ်လောက် လုပ်လို့ရမယ်။ ရန်ကုန်တိုင်းဆိုရင် (၄၅) မြို့နယ်စလုံး အကုန်လုပ်လို့ရတယ်။ ဧရာဝတီတိုင်းဆိုရင် ဘာမှ မရှိဘူး (၂၆) မြို့နယ်စလုံး လုပ်လို့ရတယ်။ ပဲခူးတိုင်းမှာ (၂၈) မြို့နယ် ရှိတဲ့အထဲမှာ (၂၆) မြို့နယ် လုပ်လို့ရတယ်။ နေပြည်တော် (၈) မြို့နယ် လုပ်လို့ရတယ်၊ မန္တလေးတိုင်း (၂၈) မြို့နယ်က နှစ်မြို့နယ်လောက်ပဲ မလုပ်နိုင်တာ။ မကွေးတိုင်းမှာ အန်ကယ်တို့ ရုံးခန်းဖွင့်ထားတဲ့ (၁၇) မြို့နယ်စလုံးက လုပ်နိုင်တယ်။ သူက (၂၅) မြို့နယ် ရှိတယ်လေ (၈) မြို့နယ်လောက်က လုပ်နိုင်တဲ့အလားအလာ နည်းတယ်။

စစ်ကိုင်းတိုင်းလည်း တချို့တဝက် ရမယ်။ ကချင်က တကယ်လို့ ကချင်ပါတီကို မှတ်ပုံတင် ခွင့်ပြုလိုက်တယ်ဆိုရင် အကုန်လုံး လုပ်လို့ရတယ်၊ (၁၈) မြို့နယ်စလုံး လုပ်လို့ရတယ်။ ဒါပေမယ့် စစ်ရေးပဋိပက္ခ ဖြစ်နေတဲ့ မံစီ၊ မိုးမောက် တို့ကတော့ နည်းနည်း အခက်အခဲ ရှိနိုင်တယ်။ (၁၈) မြို့နယ်မှာ (၁၀) မြို့နယ်လောက် ကောင်းကောင်း လုပ်နိုင်တယ်။ အခုရှင်းပြတာ ဆိုရင် ဘယ်လောက်လုပ်နိုင်တယ် မလုပ်နိုင်ဘူးဆိုတာ ခန့်မှန်းလို့ ရတယ်။ သျှမ်းမြောက်ကတော့ တကယ် မလုပ်နိုင်တာ မြို့နယ်အနေနဲ့ ပြောမယ်ဆိုရင် ကုန်းကြမ်း၊ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ၊ မိုးမိတ်၊ မန်တုံ၊ နမ့်ဆန်၊ မဘိမ်း စသဖြင့် မြို့နယ်အနေနဲ့ ပြောမယ်ဆိုရင် (၁၀) မြို့နယ်ပေါ့။ မိုင်းလုံတို့၊ မိုင်းငေါ့ တို့ဆိုတာက မြို့နယ်တွေ မဟုတ်ဘူး။ ကျောက်မဲမြို့နယ်ရဲ့ မြို့နယ်ခွဲ သေးသေးလေးတွေ။ ပန်ဆိုင်းတို့ ဆိုတာက မူဆယ်ရဲ့ မြို့နယ်ခွဲပဲလေ။ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မူဆယ်မြို့ထဲမှာ ဘာမှမဖြစ်ဘူး အေးအေးဆေးဆေးပဲ အဲ့လိုရှိပါတယ်။

မေး ။ ။ ၂၀၂၅ ရွေးကောက်ပွဲအတွက် ကျားဖြူပါတီ SNDP အနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဘာတွေ ကြိုတင်ပြင်ဆင်ထားပြီလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ ။ ။ ပြည်သူတွေပြောတာက ကျနော်တို့နိုင်ငံက တရားဥပဒေစိုးမိုးမှု မရှိဘူး၊ လက်နက်ကိုင်ပဋိပက္ခတွေ ကြောင့် အဆင်းရဲဆုံးနိုင်ငံဖြစ်နေတယ်။ အောက်ကျနောက်ကျ ဖြစ်နေတယ်။ အဲ့အတွက် ကျနော်တို့က ငြိမ်းချမ်းရေးရအောင် ကြိုးစားချင်တယ်။ တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်ချင်တယ်။ ပြည်သူလူထု ကြီးပွားတိုးတက်အောင် လုပ်ချင်တယ်။ ပြည်သူလူထုတရပ်လုံး လျှပ်စစ်မီးရအောင် ကြိုးစားနေတယ်။ အခုလည်း ဘာအာဏာမှမရှိသေးဘူး ကျနော်တို့ ကြိုးစားလုပ်နေတယ်။ အဓိက ကျနော်တို့ လျှပ်စစ်ရသွားပြီဆိုရင် စက်မှုလက်မှုလည်း ထွန်းကားမယ်၊ စက်ရုံအလုပ်ရုံလည်း ကောင်းကောင်းအလုပ်လုပ်လို့ ရမယ်။ အရပ်သားအစိုးရ ဖြစ်လာရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမှာပဲ။ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကလို အများကြီး ဝင်လာမယ်။ အဓိကက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ၂၀၂၅ မှာ ရွေးကောက်ပွဲ ဝင်ကိုဝင်ရမယ်၊ ရွေးကောက်ပွဲ ဖြစ်ကိုဖြစ်မှာ။ ဖြစ်ပြီဆိုရင် အရပ်သားအစိုးရပေါ်လာရင် တိုင်းပြည်က အေးချမ်းသွားမှာပေါ့။

မေး ။ ။ နောက်ဆုံးအနေနဲ့ ခုနက မေးခွန်းကို ပြန်ကောက်ကြည့်ရရင် UPDJC မှာ တာဝန်ယူမယ်ဆိုတော့ NCA အစုအဖွဲ့ထဲမှာ တာဝန်ယူရမှာပေါ့။ လက်ရှိက NCA မှာ အစုအဖွဲ့တွေကလည်း မစုံတဲ့အတွက် ဥပမာ – အရပ်သားအစိုးရ မရှိနေဘူး။ လွှတ်တော် မရှိနေဘူးဆိုတော့ ဒါက တကယ်ရော အလုပ်ဖြစ်လာမှာလား။ NCA က တကယ်ပဲ နိုင်ငံရေးထွက်ပေါက် ဖြစ်လာနိုင်မလားဆိုတာ ဘယ်လိုသဘောထားမှတ်ချက် ပေးချင်ပါလဲ။

ဖြေ ။ ။ ဖြစ်လာမှာပေါ့၊ အခု NCA လက်မှတ်ရေးထိုးထားတာက တကယ်တမ်း အဲ့ဒီအထဲမှာ သေချာဖတ်ကြည့် လိုက်ရင် လွှတ်တော်မရှိဘဲနဲ့လည်း အဲဒီ NCA မှာ သဘောတူညီချက်ရရင် ရွေးကောက်ပွဲကျင်းပလို့ လွှတ်တော် ပေါ်လာရင် အဲ့ဒီမှာတင်ပြပြီး အတည်ပြုချက်လုပ်လိုက်ရင် အခြေခံဥပဒေ ပြင်လို့ရပြီ။ ဒီလက်ရှိ ၄၇ ပါတီကပဲ ရွေးကောက်ပွဲ ဝင်မှာပဲ၊ လွှတ်တော်ကိုလည်း ဒီပါတီတွေရဲ့ ကိုယ်စားလှယ်တွေကနေ လွှတ်တော်ကိုယ်စားလှယ် တွေ ဖြစ်လာမှာပဲ။ အခုကတည်းက ကြိုတင်ညှိနှိုင်းထားရင် နောက်ရွေးကောက်ပွဲ ပြီးလာတဲ့အခါမှာ လွှတ်တော် ပေါ်လာရင် အဲ့ဒီမှာတင်ပြပြီး အတည်ပြုချက်ယူလိုက်ရင် ပြင်ချင်တဲ့ပုဒ်မတွေ ပြင်လို့ရပြီ။ ရွေးကောက်ပွဲကတော့ ဖြစ်အောင်လုပ်ရမှာပဲ။

မေး ။ ။ မေးခွန်းတွေ ဖြေကြားပေးတဲ့ ဥက္ကဋ္ဌကို ကျေးဇူးတင်ပါတယ်၊ မိုင်ဆုန်ခ။

ဖြေ ။ ။ မိုင်ဆုန်ခ။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here