စစ်ကိုင်းတိုင်းတွင် စစ်မှုထမ်းသင်တန်းအတွက် အတင်းကြပ်ဖမ်းဆီးခေါ်ဆောင်ခံရသူ ၁၀၀ ကျော်ရှိ

0
34

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂) အတွက် အတင်းကြပ် ဖမ်းဆီးခေါ်ဆောင်ခံရသူ ၉၀၀ ကျော် ရှိသည့်အနက် စစ်ကိုင်းတိုင်းမှ ၁၃၀ ကျော် ပါဝင်ကြောင်း မြန့်မာရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) အဖွဲ့၏ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့စစ်မှုထမ်း သင်တန်းကို ကလေးမြို့ တတက (၁၀) တွင် အဓိက ပြုလုပ်ပြီး လူဦးရေ ၂၀၀ ကျော် စုဆောင်းခံခဲ့ရကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

စစ်ကိုင်းတိုင်းအတွင်း ကျေးလက်ဒေသများတွင် အုပ်ချုပ်ရေးစနစ် လည်ပတ်နိုင်ခြင်း မရှိတော့သည့် အခြေအနေ များကြောင့် စစ်မှုထမ်းဆင့် ခေါ်ယူမှုများ မပြုလုပ်နိုင်ဘဲ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်မှုကို ပြုလုပ်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

“စစ်သားစုဆောင်းတာတွေကတော့ ဒီဘက်မှာ ဘာလုပ်နိုင်မှာတုန်း အုပ်ချုပ်ရေးမှူးမှ မရှိတာ။ အခုက မြို့ပေါ်က လူလည်း ဒီရွာကို မလာဘူး။ ဒီဘက်က လူတွေကလည်း မြို့ပေါ်ကို မသွားဘူး အကြောင်းမရှိရင်။ သူတို့ (စစ်တပ်) က မထင်ရင် မထင်သလိုဖမ်းတာ၊ ပိုက်ဆံနဲ့ ပြန်ရွေးရွေးနေရတာ။ တချို့လည်း မလွတ်ဘူး” ဟု စစ်ကိုင်းမြို့နယ်ရှိ ဆင်မြေ-ဒေါင်းမ ကျေးရွာမှ ဒေသခံလူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝ အကောင်အထည် ဖော်ဆောင်၍ မရနိုင်ဖြစ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီသည် စစ်မှုထမ်းများကို ခေါ်ဆောင်ရာတွင် ပုံမှန်မဟုတ်သည့် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်မှု များသည် စစ်သင်တန်း အပတ်စဉ် (၂) တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း BACS အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုအစီရင်ခံစာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မကွေးတိုင်းသည် စစ်မှုထမ်းသင်တန်းအတွက် အတင်းကြပ် ဖမ်းဆီးခေါ်ဆောင်ခံရမှု အများဆုံး ဖြစ်ပြီး ပဲခူးတိုင်းသည် ဒုတိယနှင့် စစ်ကိုင်းတိုင်းသည် တတိယအများဆုံး ဖြစ်သည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဧပြီလတွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) နှင့် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်ရင်း (ထပရ) ၉၂၉ တပ်မှ အရာတော်မြို့ရှိ အမှတ် (၁၀) စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ) သို့ ပို့ဆောင်ရန်အတွက် စစ်မှုထမ်း သင်တန်းသားသစ် ၂၀၀ ကျော်ကို တင်ဆောင်ထွက်လာသည့် ယာဉ်တန်းကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ပြီး သင်တန်းသားသစ် ၄၀ ကျော်ကို ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခုရှိကြောင်း NUG စစ်ဒေသ အမှတ် (၁) က ကြေညာခဲ့ပါသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here