ဂန့်ဂေါတွင် စစ်ကောင်စီတပ်က စိတ်မကျန်းမာသူကို ခေါင်းဖြတ်သတ်ဖြတ်

0
42
ပုံစာ - ရွှေဘိုကျေးရွာကို မေ ၁၆ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့စဉ်။ (Photo - ယောအလင်းတန်း)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် ရွှေဘိုကျေးရွာထဲသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်သွားကြောင်း ဒေသခံများပြောဆိုမှုအရ သိရှိရသည်။

တပ်အင်အား ၃၀၀ ဝန်းကျင်ပါသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့များသည် မေ ၃၀ ရက်နေ့တွင် သင်တော၊ ရေသာနှင့် ရွှေဘိုကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် လူနေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဦးက “ စိတ်မနှံတဲ့သူတစ်ဦးကို ခေါင်းဖြတ်ပြီး ရက်ရက်စက်စက်သတ်သွားတာ။ နေအိမ်တွေကိုလည်း မီးရှို့သွားတယ်။ သူတို့ (စစ်ကောင်စီ) အထိနာပြီး အခုတော့ ပြန်ဆုတ်သွားပြီ” ဟု ပြောသည်။

ခေါင်းဖြတ်သတ်ဖြတ်ခံရသူမှာ ရွှေဘိုကျေးရွာနေ စိတ်ကျန်းမာရေး မကောင်းသူ အသက် ၃၅ နှစ်အရွယ်ရှိ ကိုဇင်မျိုးဝင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ရွှေဘိုကျေးရွာထဲသို့ မရောက်မီ သင်တောကျေးရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အထိနာခဲ့သည်ဟု ဆိုသည်။

အထိနာခဲ့သော စစ်ကောင်စီစစ်ကြောင်းက ရွှေဘိုကျေးရွာ ပြည်သူပိုင်နေအိမ်များရှိ တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်း ယူဆောင်သွားပြီးနောက် နေအိမ် ၆၆ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်။

စစ်ကောင်စီတပ်နှင့် မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့် မေ ၁၆ ရက် နေ့တွင်လည်း ရွှေဘိုကျေးရွာရှိ ဒေသခံနေအိမ် ၂၇၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မေ ၃၀ ရက်နေ့ အစီရင်ခံစာအရ နိုင်ငံတဝန်းတွင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးပစ်ခတ် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၅၁၆၁ ဦး သေဆုံးခဲ့ရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here