“လူထုတွေထဲမှာမှ အခုနပြောသလို အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေက စစ်ရဲ့ ဓားစာခံလိုမျိုး ခံရတယ်ပေါ့နော်။ ဆိုတော့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးတာ လေယာဥ်ကြဲလို့ မပြေးနိုင်မလွှားနိုင် အဲလိုမျိုးတွေကြောင့်မို့လို့ သေဆုံးတာရှိမယ်” မော်ဖရေးမြာ/KNWO အထွေထွေအတွင်းရေးမှူး-၂

0
347
ပုံစာ - ကရင်နီအမျိုးသမီးအစည်းအရုံး/KNWO အထွေထွေအတွင်းရေးမှူး-၂ မော်ဖရေးမြာ။

ကရင်နီစစ်ရှောင်တွေရဲ့ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ကရင်နီအမျိုးသမီးအစည်းအရုံး KNWO အထွေထွေအတွင်းရေးမှူး-၂ မော်ဖရေးမြာနှင့် ဆက်သွယ်မေးမြန်းချက်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားလူထုတွေထဲမှာ အမျိုးသမီး၊ ကလေးငယ်တွေနှင့် သက်ကြီးရွယ်အိုတွေဟာ စစ်ပွဲတွေရဲ့ ဓားစာခံလိုမျိုး ခံနေကြရတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး – KNOW က ထုတ်ပြန်ပြောဆိုသည်။

ကရင်နီစစ်ရှောင်တွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသမီးအစည်းအရုံး KNWO အထွေထွေအတွင်းရေးမှူး ၂ မော်ဖရေးမြာကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ အရပ်သားသေဆုံးမှု အယောက် ၅၀၀ နီးပါး ရှိတယ်လို့ ထုတ်ပြန်တာတွေ့ရပါတယ်။ အဲ့ဒီထဲမှာ အမျိုးသမီးနဲ့ ကလေးသေဆုံးမှုက ဘယ်လောက်ထိ ရှိပါလဲ၊ သီးခြားပြုစုထားတာ ရှိပါလား။

ဖြေ။ ။ ကျမတို့ အမျိုးသမီးနဲ့ကလေးဆိုပြီးတော့မှ သီးခြားပြုစုထားတာမျိုးတော့ မရှိပေမယ့် ရာခိုင်နှုန်း အရတော့ ခုနပြောတဲ့ ၅၀၀ ထဲမှာဆိုရင် အမျိုးသမီးလည်း ပါဝင်တယ်ဆိုတဲ့ဟာမျိုးတွေတော့ ကျမတို့ အချုပ်လောက်ပဲပေါ့နော်။ အချုပ်ဒေတာအရတော့ အဲ့လိုမျိုးပဲ၊ တွေ့ရှိထားတာတွေ ခြုံပြီးတော့မှပေါ့ အဲ့လိုပဲ ရှိတယ်။ detail အသေးစိတ်ကတော့ ကျမတို့ လုံခြုရေးအရ လိုက်မကောက်နိုင်တာမျိုးတွေ အကြောင်းအမျိုးမျိုးကြောင့် ယူဖို့အတွက် သွားလာနိုင်မှု မရှိတာမျိုးတွေတော့ အဆင်မပြေတာမျိုးတွေတော့ ကြုံရတယ်ပေါ့နော်။

မေး။ ။ တိုက်ပွဲအတွင်း အရပ်သားတွေသေဆုံးမှုထဲ အမျိုးသမီးနဲ့ ကလေးတွေလည်း ပါဝင်တာပေါ့ နော်။ ဘယ်လိုပုံစံမျိုး ထိခိုက်သေဆုံးကြတာပါလဲ။ အခက်အခဲတွေက ဘာတွေပါလဲ။

ဖြေ။ ။ အဓိက ဘယ်သူတာဝန်ရှိလဲဆိုတဲ့ဟာက ဒီ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာက လူထုတွေထဲမှာမှ အခုနပြောသလို အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေက စစ်ရဲ့ ဓားစာခံလိုမျိုး ခံရတယ်ပေါ့နော်။ ဆိုတော့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးတာ လေယာဥ်ကြဲလို့ မပြေးနိုင်မလွှားနိုင် အဲလိုမျိုးတွေကြောင့်မို့လို့ သေဆုံးတာရှိမယ်။

ပြီးရင် တချို့ဆိုရင် ဒီလွိုင်ကော်မြို့သိမ်းတိုက်ပွဲတွေလိုမျိုးဆိုရင် ဥပမာ- အမျိုးသားဆိုရင် ကိုယ်လွတ်ရုန်းပြီး ပြေးဖို့လွယ်တယ်ပေါ့။ ဥပမာ- အမျိုးသမီးလိုမျိုးတွေ ခါကျတော့ ကလေးတဖက်နဲ့ ပြေးလွှားရရင် စားဖို့သောက်ဖို့ အဲလိုဟာမျိုးတွေနဲ့ ပိုပြီးတော့မှ ဝန်ကပိုကြီးတယ်လို့ ပြောလို့ရမှာပေါ့နော်။ အဲလိုဟာမျိုးနဲ့ ပြေးလွှားဖို့ အဆင်မပြေတာမျိုးတွေ အဲ့လိုအထိ ဖြစ်တဲ့ဟာမျိုးတွေ ဘေးလွတ်ရာကိုထွက်ဖို့ အခက်အခဲဖြစ်ပြီး လက်နက်ကြီး အဆက်မပြတ်ကျပြီး ထိခိုက်တာမျိုးတွေ အဲ့လိုမျိုးတွေပေါ့နော်။

မေး။ ။ ဒီလိုထိခိုက်မှုတွေအတွက် အဓိက ဘယ်သူ့မှာတာဝန်ရှိလဲ။ ဒါက ဘယ်လိုပြစ်မှုမျိုးကို ကျူးလွန် တယ်လို့ ပြောလို့ရပါလဲ။

​ဖြေ။ ။ ဒါတွေကတော့ စစ်ရာဇဝတ်မှုဖြစ်တယ်။ ပြီးရင် ဒီလူထုတွေနေတဲ့နေရာမှာ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာတွေ အဲ့လိုမျိုးဖြစ်တာကျတော့ ဒါလူသားတစ်ဦးတစ်ယောက်ရဲ့ ဖြစ်တည်မှု ပြီးရင် ကျမတို့ရဲ့မျိုးနွယ်စုအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်တဲ့ ဂျီနီဗာစာချုပ်ကို ချိုးဖောက်တဲ့ဟာမျိုး ဖြစ်တယ်ပေါ့ နော်။ ဒါကလည်း တာဝန်ရှိတာကတော့ အဓိက စစ်ကောင်စီကနေပြီးတော့မှ လူထုရှိတဲ့နေရာကို လေယာဉ်တွေ မကြဲဘူးဆိုရင်တော့ အခုန ဒီအပြစ်မဲ့ပြည်သူတွေ သေဆုံးတဲ့ကိစ္စတွေကတော့ ကျမတို့ ကြုံရမှာ မဟုတ်ဘူးပေါ့နော်။

အဲ့လိုမျိုးတွေကတော့ အထူးသဖြင့် စစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ နောက်တဖက်မှာဆိုရင် ကျမတို့ ဒီနှစ်ပေါင်းများစွာကလည်း ဒါတွေနဲ့ ပတ်သက်ပြီးတော့မှ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာဆိုရင် ခံလာရတယ် ဆိုပေမယ့် သူတို့ကိုယ်တိုင်က စစ်ရာဇဝတ်မှုကို ကျုးလွန်ပြီ ဆိုရင် ဘယ်နိုင်ငံတကာကမှ အရေးယူတာတွေ မလုပ်ဘဲနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ ယနေ့အချိန်ထိ ဖြစ်တယ်ပေါ့နော်။ အဲဒါတွေကြောင့်မလို့ပဲ သူတို့ကျူးလွန်တဲ့ဟာက ဆက်တိုက်ဆက်တိုက် ဆက်လက် ကျူးလွန်နေတာမျိုးပေါ့။ စိတ်ကြိုက် သူတို့ကျူးလွန်တဲ့ပုံစံမျိုး ဖြစ်တယ်လို့ ယူဆတယ်ပေါ့နော်။

မေး။ ။ ဒီလိုပြစ်မှုကျူးလွန်တဲ့သူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့အတွက် ဘာတွေလိုအပ်ပါလဲ။ ဘယ်လို အချက်အလက်မျိုးတွေရှိဖို့ လိုအပ်လဲ။

ဖြေ။ ။ ကျမမြင်တာက အရေးယူလုပ်ဆောင်နိုင်ဖို့ဆိုရင် ဒီကျူးလွန်တဲ့သူတွေကိုယ်တိုင်က တာဝန်ယူမှု တာဝန်ခံမှုရှိပြီးတော့မှ ပြစ်ဒဏ်ကိုခံဖို့ အရေးကြီးသလို တဖက်မှာဆိုရင်လည်း သူတို့ကျူးလွန်တဲ့ ပြစ်မှုပြစ်ဒဏ်တွေဆိုရင် ဒီနိုင်ငံအတွင်းက ဥပဒေအပါအဝင် နိုင်ငံတကာရဲ့ မြန်မာနိုင်ငံက လက်မှတ် ထိုးထားတဲ့ စာချုပ်စာတမ်းတွေကိုလည်း ချိုးဖောက်တာတွေပါတော့ နိုင်ငံတကာကလည်း ဒါတွေကို အရေးယူဆောင်ရွက်ဖို့ အမြန်ဆုံးလုပ်ဖို့ လိုအပ်တယ်။

တဖက်မှာဆိုရင်လည်း ဒါတွေ အရေးယူဆောင်ရွက်ဖို့ ဆိုရင် လုံလောက်တဲ့ အထောက်အထားဖြစ်ဖို့ကလည်း ဒီကျူးလွန်ခံရတဲ့သူဘက်ကရော ပြီးတော့ ကျမတို့ ဒီအသိုင်းအဝိုင်းကပဲဖြစ်ဖြစ် တရားမျှတမှုအရေးကို ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကတော့ ဒါ ကျမတို့စုံစုံညီညီနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြမယ် ဆိုရင်တော့ ပိုပြီးတော့မှ တရားစွဲတဲ့နေရာမှာဆိုရင် ပိုအောင်မြင် မြန်ဆန်မယ်လို့ မြင်တယ်ပေါ့နော်။

မေး။ ။ နောက်ဆုံးမေးခွန်းအနေနဲ့ ဒီထိုင်းနိုင်ငံကနေ မြန်မာနယ်စပ်တလျောက်မှာရှိတဲ့ စစ်ဘေးရှောင် တွေကို လက်ခံမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြောထားတယ်ပေါ့နော်။ ဆိုတော့ မြေပြင်မှာက ထိုင်း -မြန်မာနယ်စပ် ကရင်နီနယ်စပ်အပါပေါ့ အဲ့ကစစ်ရှောင်တွေကို လက်ခံမယ်ဆိုတဲ့ အခြေအနေကရော ဘယ်လိုမျိုးဖြစ်နေပြီလဲ။

ဖြေ။ ။ တကယ်တမ်းကတော့ ထိုင်းကတော့ သတင်းမှာဖော်ပြတာက တမျိုးဖြစ်နေတယ်။ ဒါပေမယ့် မြေပြင်မှာတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပြီးရင် သူတို့လက်ခံပေးမယ့်ဟာတွေက တော့ နည်းနည်းလေးဆန့်ကျင်သလိုမျိုး ဖြစ်တယ်။ ဥပမာ- နယ်စပ်တလျှောက်မှာ ရောက်နေတဲ့ စစ်ရှောင်တွေဆိုရင် သူတို့ကို အမျိုးမျိုးသောနည်းလမ်းနဲ့ ပြန်ဖို့ကိစ္စကိုပဲ ကိုယ့်ရဲ့နယ်မြေမှာပဲ ပြန်နေဖို့ ကိစ္စကိုပဲ ဖိအားပေးတာမျိုးတွေတော့ ကြုံနေရတယ်ပေါ့နော်။ ဒါပေမယ့် သတင်းမှာတက်လာတာကျတော့ အဲ့လိုပုံစံမျိုးနဲ့ ဖော်ပြတာက တမျိုးတော့ ဖြစ်နေတယ်ပေါ့နော်။

မေး။ ။ ဆိုတော့ တကယ်လို့ ထိုင်းအစိုးရအနေနဲ့ စစ်ရှောင်တွေကိုလက်ခံမယ်ဆိုရင် အမျိုးသမီးနဲ့ ကလေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ လက်ခံစေချင်ပါလဲ။

ဖြေ။ ။ အကယ်၍သာ သူတို့စိတ်ရင်းစေတနာနဲ့ လက်ခံပေးတယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ အထူးသဖြင့် ကိုယ်ဝန်သည်တို့၊ ၅ နှစ်အောက်ကလေးနဲ့ သက်ကြီးရွယ်အိုတွေရဲ့ နေရမယ့်နေရာတစ်ခုကိုပေါ့၊ အဓိက က ထိုင်း-ကရင်နီနယ်စပ်ပေါ့၊ တချိန်ကြရင် ကိုယ့်ပြည်နယ်ကိုယ် ပြန်လာလို့ရတဲ့အနေထားမျိုးမှာ ပိုပြီးလွယ်ကူတဲ့ခရီးမျိုး ဥပမာ- ဟိုး တာချီလိတ်တို့ ဘာတို့ ကိုယ့်ကရင်နီနယ်စပ် မဟုတ်ဘဲနဲ့ တခြားနေရာကို ရွှေ့ပြီးထားတာမျိုးတော့ အဆင်မပြေဘူးပေါ့နော်။ အဓိက အခုနက အုပ်စုတွေကို ပိုပြီးတော့မှ ဘေးကင်း လုံခြုံတယ်။

ရုပ်ပိုင်းစိတ်ပိုင်း နေထိုင်လို့ကောင်းတဲ့ နေရာမျိုးပေါ့။ ကျန်းမာရေးအရ ကလေးခွဲ မွေးချင်တာတို့ နာတာရှည် ရောဂါအရ ခွဲစိတ်ရတာမျိုးတို့ အဲ့လိုမျိုးပေါ့နော်။ ကျန်းမာရေးနဲ့ လက်လှမ်းမှီတဲ့ နေရာမျိုးတွေကိုလည်း ထားရှိစေချင်တယ်။ ပြီးရင် အဲ့ဒီထားတဲ့ နေရာတဝိုက်မှာလည်း ပညာရေးလည်း သင်ကြားလို့ရတဲ့နေရာ ကျန်းမာရေးလည်း လက်လှမ်းမှီတဲ့နေရာ သူတို့နေထိုင်ရမယ့် နေရာကလည်း ရေရမယ့် နေရာမျိုးပေါ့နော်။ အကုန်လုံး ပြီးပြည့်စုံ ၁၀၀ ရာခိုင်နှုန်း မဟုတ်ရင်တောင်မှ ဒီမှာရှိတဲ့ ဦးတည် အုပ်စုတွေက ကျန်းမာရေးနဲ့ အညီဖြစ်တဲ့ ဘေးပတ်ဝန်းကျင်လိုမျိုးလည်း အရေးကြီးတယ်လို့ ကျမ ထင်တယ်ပေါ့နော်။

NMG ပေးပို့သည်.

LEAVE A REPLY

Please enter your comment!
Please enter your name here