ရခိုင်ပြည်တွင် ဆင်နွှဲတိုက်ခိုက်နေသည့် ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိုးစစ်နှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံတွင်နေထိုင်ပြီး “India for Myanmar” အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ်နှင့် ဆက်သွယ်မေးမြန်းချက်။
ရခိုင်စစ်ပွဲသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က တဖန်ပြန်လည်၍ စတင်ဖြစ်ပွားလာပြီး လက်ရှိအချိန်၌ ၂ လ ကျော် ကြာလာခဲ့ပြီဖြစ်သည်။ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်အကြား ဖြစ်ပွားသည့်အဆိုပါစစ်ပွဲသည် လက်ရှိတွင်လည်း ရက္ခိုင့်တပ်တော် (AA) က ပလက်၀ဒေသ တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
စစ်ကောင်စီတပ်သား အများအပြားသည် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို မခံနိုင်တာကြောင့် ချင်းပြည်နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံဘက်ကို အလုံးအရင်းနှင့် ထွက်ပြေးခဲ့ကြရသည်။ စစ်ကောင်စီတပ်ဖွဲ့ အခုလိုစစ်ရှုံးပြီး ထွက်ပြေးရတဲ့အခြေအနေတွေအပါအဝင် ရခိုင်ပြည်တွင်ဆင်နွှဲနေသည့် ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်နှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံတွင်နေထိုင်ပြီး India for Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ်ကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။
မေး။ ။ ရက္ခိုင့်တပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယဘက်ကို စစ်ကောင်စီတပ်သား ၅၀၀၊ ၆၀၀ လောက် စစ်ရှုံးထွက်ပြေးသွားခဲ့ပါတယ်။ အိန္ဒိယဘက်ကိုရောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အခြေအနေနဲ့ အရေအတွက်က လက်ရှိမှာ ဘယ်လောက်ထိရှိတယ်လို့ သိထားရပါလဲခင်ဗျာ။
ဖြေ။ ။ အဓိကကတော့ ရက္ခိုင့်တပ်တော် (AA) က ပလက်ဝမြို့တွင်း တိုက်ပွဲဆင်နွှဲပြီးတော့မှ အိန္ဒိယဘက်ကို စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားကြတာရှိတယ်။ ကျွန်တော်တို့သိတာ ချင်းဘက်က တော်လှန်ရေး တပ်ဖွဲ့တွေကြောင့် ၂ ခေါက် ထွက်ပြေးတယ်။ AA က တိုက်တဲ့အတွက် ပလက်ဝကနေ ၃ ခေါက်လောက် ထွက်ပြေးတယ်။ ဒီအခု နောက်ဆုံးတခေါက်နဲ့ ဆိုရင် ၅ ကြိမ် ရှိပြီး စစ်သား ၆၀၀ ကျော်ကျော် ရှိပြီလို့ ကျွန်တော်တို့ သိထားတယ်။
မေး။ ။ ထွက်ပြေးလာတဲ့ စစ်သားတွေအပေါ် အိန္ဒိယက ဘယ်လိုပုံစံမျိုးသဘောထားနဲ့ လက်ခံတယ်လို့ သုံးသပ်ပါလဲခင်ဗျာ။
ဖြေ။ ။ လက်နက်ချ အဖမ်းခံတဲ့သဘောပါပဲ။ လက်နက်တွေကို အာသံရိုင်ဖယ်ဆီမှာအပ်ရတယ်။ ဒါပေမယ့် လက်နက်ချ အဖမ်းခံရတယ်ဆိုတာထက် အိန္ဒိယစစ်တပ်က ဝင်လာတဲ့သူတွေကို ပြန်ကူညီတဲ့သဘောပါ။ အခုအချိန်ထိ မြန်မာပြည်ပြန်ပို့တာ ၄ သုတ် ရှိပြီ။ အခု နောက်ဆုံးဝင်လာတဲ့ ၂၇၀ ကျော်ကိုတော့ ပြန်မပို့သေးဘူး။ သူတို့ကို ဘယ်လိုပုံစံမျိုး စီစဉ်ပေးမလဲဆိုတာ ကျွန်တော်တို့အသေးစိတ်မသိရဘူး။ အိန္ဒိယ ရောက်လာပြီဆိုရင် သူတို့ကိုအာသံရိုင်ဖယ်တပ်ကပဲ သူတို့ကိုကူညီပြီး ပြန်ပို့တယ်။ ဒီတခေါက်တော့ ပြန်မပို့သေးဘူးလို့ ကြားတယ်။
မေး။ ။ အိန္ဒိယ အခုလိုသူ့နိုင်ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ စစ်သားတွေကို ပြန်ပို့နေတဲ့အပေါ် ဘယ်လို သုံးသပ်ထင်မြင်ပါလဲ ။ ဒါက မြန်မာစစ်တပ်ကို ကူညီနေတဲ့သဘောလား။
ဖြေ။ ။ နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ စစ်ကောင်စီမှာ ရေရှည်လက်တွဲကြမယ်ဆိုပြီး ဆုံးဖြတ်တဲ့ဟာမျိုး ရှိခဲ့တယ် ဒါကတပိုင်း။ နောက်တပိုင်းက စစ်ကောင်စီ ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အိန္ဒိယအကြီးတန်းအရာရှိတွေနဲ့ စစ်ကောင်စီဆွေးနွေး သဘောတူညီမှုမျိုးတွေ လုပ်ထားတာရှိတယ်။ ဒီသဘောတူညီချက်အတိုင်း အိန္ဒိယဘက်ကို ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အိန္ဒိအစိုးရက အရေးယူတာမျိုး မလုပ်ပဲနဲ့ မြန်မာပြည်ကိုပြန်ပို့နေတဲ့ အနေအထားဖြစ်ပါတယ်။
မေး။ ။ AA က တိုက်ခိုက်တဲ့အတွက် စစ်ရှုံးပြီး အိန္ဒိဘက်ထွက်ပြေးရတဲ့ နိုင်ငံတစ်ခုရဲ့ တပ်မတော်တရပ်အနေနဲ့ သိက္ခာပိုင်းကို ဘယ်လောက်ထိများ ထိခိုက်တယ်လို့ မှတ်ချက်ပေးချင်ပါလဲ။
ဖြေ။ ။ စစ်ကောင်စီတပ်သားတွေ အိန္ဒိယဘက်ကို ထွက်ပြေးလာတော့ အိန္ဒိယပြည်သူတွေက ဝိုင်းပြီးတော့မှ တောရိုင်းတိရိစ္ဆာန်တွေကို ဝိုင်းကြည့်သလို ကြည့်ကြတယ်။ တော်တော်လေး ရှက်စရာကောင်းပါတယ်။ သူတို့ ခံလိုက်ရတဲ့ဟာက အရမ်းအရှက်ရစရာ ဖြစ်သွားတယ်။ အိန္ဒိယပြည်သူတွေ တော်တော်များများကလည်း စစ်ကောင်စီဟာ ဘယ်တော့မှ ဒီမြန်မာနိုင်ငံကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့အမြင်တွေ တော်တော် မြင်နေကြတယ်။ အိန္ဒိယအစိုးရအနေနဲ့လည်း စစ်ကောင်စီနဲ့လက်တွဲပြီး ခိုင်ခိုင်မာမာဆက်ဆံရေးတွေ လုပ်လာပေမယ့်လည်း လက်ရှိနောက်ဆုံးအခေါက်ဝင်လာတဲ့ စစ်သား ၂၇၀ ကျော်က လက်နက်အပြည့်အစုံနဲ့ ဝင်လာတဲ့ အနေအထားမျိုးဖြစ်တော့ စစ်ကောင်စီရဲ့ ပရော်ဖက်ရှင်နယ်အာမီဆိုတာကို တော်တော်လေး သံသယ ဝင်လာတဲ့ အနေအထားရှိတယ်။ ပိုပြီး အထင်သေးသွားပုံရတယ်။
စစ်ကောင်စီကို နိုင်ငံတကာသတင်းဆောင်းပါးတွေထဲမှာ သုံးသပ်ချက်အတိုင်းပဲ အရည်အချင်းရော၊ ခုခံနိုင်မှုရော၊ စိတ်ဓာတ်ပိုင်းရော လုံး၀မရတော့တဲ့ အနေအထား ဖြစ်တယ်လို့ မြင်သွားကြတယ်။ အိန္ဒိယအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို အခုအချိန်မှာ ပြန်လည်သုံးသပ်နေတဲ့အနေအထား ရောက်နေတယ်လို့ ကျွန်တော်ယူဆတယ်။ ပြန်မသုံးသပ်ရင်လည်း မရတော့ဘူး။ ဘာဖြစ်လို့လည်းဆိုရင် စစ်ကောင်စီရဲ့အနေအထားက အိန္ဒိယဘက်ကို ၅ ကြိမ် တိုင်တိုင်ဝင်လာပြီးတော့မှ စစ်သား ၆၀၀ ကျော် ခိုလှုံပြီးတော့မှ အိန္ဒိယဘက်က အကူအညီပေးလိုက်တဲ့ အနေအထား၊ အင်အား ၆၀၀ က အခုလက်ရှိ စစ်ကောင်စီရဲ့ စုဖွဲ့မှုပုံစံနဲ့ဆိုရင် တပ်ရင်း ၆ ရင်း၊ တပ်မဟာ ၂ ခု ၃ ခု စာလောက်ရှိတဲ့ ပုံစံမျိုးဖြစ်နေတော့ တော်တော်လေးရှက်စရာကောင်းပါတယ်။ သူတို့ရဲ့စွမ်းဆောင်ရည် ဘာမှမဟုတ်ဘူးဆိုတာကို နိုင်ငံတကာကိုဖွင့်ဟပြလိုက်သလို ဖြစ်သွားတယ်။ နိုင်ငံတကာ စာမျက်နှာမှာ တော်တော်လေး အထင်သေးဝေဖန်စရာတော့ ဖြစ်လာနေတယ်။
မေး။ ။ AA ရဲ့ထိုးစစ်နဲ့ ချင်းပြည်နယ်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်တွေ အိန္ဒိယဘက်ကို ထွက်ပြေးရတဲ့အထိဖြစ်ရတဲ့ ဖြစ်စဉ်တွေအပေါ်မှာရော ဘယ်လိုသုံးသပ်မိပါလဲ။
ဖြေ။ ။ ချင်းပြည်နယ်ဘက်မှာ AA ရယ်၊ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေ ပြင်းထန်နေတော့ သူတို့က ပြန်မခုခံတော့ဘဲ အိန္ဒိယဘက်ကို ထွက်ပြေးကြတယ်။ အဓိကတော့ စစ်ကောင်စီအတွက် စစ်တိုက်ပေးချင်တဲ့ ဆန္ဒတွေ စစ်သားတွေမှာ မရှိတော့ဘူး။ AA ရယ်၊ ချင်းတော်လှန်ရေး အင်အားစုတွေရယ်၊ တခြား တော်လှန်ရေး အင်အားစုတွေအကြား အင်အားကောင်းကောင်းနဲ့ လက်တွဲညီညီလုပ်လာရင်တော့ စစ်ကောင်စီက ချင်းပြည် ဘက်မှာတော့ စခန်းတွေစွန့်ခွာဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေအထားဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုရင် ချင်းပြည်နယ်ဘက်မှာ ကျွန်တော်တို့တွေရထားတဲ့ စာရင်းဇယားအချက်အရတော့ ပလက်ဝမြို့မှာပဲ စစ်ကောင်စီရဲ့ လူအင်အား အတောင့်တင်းဆုံးနဲ့ အားဖြည့်ထားတာဖြစ်တယ်။ ရခိုင်ပြည်ဘက်မှာ AAနဲ့ တိုက်ပွဲတွေ ဖြစ်ဖူးတော့ စစ်ကောင်စီအင်အားတွေ တောင့်တောင့်တင်းတင်းနဲ့ ပလက်၀ဘက်မှာ ဖြည့်ဆည်းထားတဲ့ အနေအထားရှိတယ်။
ဒီလောက်အင်အားအများအပြားနဲ့ ချထားတာကို AA က အကုန်ချေမှုန်းလိုက်ပြီဆိုတော့ ကျန်တဲ့အနေအထားက နည်းနည်းလေးပဲ ကျန်တော့တယ်။ လက်ရှိ ချင်းပြည်နယ်က တခြားမြို့တွေမှာ အခြေချနေတဲ့ စစ်ကောင်စီ တပ်အင်အားက နည်းနည်းလေးဆိုတော့ အလွယ်ကလေး သိမ်းပိုက်နိုင်မယ်။ စစ်ကိုင်းတိုင်းဘက်မှာလည်း တမူးဂိတ်လောက်ပဲ ကျန်တော့တဲ့ အနေအထား ဖြစ်တာပေါ့။ ကျန်တဲ့နယ်စပ်ဂိတ်တွေ တော်တော်များများက တော်လှန်ရေးအင်အားစုတွေ လက်ထဲ အလုံးစုံထိန်းချုပ်ထားတဲ့ အနေအထားတော့ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေဘက်က လက်တွဲညီညီ ထိုးစစ်ဆင်နိုင်ရင်တော့ ၂၀၂၄ မှာ စခန်းတွေအပြီး အားလုံးချေမှုန်းလို့ရမယ့် အနေအထား ဖြစ်တယ်။ အိန္ဒိယနဲ့ နီးစပ်တဲ့အခြမ်းကတော့ တော်တော်များများ တော်လှန်ရေးအင်အားစုတွေ လက်ထဲရောက်သွားတဲ့ အနေအထားဖြစ်တယ်။
မေး။ ။ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိုးစစ်အောက်မှာ ပလက်၀ဒေသတစ်ခုလုံး ကျသွားတယ်။ လက်ရှိ ရခိုင်မှာ စစ်ကောင်စီရဲ့ဗျူဟာတွေ၊ တပ်ရင်းတပ်မတွေကို AA က အကြီးအကျယ် ဆက်လက် ထိုးစစ်ဆင်နေတယ်။ ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်ပါလဲ။
ဖြေ။ ။ လက်ရှိတော်လှန်ရေး EAO တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စွမ်းဆောင်ရည် အမြင့်ဆုံးဆိုတာကို ကျွန်တော်တို့မြင်တွေ့နေရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့စတင်ဖွဲ့စည်းမှု သက်တမ်းကလည်း တိုတိုလေးဖြစ်တယ်။ ဒါပေမယ့်အင်အား၊ တည်ဆောက်မှုနဲ့ တိုက်ရည်ခိုက်ရည်ကလည်း တော်တော်လေး အံ့မခန်းဖြစ်တဲ့ဟာမျိုး တွေ့နေရတယ်။ လက်ရှိ AA အခြေအနေကိုသုံးသပ်ရရင် သူ့အနေအထားက စစ်ကောင်စီဘက်က ရေကြောင်း၊ လေကြောင်းတွေကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်တဲ့ အနေအထားဖြစ်လို့သာ ခုလို အချိန်ယူနေရတာ။ မဟုတ်ဘူးဆိုရင် လက်ရှိ AA ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ လှုပ်ရှားမှုတွေအရဆိုရင် ရခိုင်ပြည်နယ်ကတော့ မကြာခင်မှာ လွတ်မြောက်နိုင်မယ့် အနေအထား ဖြစ်တယ်။ ဒါပေမယ့်ပထဝီ အနေအထား၊ လေကြောင်း၊ ကုန်ကြောင်းတွေကို စစ်ကောင်စီဘက်က ထောင့်ပေါင်းစုံက ဆင်နွဲလို့ရတဲ့ အနေအထားမျိုးမို့ AA အနေနဲ့ အနည်းငယ်တော့ အချိန်စောင့်တဲ့ သဘောပါ။ ကျွန်တော့်အနေနဲ့ အကြံပြုချင်တာက ရခိုင်နဲ့ချင်းတွေက အတူပူပေါင်းပြီးတော့ တိုက်ပွဲဆင်နွဲနိုင်ရင်တော့ သိပ်မကြာခင် ရခိုင်ရော ချင်းပြည်နယ်ရော လွတ်လပ်သွားနိုင်တယ်။ ဒီလိုဆိုရင် ရခိုင်အတွက်လည်း အကျိူးရှိတယ်။ ချင်းအတွက်လည်း အကျိုးရှိနိုင်ခြေ ပိုများတယ်လို့ ယူဆပါတယ်။
နိရဉ္စရာ ပေးပို့သည်။