ကရင်ပြည်နှင့် ကယား (ကရင်နီ) ပြည်နယ်စပ်ရှိ သံတောင်ကြီးမြို့မြောက်ပိုင်းတွင် တိုက်ပွဲပဋိပက္ခများကြောင့် တောတောင်များအတွင်း နေရပ်စွန့်ခွာရှောင်တိမ်းနေရသော စစ်ဘေးရှောင်များမှာ ၎င်းတို့ခိုလှုံနေထိုင်ရာ စစ်ရှောင်နေရာတစ်ခု တည်ဆောက်ပေးရန် အကူအညီတောင်းခံလာသည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။
စစ်ဘေးရှောင်များ၏ နေအိမ်တချို့မှာ ပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး လက်ရှိတွင်လည်း နေစရာနေရာ အတည်တကျမရှိတာကြောင့် အကူအညီတောင်းခံလာသည့် ထိုစစ်ဘေးရှောင်များအတွက် စစ်ရှောင်စခန်းတစ်ခု တည်ဆောက်ရန် လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးအတွက်စိတ်ချရသော နေရာတစ်ခု ရှာဖွေနေသည်ဟု ဒေသအခြေစိုက် စစ်ဘေးရှောင်ကူအမျိုးသားတစ်ဦးက ပြောသည်။
“ရွာ (၅) ရွာ ပြေးနေရတာ လောလောဆယ်က နေရာအတည်တကျ မရှိသေးဘူး။ တောနက်နက်တွေထဲမှာ သွားခိုနေတယ်။ အမျိုးအိမ်တွေမှာနေတယ်။ အမျိုးအိမ်တွေက ကြာကြာနေမရတော့ ကျနော်တို့ကို စစ်ရှောင်စခန်းဆောက်ဖို့ အကူအညီတောင်းတာ၊ နေရာကတော့ အလှူရှင်လည်းလာနိုင်မယ် စစ်တပ်က စစ်ကြောင်းထိုးတာ ကင်းလွတ်မယ့်နေရာကို အခုချိန်အထိ ရှာနေတုန်းပဲ” ဟု ၎င်းက ပြောဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့မှ စ၍ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများကြောင့် ကြိုတင်နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသည့် သောက်ရေခပ်၊ ကလေထ၊ ဒါးရိုး၊ လိုရာဒို အစ ရှိသည့် ကျေးရွာများမှ စစ်ဘေးရှောင်ဒုက္ခသည် ၃ ထောင်နီးပါးသည် တောတောင်များအတွင်း ခိုလှုံနေထိုင်နေရပြီး အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒေသအခြေစိုက်စစ်ရှောင်အရေးကူညီနေသူများက ပြောသည်။
နှစ်ဖက်တပ်အကြား အပြန်အလှန် ပစ်ခတ်မှုအတွင်း သောက်ရေခပ်ကျေးရွာမှ ဒေသခံနေအိမ်တချို့လည်း ထိခိုက် ပျက်စီးခဲ့ကြောင်းနှင့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာအခက်အခဲနှင့် ဆေးဝါးများလည်း လိုအပ်ချက်ရှိနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
“တိုက်ပွဲဖြစ်တာ အကြီးအကျယ်တော့ မဟုတ်ဘူး။ တော်လှန်ရေးအင်အားစုဘက်ကလည်း စစ်တပ်ကို အပြင်ထွက်လာအောင် သွားသွားပစ်တဲ့သဘောပေါ့၊ ဟိုဘက်ကလည်း လက်နက်ကြီးနဲ့ လှမ်းလှမ်းထုတာ။ ရွာသားတွေကတော့ ထွက်ပြေးရတယ်။ ပစ်ခတ်တာက ဖြောက်တောက်ဖြောက်တောက်ပဲ အပြင်းအထန်ကြီး မဟုတ်ဘူး” ဟု အဆိုပါ စစ်ရှောင်ကူအမျိုးသားက တိုက်ပွဲအခြေအနေကို ပြောပြသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းက ကရင်အမျိုးသားအစည်းအရုံး-KNU ၏ တပ်မဟာ(၂) တောင်ငူခရိုင်၊ သံတောင်မြောက်ပိုင်း၊ ယာဒိုဒေသတွင်း တိုက်ပွဲများနှင့် လေယာဥ်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ နေအိမ်မပြန်နိုင်သေးသည့် ဒေသခံထောင်ချီသည်လည်း ဘေးလွတ်ရာ စစ်ရှောင်နေရာ တစ်ခုတွင် ခိုလှုံနေထိုင်နေရဆဲဖြစ်ကြောင်း ဒေသအခြေစိုက်စစ်ရှောင်ကူသူများက ပြောသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ တောင်ငူခရိုင်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်း နေရသူ ၂ သောင်းကျော် ရှိနေကြောင်း KNU ၏ ဇန်နဝါရီ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
KIC ပေးပို့သည်။