ပထဆုံးအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာ ၄ ရက် မှ ဒီဇင်ဘာ ၇ ရက်အထိ ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်၊ Victoria Base တွင် အောင်မြင်စွာကျင်းပခဲ့ပြီး ချင်းလူမျိုးများ ကိုယ်တိုင်ရေးဆွဲပြဌာန်းသည့် ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ကြသည်။
အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရန်၊ နိုင်ငံရေးနှင့် အမျိုးသားတန်းတူရေး၊ အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရန်နှင့် ဒီမိုကရေစီစနစ်တည်ဆောက်ရန် စသည့် ရည်မှန်းချက် ၃ ခုနှင့်လည်း ချင်းပြည်ကောင်စီကို အတည်ပြု ဖွဲ့စည်းခဲ့ကြပါသည်။ ချင်းပြည်ကောင်စီက လွှတ်တော်၊ အစိုးရနှင့် တရားလွှတ်တော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမည် ဖြစ်သည်။
ချင်းပြည်ကောင်စီညီလာခံကို အစုအဖွဲ့ (၃) ခုက ဒေသနှင့် မြို့နယ်အစုအဖွဲ့မှ ၁၄ ဖွဲ့ တက်ရောက်ပြီး ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ CDFကန်ပက်လက်တို့က မတက်ရောက်ခဲ့ပါ။ ICNCC ကလည်း သူ့လုပ်ငန်းတာဝန်များကို မည်သည့်အဖွဲ့အစည်းကိုမျှ လွှဲပြောင်းပေးမည် မဟုတ်ဟု ဒီဇင်ဘာလ ၇ ရက်က ထုတ်ပြန်လာသည်။
ယင်းသို့ ချင်းပြည်နယ်၏ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် တော်လှန်ရေးအရှိန်အဟုန်မြှင့်နေသည့် ကာလ ချင်းပြည်ညီလာခံမှ တဆင့် ချင်းပြည်ကောင်စီနှင့် ချင်းပြည်အုပ်ချုပ်ရေး ယန္တရားများကို ဖွဲ့စည်းနိုင်မှုက ချင်းတော်လှန်ရေးကို ဘယ်လိုအရွေ့တွေ ဖြစ်ပေါ်လာမလဲကို ချင်းပြည်ကောင်စီ တွဲဖက်အတွင်းရေးမှူး ၁ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ပထမအကြိမ် ချင်းပြည်ညီလာခံကို ဘယ်လို ကျင်းပခဲ့ပါလဲ။ အဲဒီညီလာခံကနေ ဘယ်လို ဆုံးဖြတ်ချက်တွေ ချမှတ်အတည်ပြုနိုင်ခဲ့ပါလဲခင်ဗျ။
ဖြေ။ ။ ချင်းလဲန်းကောင်စီ ညီလာခံကို CNF အစုအဖွဲ့ရယ်၊ ၂၀၂၀ မှာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ မြို့နယ်နဲ့ ဒေသအုပ်ချုပ်ရေး အစုအဖွဲ့တွေရယ် ဆိုပြီးတေ့ာ အစုအဖွဲ့ (၃) ခုနဲ့ ချင်းပြည်ကောင်စီညီလာခံကို ပထမအကြိမ် အောင်မြင်စွာ ကျင်းပပြီး ချင်းလဲန်းကောင်စီကို ဖွဲ့စည်းနိုင်ခဲ့တယ်။ အဲလိုဖွဲ့စည်းတဲ့နေရာမှာ ပထမဆုံး ကျနော်တို့ချင်းလူမျိုးတွေ ကိုယ်တိုင်ရေးဆွဲထားတဲ့ ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ အတည်ပြုပြဌာန်းနိုင်ခဲ့တယ်။ ပြီးတော့ ကောင်စီဦးဆောင်အဖွဲ့ကိုလည်း ကျနော်တို့ ရွေးချယ်တင်မြောက်နိုင်ခဲ့တယ်။ အဲဒီကမှတဆင့် ရက်ပေါင်း ၆၀ အတွင်းမှာ ချင်းပြည်လွှတ်တော်ရယ်၊ အုပ်ချုပ်ရေးရယ်၊ တရားစီရင်ရေးရယ် အာဏာသုံးရပ်ကို ဖွဲ့စည်းမှာဖြစ်တယ်။ အဲလိုလုပ်တဲ့ နေရာမှာ ဒီအစိုးရကို ချင်းပြည်အစိုးရ၊ ပြီးတော့ ဒေသန္တရာ အစိုးရဆိုပြီး ထားရှိပြီးတော့မှ ချင်းပြည်တော်လှန်ရေးကာလ အစိုးရကို ဆက်လက်ပြီးတော့ တည်ဆောက်ဖို့ ဆုံးဖြတ်ချက်ချမှတ်ထားခဲ့ပါတယ်။
မေး။ ။ ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဘယ်လိုထူးခြားချက်တွေ ပါဝင်ပါလဲ။
ဖြေ။ ။ ထူးခြားချက်ဆိုလို့ ကျနော်တို့ကချင်းလူမျိုးတွေ ချင်းတွေကိုယ်တိုင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာတော့ ကျနော်တို့လိုချင်နေတဲ့ ပြီးတော့ လက်ရှိဖြစ်တည်နေတဲ့ အမျိုးသားအဆင့်အစိုးရ၊ ပြီးတော့ ဒေသန္တရအဆင့်အစိုးရ ဆိုပြီးတော့ ဒီမိုကရေစီကျင့်စဉ် လုပ်ထုံးလုပ်နည်းနဲ့အညီ ကျနော်တို့က ပြည်သူလူထုကိုယ်တိုင် အုပ်ချုပ်တဲ့ ဖော်ဆောင်တဲ့ အစိုးရမျိုးကို အခု ဖော်ဆောင်သွားဖို့ ဆိုတာက ဒီဖွဲ့စည်းပုံရဲ့ ထူးခြားချက်ပေါ့နော်။
မေး။ ။ အဲဒီဖွဲ့စည်းပုံကနေ ချင်းပြည်နယ်ကို ဘယ်လိုပုံစံမျိုးတည်ထောင်ဖို့ ရည်မှန်းထားပါလဲ။ ချင်းပြည်သူတွေက ချင်းပြည်ကို ဘယ်လိုပုံစံနဲ့လည်ပတ်မယ့် အုပ်ချုပ်ရေးယန္တရားတွေကို မြင်တွေ့ရမှာပါလဲ။
ဖြေ။ ။ အဓိကက ဖွဲ့စည်းပုံဆိုတာက ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံတဲ့ အုပ်ချုပ်မှုမျိုးကို ဖော်ဆောင်သွားမှာဖြစ်တယ်။ တခြား ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ဖွဲ့စည်းပုံတွေ၊ အုပ်ချုပ်မှု ပုံစံတွေကို ကျနော်တို့ ချင်းလူမျိုးတွေနဲ့ ကိုက်ညီတဲ့ အနေအထားအောက်ကနေ ကျနော်တို့က ဆက်လက်ပြီးသွားဖို့ ရှိပါတယ်။ ကျနော်တို့ ဒီအစိုးရဖွဲ့တဲ့နေရာမှာ ချင်းပြည်ဝန်ကြီးချုပ်ရှိမယ်၊ အဲဒီနေရာမှာ ဝန်ကြီးဌာနတွေ ထားမယ်။ လွှတ်တော်မှာဥပဒေပြုရေးကိုတော့ ၂၀၂၂ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့က သီးသန့် စုဖွဲ့၊ ဖွဲ့စည်းသွားမှာ ဖြစ်တယ်။ တရားစီရင်ရေးကိုတော့ သူဟာသူ သီးသန့်လွတ်လပ်တဲ့ တရားစီရင်ရေးကို ကျနော်တို့က ဖော်ဆောင်မှာဖြစ်တယ်။
မေး။ ။ ချင်းပြည်ကောင်စီကို ချင်းပြည်ကောင်စီညီလာခံကနေ အတည်ပြုဖွဲ့စည်းနိုင်ခဲ့ပြီးလို့ သိရပါတယ်။ ချင်းပြည်ကောင်စီကို ဘယ်လိုမျိုး ဖွဲ့စည်းထားပါလဲ။
ဖြေ။ ။ ချင်းပြည်ကောင်စီကို အကြီးအကဲ (၆) ဦး ။ ဥက္ကဌရယ်၊ ဒုတိယဥက္ကဌ ၁ နဲ့ ၂ ရယ်၊ အစုအဖွဲ့ (၃)ခုစီကနေ တစ်ဦးစီ စေလွှတ်ပြီးတော့ အဲဒါကို အတည်ပြုတယ်။ ထိုနည်းလည်းကောင်းပဲ အတွင်းရေးမှူးကိုလည်း အစုအဖွဲ့ တစ်ခုစီကနေ အတွင်းရေးမှူးတစ်ဦးရယ်၊ တွဲဖက်အတွင်းရေးမှူး ၁ ရယ်၊ ၂ ရယ်ဆိုပြီးတော့ ကျနော်တို့ ညှိနှိုင်းပြီးတော့မှ လုပ်တယ်။ ချင်းပြည်ကောင်စီကို ဦးဆောင်ကော်မတီက ၂၃ ဦးနဲ့ ဖွဲ့စည်းတယ်။ ၂၃ ဦး ဆိုတဲ့ နေရာမှာလည်း အစုအဖွဲ့ (၃)ခု ကနေ စေလွှတ်လာတဲ့ ပုဂ္ဂိုလ်တွေကို ၃ ဦး ထားပြီးတော့ ဦးဆောင်အဖွဲ့မှာလည်း ဥက္ကဌ (၃) ဦး၊ အတွင်းရေးမှူး (၃) ဦးဆိုပြီးတော့ ဖွဲ့တယ်။ ကောင်စီဝင်ကိုလည်း CNF ရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ မြို့နယ်နဲ့ ဒေသ အုပ်ချုပ်ရေးတွေထဲက အစုအဖွဲ့ ၃ ခုထဲက ကျနော်တို့ ပြန်တင်မြှောက်ပြီးတော့ အဲဒါကိုအတည်ပြုတယ်။ ကောင်စီဝင်ကတော့ ၁၃၀ ကနေ ၁၄၀ ကြားရှိတယ်။ အဲဒီကောင်စီကနေမှ ဒီအာဏာ (၃) ရပ်ကို ကျနော်တို့ ဖွဲ့စည်းတယ်။ လွှတ်တော်ရယ်၊ အစိုးရယ်၊ ပြီးတော့ တရားစီရင်ရေးရယ်ဆိုတဲ့ အာဏာသုံးရပ်ကို ကျနော်တို့ဖော်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီ လွှတ်တော်ရယ်၊ အစိုးရယ်၊ တရားစီရင်ရေးရယ်တို့က ချင်းပြည်ကောင်စီကို တာဝန်ခံကြတယ်။ အဲဒီပုံစံနဲ့ အဲဒီကောင်စီကို ဖွဲ့စည်းတာဖြစ်တယ်။
မေး။ ။ စောစောက ဖြေတဲ့အထဲမှာ ချင်းလဲန်းကောင်စီကို အကြီးအကဲ (၆) ဦးနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ အဲဒီအကြီးအကဲ (၆) ဦးက ဘယ်သူတွေပါလဲခင်ဗျ။
ဖြေ။ ။ အကြီးအကဲ (၆) ဦးမှာ ဥက္ကဌ နေရာကို Pu Zing Cung ။ Pu Zing Cung က လက်ရှိ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဥက္ကဌဖြစ်တယ်။ ဒုတိယဥက္ကဌ (၁) ကတော့ ဆလိုင်းမင်းညို၊ သူကတော့ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဖြစ်တယ်။ ဒုတိယဥက္ကဌ (၂) က မြို့နယ်တွေက စေလွှတ်တဲ့ ဆလိုင်း Pu Bawi Kung ဖြစ်တယ်။ အတွင်းရေးမှူးက မြို့နယ်တွေက စေလွှတ်လာတဲ့ ဆလိုင်းပေါဖြစ်တယ်။ တွဲဖက်အတွင်းရေးမှူး (၁) ကတော့ ကျနော် ဆလိုင်းထက်နီ ဖြစ်ပါတယ်။ CNF အစုအဖွဲ့က ဖြစ်တယ်။ တွဲဖက် (၂) ကတော့ Pu Tial Ling ဖြစ်တယ်။ သူကတော့ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကနေ စေလွှတ်ထားတာ ဖြစ်ပါတယ်။
မေး။ ။ ချင်းပြည်ကောင်စီကနေ ချင်းပြည် လွှတ်တော်၊ အစိုးရအဖွဲ့နဲ့ တရားလွှတ်တော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။ အဲဒါတွေကို ဘယ်လိုဖွဲ့စည်းသွားမလဲဆိုတာ ရှင်းပြပေးပါဦးခင်ဗျာ။
ဖြေ။ ။ ဖွဲ့စည်းပုံအရ ချင်းပြည်ကောင်စီကနေ ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ရယ်၊ အုပ်ချုပ်ရေးရယ်၊ တရားစီရင်ရေးရယ်ကို ဖွဲ့စည်းသွားမှာဖြစ်တယ်။ အဲလိုဖွဲ့စည်းနိုင်ဖို့ကောင်စီကနေ တာဝန်ပေးထားတဲ့ လူတွေ၊ ရွေးချယ်တင်မြောက်ရေးကော်မတီကို ၃၁ ဦးနဲ့ ကျနော်တို့ ဖွဲ့စည်းတယ်။ ၃၁ ဦးနဲ့ ဖွဲ့စည်းတဲ့ နေရာမှာ အစုအဖွဲ့ ၃ ခုက ပုဂ္ဂိုလ်တွေက စေလွှတ်ပြီးတော့ သူတို့ကနေ အဲဒါကို ပြန်ရွေးချယ်မယ်။ ရွေးချယ်ပြီးတော့ အဲဒါကို ကောင်စီကနေ အတည်ပြုချက်ကို အတည်ပြုမှာ ဖြစ်တယ်။ အဲလိုပုံစံနဲ့ ကျနော်တို့က ဆက်လက်ပြီး ရက်ပေါင်း ၆၀ အတွင်း အဲလို အကောင်အထည်ဖော်မှာ ဖြစ်တယ်။ လွှတ်တော်ဆိုရင် ဥပဒေပြုရေးရာ အားလုံးကို ကိုင်တွယ်မယ်။ အုပ်ချုပ်ရေးကိုတော့ အုပ်ချုပ်ရေးအစိုးရက ကိုင်တွယ်မယ်။ တရားစီရင်ရေးကြတော့လည်း သူ့ဟာသူ လွတ်လွတ်လပ်လပ် သီးသီးသန့်သန့် အရပ်ဖက် တရားစီရင်ရေးကို ကျနော်တို့ကဖော်ဆောင်မှာ ဖြစ်တယ်။
မေး။ ။ တော်လှန်ရေးအရှိန်အဟုန် မြင့်နေတဲ့ကာလမှာ ဒီလို ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ကျင်းပနိုင်ပြီးတော့ ချင်းပြည်ကောင်စီ၊ ချင်းပြည်အုပ်ချုပ်ရေး ယန္တရားတွေကို ဖွဲ့စည်းနိုင်မှုဟာ လက်ရှိသွားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးကို ဘယ်လို အလှည့်အပြောင်းတွေ၊ အရွေ့တွေ ဖြစ်ပေါ်စေမလဲခင်ဗျာ။
ဖြေ။ ။ နွေဦးတော်လှန်ရေးက ၃ နှစ်ထဲ အဝင်ဖြစ်နေပြီး ကျနော်တို့ အနေအထားက ပထမကတော့ စစ်ဆင်ရေးကို အဓိက ထားတယ်။ ကျနော်တို့ ဦးတည်ချက်ကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖြုတ်ချရေး၊ ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောင်ရေးဆိုတဲ့ အဲဒါတွေကို ဟန်ချက်ညီညီ တည်ဆောက်နိုင်ဖို့က စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီညီ တည်ဆောက်ပြီးတော့ အပြန်အလှန်အကျိုးပြုပြီးတော့ ကျနော်တို့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီနိုင်အောင် စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီဖို့ ဖြစ်တယ်။ နိုင်ငံရေးဆိုတဲ့ နေရာမှာ လက်ရှိမှာတော့ ဒီအုပ်ချုပ်ရေးတွေ အားကောင်းလာရင် ပြည်သူ့အားက ကောင်းလာမယ်။ ကျနော်တို့က ပြည်သူ့တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ထားတဲ့ ပြည်သူတွေရဲ့ပံ့ပိုးမှုကို ပိုရရှိအောင်၊ ပြီးတော့ ပြည်တွင်းမှာ ပြည်သူတွေရဲ့အခက်အခဲကို ကျနော်တို့ကိုယ်တိုင်ဖော်ဆောင်မယ့် အုပ်ချုပ်ရေးကနေ လုပ်ဆောင်နိုင်ဖို့ ဖြစ်တယ်။ အဓိက ပြောချင်တာက နိုင်ငံရေးနဲ့ စစ်ရေးအားကောင်းဖို့ ၊ ချင်းပြည်ကို စုစုစည်းစည်းနဲ့ သွားနိုင်ဖို့ အဓိက ရည်ရွယ်ခြင်းဖြစ်တယ်။ အဲဒီမှာ ချင်းလဲန်းကောင်စီကနေ တဆင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ ကျနော်တို့လိုချင်တဲ့ ပက်ကား အစိုးရ ဖြစ်လာတဲ့အထိ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိ ချင်းအင်အားစု ထိန်းချုပ်ထားတဲ့ မြို့တွေကိုလည်း အခုပေါ်ပေါက်လာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ၊ ချင်းပြည်အုပ်ချုပ်ရေး ယန္တရားတွေနဲ့ လည်ပတ်တော့မှာပါလား။ အဲဒီအပေါ်မှာ ဘယ်လို အစီအစဉ်တွေရှိပါလဲ။
ဖြေ။ ။ ကျနော်တို့မှာ အခုအနေအထားကတော့ ချင်းပြည်ရဲ့ ၁၀၀ မှာ ၇၅ ရာခိုင်နှုန်းကတော့ ပြည်သူ့လက်ထဲကို ရောက်နေပြီးလို့ ပြောလို့ရတယ်။ စစ်ကောင်စီရဲ့ လုပ်ငန်းယန္တရားလည်ပတ်မှုက မြို့ပေါ်မှာလောက်ပဲ ရှိတယ်။ အဲဒါကို ကျနော်တို့က လက်တွေ့ကျကျနဲ့ ဖော်ဆောင်နေတဲ့နေရာမှာ နဂိုကတည်းကိုက ဒေသတွင်းမှာ မြို့နယ်နဲ့ ဒေသအုပ်ချုပ်ရေး ၊ ပြီးတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေပြီသားဖြစ်တယ်။ အဲဒါကို စုစုစည်းစည်းနဲ့ ပိုကျစ်လစ်ခိုင်မာအောင် လုပ်သွားဖို့ပါပဲ။ အဲလိုဖော်ဆောင်ပြီးသား မြို့နယ်၊ ဒေသအုပ်ချုပ်ရေးကို တစုတစည်းထဲနဲ့ အမျိုးသားအဆင့် ချင်းလဲန်းအဆင့် အုပ်ချုပ်ရေးမျိုးကို တည်ဆောက်နေတာဖြစ်တယ်။ စစ်ရေးမှာကြတော့မှာ အစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးဆိုတာ ရှိမယ်။ အဲဒီကာကွယ်ရေးဝန်ကြီးဌာန အောက်မှာ ချင်းအမျိုးသား တပ်မတော်ရယ်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ အားလုံးစုစည်းပြီးတော့ စစ်ရေးကို ဖော်ဆောင်သွားမှာဖြစ်တယ်။ ချင်းပြည်အစိုးရအောက်မှာသွားတဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ လုံခြုံရေး စသဖြင့် ပြီးတော့ တခြားဝန်ကြီးဌာန တွေကိုလည်း လိုရင်လိုအပ်သလို တိုးချဲ့ပြီးတော့ ဖွဲ့စည်းသွားဖို့ ၊ လက်ရှိရည်မှန်းထားတာကတော့ ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် ဌာန ၁၅ ခုနဲ့ အဲဒီအုပ်ချုပ်ရေးယန္တရားကို လည်ပတ်ဖို့ ပြင်ဆင်ပြီး တွန်းနေတာဖြစ်တယ်။
မေး။ ။ ချင်းပြည်ညီလာခံကို ဘယ်နှစ်ဖွဲ့ တက်ရောက်ခဲ့ပါလဲ။
ဖြေ။ ။ ချင်းပြည်ကောင်စီ ညီလာခံကို အစုအဖွဲ့ ၃ ခုနဲ့ ကျနော်တို့ ကျင်းပတာဖြစ်တယ်။ CNF ရယ်၊ ပြီးတော့ ၂၀၂၀ မှာ ရွေးကောက်ခံရပြီး နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ အစုအဖွဲရယ်၊ ဒေသတွင်းမှာ ရှိပြီးသားဖြစ်နေတဲ့ မြို့နယ်ဒေသ အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ ၁၇ ဖွဲ့နဲ့ အဲဒီညီလာခံကို ကျင်းပတာ ဖြစ်တယ်။ ဒါပေမယ့် မြို့နယ်တွေက အဲဒီ ၁၇ ဖွဲ့ ထဲမှာ ၁၄ ဖွဲ့ကတော့ အဲဒီညီလာခံကို တက်ရောက်တယ်။ ၃ ဖွဲ့ကတော့ မတက်ရောက်လာနိုင်ဘူး။ အဲဒီ ၃ ဖွဲ့ဘက်က လွှတ်တော်ကိုယ်စားလှယ်တွေလည်း မတက်ရောက်နိုင်ခဲ့ဘူး။ အဲဒါကြောင့် ညီလာခံကိုတော့ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းသာ တက်ရောက်နိုင်ခဲ့တာ ဖြစ်တယ်။
မေး။ ။ အခု ကျင်းပခဲ့တဲ့ ချင်းပြည်ကောင်စီညီလာခံကို မတက်ရောက်ခဲ့တဲ့ အဖွဲ့တွေလည်း ရှိတယ်ဆိုတော့ အဲဒီအဖွဲ့တွေနဲ့ ပတ်သက်လို့ကရော ဘယ်လိုမူဝါဒ ရှိပါလဲ။
ဖြေ။ ။ မတက်နိုင်တဲ့ အဖွဲ့အစည်းတွေက ၃ ဖွဲ့ဖြစ်တယ်။ အဲဒီ ၃ ဖွဲ့က အဲဒီနေရာက လွှတ်တော်ကိုယ်စားလှယ် တွေလည်း မပါဝင်ခဲ့ဘူး။ သူတို့ ပါဝင်လာနိုင်အောင် ကျနော်တို့က တံခါးဖွင့်ထားပါတယ်။ သူတို့ပါဝင်လာနိုင်အောင် ညှိနှိုင်းရေးကော်မတီကနေ အစကတည်းက ညှိနှိုင်းကြပါတယ်။ အဲဒီမှာ သူတို့နဲ့အပြောအရ ညီလာခံပြီးရင် တွေ့ဆုံဖို့ဆိုတဲ့ဟာတွေလည်း ရှိတယ်။ အဲဒါကြောင့် သူတို့ပါဝင်လာနိုင်ရေးကို ကျနော်တို့က တံခါးဖွင့်ထားပါတယ်။
မေး။ ။ ချင်းလဲန်ကောင်စီဖွဲ့စည်းပုံဥပဒေမှာမှာ ICNCC နဲ့ သူ့ရဲ့လုပ်ငန်းတာဝန်များကို လွှဲပြောင်းရယူတယ်လို့ ပြဌာန်းထားပါတယ်။ ICNCC ဘက်ကလည်း မည်သည့်အဖွဲ့အစည်းကိုမျှ လွှဲပြောင်းပေးမည်မဟုတ်ကြောင်း ထုတ်ပြန်လာပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုသဘောထားရှိပါလဲ။
ဖြေ။ ။ ICNCC ကြတော့လည်း အခု အဲဒီမှာပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေက အခု မတက်ရောက်လာနိုင်သေးတဲ့ ၃ ဖွဲ့က လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ဆိုတော့ သူတို့ လွှဲပြောင်းသည်၊ မလွှဲပြောင်းသည် ဆိုတာထက် ကျနော်တို့ ဘာတွေကိုလုပ်ရမယ်၊ ဘယ်လို ဖြစ်သင့်တယ်၊ မြေပြင်မှာ ဘယ်လို အနေအထားရှိတယ် ဆိုတာကိုသိဖို့ လိုပါတယ်။ တကယ့်ကြတော့ ICNCC ဆိုတာ အစကတည်းက အစုအဖွဲ့ ၅ ခု ကို ICNCC ကို တည်ထားတယ်။ ဒါပေမဲ့ အဲဒါကို လက်တွေ့မကြတဲ့အပိုင်းတွေ အများကြီးရှိတော့ CNF ကနေ အဲဒီအစုအဖွဲ့ကနေ ကျနော်တို့ နှုတ်ထွက်လိုက်တာ ဖြစ်တယ်။ ICNCC က အစုအဖွဲ့ ၅ ခုနဲ့ ဖွဲ့ထားတာဖြစ်တဲ့အတွက် အစုအဖွဲ့ တစ်ခုခုနှုတ်ထွက်သွားပြီးဆိုရင် ICNCC က လက်တွေ့ကြသလားဆိုတဲ့ဟာတွေက ပြန်သုံးသပ်ဖို့တော့ လိုမယ်။ ပြီးတော့ ICNCC က ကျင့်သုံးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပဲ ခေါ်ခေါ်၊ Chapter ပဲ ခေါ်ခေါ် ခိုင်မာတဲ့ ဖွဲ့စည်းပုံကို သူတို့က ဒီနေ့အထိ ရေးဆွဲအတည်ပြုနိုင်တာ မရှိသေးဘူး။ အဲလို ဖြစ်တယ်။ ပြောချင်တာက ICNCC က ကျနော်တို့အနေနဲ့က ဒီလိုလေ မှေးမှိန်သွားနေပြီလို့တွက်တယ်။ ဒါပေမဲ့ သူတို့က သူတို့ရဲ့ထုတ်ပြန်ချက်တွေကနေ ဘယ်သူ့ကိုမှ လွှဲပြောင်းမပေးနိုင်ပါဘူးဆိုတဲ့ဟာတွေ ရှိတယ်။ လွှဲပြောင်းသည်၊မပြောင်းသည်က ကျနော်တို့က တော်လှန်ရေးကာလမှာ လက်တွေ့ကျတဲ့ လုပ်ငန်းဖော်ဆောင်မှုက အဲဒါက အဓိက လိုအပ်ပါတယ်။ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။
မေး။ ။ ချင်းပြည် အစိုးရယန္တရားနဲ့ NUG တို့ NUCC တို့နဲ့ကရော ဘယ်လိုမျိုး ချိတ်ဆက်ဆောင်ရွက်သွားမှာပါလဲ ခင်ဗျ။
ဖြေ။ ။ အခု ချင်းပြည်ကောင်စီ ဖွဲ့စည်းရေးမှာ နဂိုကတည်းက ICNCC မန်ဘာတွေထဲက ကျနော်တို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်လည်း ချင်းလန်းကောင်စီမှာ အများစုပါဝင်လာခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါကို ICNCC နဲ့၊ NUCC ၊ NUG တို့က သိပြီးသားဖြစ်ပါတယ်။ ပြောချင်တာက တကယ့်မြေပြင်မှာ ဘာအလုပ်လုပ်သလဲ၊ ဘယ်လိုလုပ်သလဲဆိုတာ ချင်းပြည်ကောင်စီအနေအထားက ဘာလဲဆိုတာ NUCC ၊ NUG က သုံးသပ်ပြီးသားဖြစ်ပါတယ်။ အဲဒါကြောင့် ချိတ်ဆက်မှုတွေကတော့ သူဟာနဲ့သူ သွားနေပြီးသားဖြစ်ပါတယ်။ မချိတ်ဆက်လို့ မရတဲ့ အနေအထားမှာလည်း ချိတ်ဆက်ပြီးသားလည်း ဖြစ်နေပါတယ်။
မေး။ ။ ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသေးလား။
ဖြေ။ ။ မရှိတော့ပါဘူး။
KMG ပေးပို့သည်။