စစ်ကိုင်းဒေသအတွင်း လက်ရှိစစ်ရေးအခြေအနေ၊ နိုင်ငံရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုအခြေအနေတွေနဲ့ ပတ်သတ်ပြီး စစ်ကိုင်းစစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေနဲ့ မေးမြန်းချက်။
၁၀၂၇ စစ်ဆင်ရေးအနေဖြင့် စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး နိုဝင်ဘာလဆန်းပိုင်းက စတင်ပြီး ဟန်ချက်ညီထိုးစစ်တွေဆင်နွှဲနေပါတယ်။
အဲ့ဒီလိုဟန်ချက်ညီစစ်ဆင်ရေးတွေ ဖော်ဆောင်နေချိန်မှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုလည်း အထူးလိုအပ် နေပြီး စစ်ကိုင်းဒေသဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့တစ်ရပ် အမြန်ဆုံးဖြစ်ထွန်းပေါ်ပေါက်လာရေး ကြိုးပမ်းနေတယ်လို့ စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့က နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်ကြေညာလာပါတယ်။
စစ်ကိုင်းဒေသအတွင်း လက်ရှိစစ်ရေးအခြေအနေတွေနဲ့ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ကြိုးပမ်းနေတဲ့ နိုင်ငံရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုအခြေအနေတွေကို စစ်ကိုင်းဒေသ နိုင်ငံရေးလေ့လာသူတစ်ဦးလည်းဖြစ်၊ စစ်ကိုင်းစစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ကိုစိုးဝင်းဆွေကို မေးမြန်းထားပါတယ်။
မေး။ ။ စစ်ကိုင်းတိုင်းအတွင်းမှာ လက်ရှိဖော်ဆောင်နေတဲ့ တော်လှန်ရေးဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့က ကြေညာချက်ထုတ်ထားတာတွေ့ရပါတယ်။ ဒီကြေညာချက်ရဲ့ ရည်ရွယ်ချက်ကို အရင်ဆုံးပြောပြပေးပါဦး။
ဖြေ။ ။ ရည်ရွယ်ချက်ကတော့ နှစ်ပိုင်းပေ့ါ။ ပထမတစ်ခုက စစ်ကိုင်းတိုင်းထဲမှာ စစ်ရေးအရ ဖြစ်ထွန်းပေါ်ပေါက်မှုတွေ အောင်မြင်မှုတွေနဲ့ပတ်သက်လို့ စစ်ကိုင်းဖိုရမ်က ဒီအပေါ်မှာဂုဏ်ယူဝမ်းမြောက်တယ်။ ပြီးတော့ ကျဆုံးရဲဘော်တွေအတွက်လည်း ထပ်တူဝမ်းနည်းတယ်ဆိုတာကို ဖော်ပြဖို့ဖြစ်ပါတယ်။ နောက်တစ်ခုက စစ်ရေးတိုးတက်မှုတွေနဲ့အတူ နိုင်ငံရေးအရွေ့ကလည်းပဲ ဟန်ချက်ညီညီတိုးတက်ဖို့ လိုတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးအရွေ့တိုးတက်ဖို့ အတွက်လည်း စစ်ကိုင်းဖိုရမ်ဘက်က ကြိုးပမ်းနေပါတယ်ဆိုတာကို မက်ဆေ့ဂျ် ပေးချင်လို့ပေါ့ဗျာ။ အဲ့ဒီတော့ ဒီနှစ်ချက်ကြောင့် အဲ့ဒီကြေညာချက်ထုတ်ပြန်ခြင်းဖြစ်ပါတယ်။
မေး။ ။ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့အနေနဲ့ တော်လှန်ရေးအစုအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ပြီး နိုင်ငံရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုရလဒ်တချို့လည်း ထွက်ပေါ်လာနေပြီလို့ ထုတ်ပြန်ချက်ထဲမှာ သတင်းကောင်းပါးထားတာ တွေ့ရတယ်။ ဒါကရော ဘယ်လိုတိုးတက်မှုတွေလဲဆိုတာ ပြောလို့ရသလောက် ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော်တို့ ဒီနှစ်မကုန်ခင်မှာ ဒုတိယအကြိမ်ဖိုရမ် ကျင်းပဖို့ရှိပါတယ်။ ဒုတိယအကြိမ်ဖိုရမ် ကျင်းပတဲ့ အချိန်မှာတော့ စစ်ကိုင်းတိုင်းမှာ အားလုံးပါဝင်တဲ့နိုင်ငံရေးအစုအဖွဲ့တစ်ခု ပေါ်ထွန်းဖို့အတွက် ကျနော်တို့ ရည်မှန်းထားတာရှိပါတယ်။ အဲ့ဒီလိုရည်မှန်းထားတဲ့နေရာမှာ တိုင်းတွင်းတိုင်းပ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေး နေတာရှိတယ်။ နောက်တိုင်းတွင်းက ရွေးကောက်ခံအစုအဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးနေတာတွေ ရှိပါတယ်ဗျ။ ဒါသည်ပင်လျင် ပထမအကြိမ် ဖိုရမ်ပြီးတဲ့နောက်မှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုတွေလို့ ကျနော်တို့ကောက်ချက်ချလို့ ရပါတယ်။
မေး။ ။ စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့အနေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ နိုဝင်ဘာ ၁၁ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တာ တွေ့ရတယ်။ ဒါကရော တိုးတက်ဖြစ်ထွန်းမှုတွေထဲမှာ ပါဝင်ပါလား။
ဖြေ။ ။ ဟုတ်ကဲ့ အဓိက,ကတော့ ဒီကျနော်တို့စစ်ကိုင်းဖိုရမ်အနေနဲ့က ကိုယ့်နေရာ ကိုယ့်ဒေသကို bottom up approach ပေါ့ဗျာ။ အောက်ကနေအထက်ကို ပြန်ချည်းကပ်တဲ့နည်းနဲ့ ဖက်ဒရည်ဒီမိုကရေစီပြည်ထောင်စုမှာ စစ်ကိုင်းဖိုရမ် အနေနဲ့ကလည်း ဒါတစ်တပ်တအားပါဝင်နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်ထောင်စုထဲမှာ ရှိတဲ့ ကျနော်တို့နဲ့ ရည်ရွယ်ချက်ခြင်းတူတဲ့ ကျနော်တို့ထက် အတွေ့အကြုံလည်းအများကြီးရင့်တဲ့ ဖက်ဒရယ်လမ်းကြောင်းမှာ ကျနော်တို့ရှေ့က ကြိုလျှောက်နှင့်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ သူတို့ကဆီကနေ အကြံဉာဏ်တွေ ရယူဆွေးနွေးတယ်။ ပြီးတဲ့အခါကျတော့ ပူးပေါင်းလုပ်နိုင်တဲ့ ပလက်ဖောင်းတွေ ဖော်ထုတ်တယ်ပေါ့ဗျာ။ ဒါသည်ပင်လျင် စစ်ကိုင်းဖိုရမ်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်တဲ့နေရာမှာ အထောက်အပံ့တွေ အများကြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ ခုနကတုန်းက ဖွံ့ဖြိုးတိုးတက်မှုတွေထဲမှာ ဒီအချက်ကို ထည့်မယ်ဆိုရင်လည်း ထည့်လို့ရပါတယ်။
မေး။ ။ ထုတ်ပြန်ချက် နံပါတ် (၅) မှာ စစ်ကိုင်းဒေသအင်အားစုတွေအနေနဲ့ လူထုသဘောဆန္ဒနဲ့အညီ စုံလင်ကွဲပြားမှုတွေကို အချင်းချင်းနားလည်လက်ခံပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားတာ တွေ့ရတယ်။ ဒါကရော ဘာကိုဆိုလိုချင်တာပါလဲ။
ဖြေ။ ။ ဒါကတော့ ကျနော်တို့နိုင်ငံရဲ့ ပေးထားချက်ကိုက diversity စုံလင်ကွဲပြားမှု အရမ်းများတယ်။ စုံလင်ကွဲပြားမှုတွေကို မတူညီမှုတွေအဖြစ် ရှုမြင်ပြီးတော့ တူအောင်လုပ်နေလို့ကတော့ ဒါအာဏာရှင်ပဲဗျာ။ ဘာလို့ဆို တသွေးတစ်သံ၊ တစ်မိန့်ဖြစ်ဖြစ်သွားရင် အာဏာရှင်ပဲ။ ကျနော်တို့က မတူညီမှုတွေကို စုံလင်ကွဲပြားမှုတွေအဖြစ် အသိအမှတ်ပြုပြီးတဲ့အခါကျတော့ အဲ့ဒီမတူညီမှုတွေအချင်းချင်း ဘယ်လိုပေါင်းလုပ် ရမလဲ ဆိုတာကို စဉ်းစားမှသာလျင် ဒီမိုကရက်တစ် approach ကို ဒီမိုကရေစီ ချဉ်းကပ်မှုကို ဖြစ်လာမယ်။ ဒါမှလည်း ကျနော်တို့က ဖက်ဒရယ်နဲ့လည်း ကိုက်ညီမယ်ပေါ့။
ပြောရရင် ကျနော်တို့နိုင်ငံမှာ နှစ်ပေါင်းများစွာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ ပြဿနာရဲ့အရင်းအမြစ်ကို ကြည့်မယ်ဆိုရင် ဒါဖက်ဒရယ်ကြောင့်ပဲလို့ ပြောလို့ရတယ်ပေါ့ဗျာ။ ဒါပေမယ့် ဒီပြဿနာတွေကို အဆုံးသတ်သွားအောင် ကျနော်တို့ဘယ်လိုဖြေရှင်းမလဲ ဆိုတော့ အဖြေသည်လည်းပဲ ဖက်ဒရယ်ပဲဗျ။ ပြဿနာကလည်း ဖက်ဒရယ်ကြောင့် ဖြစ်နေတာဖြစ်သလို ဖြေရှင်းနိုင်မယ့် အဖြေသည်လည်းပဲ ဖက်ဒရယ်ပဲ ဖြစ်နေတယ်။ ဒါကြောင့်မို့ ဖက်ဒရယ်ဒီမိုကရေစီကို ရည်မှန်းမယ် ဆိုရင်တော့ မတူကွဲပြားတဲ့ စုံလင်ကွဲပြားမှုတွေကြားထဲမှာ အပြန်အလှန်အသိအမှတ်ပြုပြီးတော့ အတူတူ ပူးပေါင်းလုပ်နိုင်မယ့် ပလက်ဖောင်းတွေ ဖော်ထုတ်ဖို့ ဖြစ်တယ်။ ဒါသည်ပင်လျင် ကျနော်တို့က စစ်ကိုင်းဖိုရမ် ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်ဗျ။
မေး။ ။ စစ်ကိုင်းတိုင်းအတွင်း လက်ရှိဖော်ဆောင်နေတဲ့ ထိုးစစ်တွေကရော ဘယ်လိုအခြေအနေရှိနေပါလဲ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က အသာစီးရတဲ့အနေအထားမျိုးကို မြင်တွေ့ရလားဆိုတာ သုံးသပ်ပြောပေးပါဦး။
ဖြေ။ ။ သေချာတာကတော့ ကျနော်တို့တွေက တော်လှန်ရေးစစဉ်တုန်းက တိုက်တဲ့နှုန်းအတိုင်းပဲ ရပ်တည် တောင့်ခံသွားမယ်ဆိုရင် အကြမ်းဖက်စစ်တပ်ကတော့ တုန့်ပြန်နိုင်မှုအားတွေ အများကြီးကျလာတာပဲဗျ။ အခုဆိုရင် ကောလင်းမြို့သိမ်းတိုက်ပွဲ ကျင်းပတယ်ဆိုရင် တစ်ရက်ထဲသိမ်းတာမဟုတ်ဘူး၊ သုံးလေးရက်လောက် တိုက်ခိုက်နေတာရှိတယ်။ အဲ့ဒီသုံးလေးရက်လောက် တိုက်ခိုက်နေတဲ့အတောအတွင်းမှာ ကောလင်းနဲ့ အနီးဆုံးမြို့က ပင်လင်ဘူးတို့ဘာတို့ကနေ စစ်ကူလာနိုင်တာမရှိဘူး။ ဆိုတဲ့အခါကျတော့ အကြမ်းဖက်စစ်တပ် ကတော့ တုန့်ပြန်နိုင်စွမ်းကတော့ အရင်ကထက်ကျဆင်းနေပြီ။ ဒီအချိန်မှာ ကျနော်တို့ တော်လှန်ရေးတပ်သားတွေက ညီညီညွတ်ညွတ်နဲ့ တော်လှန်ရေးတိုက်ပွဲဝင်မယ်ဆိုရင် ကျနော်တို့မျှော်မှန်းတဲ့ တော်လှန်ရေးအောင်ပွဲက မဝေးတော့ဘူးလို့ ထင်မြင်မိပါတယ်ခင်ဗျ။
မေး။ ။ စစ်ကိုင်းတိုင်းအတွင်းက လက်ရှိဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေအတွင်းမှာ စစ်ဘေးရှောင်အရေအတွက်ရော ဘယ်လောက်များရှိနေပါလဲ။ ပိတ်မိနေတဲ့ စစ်ရှောင်တွေလည်း ရှိတယ်ဆိုတော့ ဒီပိတ်မိနေတဲ့ စစ်ရှောင်တွေအတွက်ရော စစ်ကိုင်းဖိုရမ်အနေနဲ့ ကူညီဆောင်ရွက်ပေးနေတာမျိုးရော ရှိနေပါလား။
ဖြေ။ ။ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုကလည်း စစ်ကိုင်းတိုင်းမှာ အရမ်းမြင့်တယ်။ ဘာကြောင့်လည်း ဆိုတော့ စစ်ပွဲတွေဖြစ်တယ် စစ်ရေးပြင်းထန်လာတယ်ဆိုရင် တခါထဲသူ့ရဲ့ဖွားဖက်တော်အနေနဲ့ တွဲပါလာတာက အရပ်သားပြည်သူ ထိခိုက်မှုပဲပေါ့။ ဒါကြောင့်မို့ကျနော်တို့က ဒီတော်လှန်ရေးမှာကျဆုံးတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို ကျနော်တို့ဘက်က အလေးအနက်ထားတယ်။ သူတို့နဲ့ထပ်တူဝမ်းနည်းရသလို စစ်ပွဲဖြစ်လာပြီဆိုတာနဲ့ စစ်ဇုန်အတွင်းမှာရောက်သွားတဲ့ ပြည်သူလူထုကို ကူညီကယ်ဆယ်ရေးပေါ့။ ဒီအလုပ်တွေကိုလည်းပဲ ကျနော်တို့က အလေးအနက်ထားပြီး လုပ်ရမယ်လို့မြင်တယ်။ ဒါကြောင့် စစ်ကိုင်းဖိုရမ် အနေနဲ့ကလည်း စစ်ကိုင်းပြည်သူဖေးမကူ စစ်ရှောင်ကူညီကယ်ဆယ်ရေးကွန်ရက်ဆိုတာကို ဖွဲ့စည်းပြီးတော့ စစ်ရှောင်ပြည်သူလူထုကို ကူညီထောက်ပံ့ရေးလုပ်ငန်းတွေလည်း စဉ်ဆက်မပြတ်ဆောင်ရွက်နေတာ ရှိပါတယ်။
လောလောဆယ် ကောလင်းဘက်မှာပိတ်မိနေတဲ့ ပြည်သူတွေကို ကျနော်တို့ စစ်ကိုင်းဖိုရမ် စစ်ရှောင်ကူကယ် ကွန်ရက်ကနေ ကျနော်တို့အစီအစဉ်နဲ့ ကျနော်တို့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတာ ရှိပါတယ်။ စစ်ပွဲပြင်းထန်လာလေ စစ်ရှောင်တွေလည်း တိုးလာလေပဲ။ ဒါပေမယ့် ကျနော်တို့စစ်ကိုင်းတိုင်းရဲ့ စစ်ရှောင်အခြေအနေက လက်ဆုပ်လက်ကိုင်ပြလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ယာယီစစ်ရှောင်ပေါ့ဗျာ။ ကိုယ့်နေရာ၊ ကိုယ့်ဒေသ ကိုယ့်ရွာကို နှစ်နဲ့ချီပစ်ခွာသွားရတဲ့ အမြဲတမ်းစစ်ရှောင်ကတော့ အရေအတွက် နည်းတယ်။ စစ်ကြောင်းလာလို့ ၇ လ ရှောင်ရတယ်၊ တစ်လ ရှောင်ရတယ်ဆိုတဲ့ဟာတွေကတော့ တော်တော် များတယ်ပေါ့။ အရေအတွက်အနေနဲ့ ကြည့်မယ်ဆိုရင် အနည်းဆုံး လေး၊ငါးသောင်းဝန်းကျင်လောက်ကတော့ ဒီစစ်ရှိန်မြင့်လာတဲ့အချိန်မှာ ထိုးတက်လာတာကို တွေ့ရပါတယ်ဗျ။
မေး။ ။ ဒီနှစ်ဖက်တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်ကအထိနာထားတော့ လက်ရှိစစ်ကိုင်းတိုင်း အတွင်းမှာ စစ်ကောင်စီရဲ့လှုပ်ရှားမှုအခြေအနေကရော ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ မြေပြင်ကနေ အရင်လိုကားတန်းကြီးတွေ စစ်ကြောင်းကြီးတွေချီပြီး သွားနိုင်လာနိုင်တဲ့ အခြေအနေကတော့ မရှိတော့တာကြာပါပြီ။ အဓိကကတော့ သူတို့လျှပ်တပြတ် ပြောက်ကျားနည်း၊ တန်ပြန်ပြောက်ကျားနည်းကို သုံးတယ်။ အရပ်သားတွေလိုဟန်ဆောင်ပြီး အလစ်အငိုက်ဝင်ပြီးတော့စီးတယ်။ နောက်လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူကို သုံးတယ်။ ဒီလိုမျိုးနည်းလမ်းတွေနဲ့ အသုံးပြုလာရတဲ့ အခြေအနေပေါ့။ သေချာတာကတော့ ထိုးစစ်ကြီး မလုပ်နိုင်တော့ဘူး။ စစ်ကိုင်းတိုင်းမှာ သူတို့အဓိက အမာခံနေရာတွေမှာပဲ ခံစစ်ပြင်ထားရတဲ့အနေအထားမျိုးပဲ တွေ့ရတော့တယ်။
မေး။ ။ လက်ရှိစစ်ကိုင်းတိုင်းအခြေအနေတွေနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါလဲ။
ဖြေ။ ။ အဓိကကတော့ စစ်ကိုင်းတိုင်းက ပြည်နယ်ဖက်ဒရယ်ယူနစ်တစ်ခုလို ရှုမြင်ပြီးတော့ နိုင်ငံရေးအရ စုဖွဲ့မှုက ပေါ်ပေါက်သင့်နေတာ ကြာပါပြီ။ ဒီလိုပေါ်ပေါက်ဖို့လည်း စစ်ကိုင်းဖိုရမ်က အစွမ်းကုန်တွန်းနေပါတယ်။ အစွမ်းကုန် ကြိုးပမ်းနေပါတယ်။ ဒီလိုနိုင်ငံရေးအရ စုဖွဲ့မှုတွေ ပေါ်ပေါက်လာနိုင်မှ ကိုယ့်တိုင်းကို ကိုယ့်တိုင်းက နိုင်ငံရေးသမားတွေကိုယ်တိုင် ဝင်ရောက်စီမံခွင့်ရမှာပေါ့ဗျာ။ ဒီလိုရမှလည်း တော်လှန်ရေးက ပိုပြီးမြန်မြန် ထိရောက်မှာြဖစ်တယ်။
နောက်တခါ ဖက်ဒရယ်ဒီမိုကရေစီကို မျှော်ရည်ပြီးလုပ်ဆောင်တဲ့ နေရာမှာလည်းပဲ အခြားသော ပြည်နယ်တွေနဲ့အတူ နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိရှိ ထည်ထည်ဝါဝါ စုဖွဲ့လုပ်ကိုင်နိုင်မှာဖြစ်တယ်။ ဒါကြောင့် အရေးတကြီးလိုအပ်နေတဲ့ တိုင်းအဆင့်နိုင်ငံရေးစုဖွဲ့မှု ပေါ်ပေါက်ဖို့တော့ စစ်ကိုင်းဖိုရမ်က အာရုံစိုက်ပြီးတော့ ဒီဟာကိုကြိုးပမ်းဆောင်ရွက်နေပါတယ်။ မကြာခင်ကျင်းပတော့မယ့် ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်မှာလည်းပဲ ဒီအချက်က အဓိကဆွေးနွေးချက် အဓိကဆွေးနွေးရမယ့်ခေါင်းစဉ် ဖြစ်လာမယ်လို့ ထင်ပါတယ်ဗျ။
ရှမ်းနီအသံ ပေးပို့သည်။