“အိမ်ပြန်ချင်တဲ့ဆန္ဒတွေက ရေငတ်နေတဲ့အတိုင်းပဲ”

0
318

စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေးအတွက် ဘယ်လို မျှော်လင့်ချက်တွေရှိနေကြလဲ၊ နေရပ်ပြန်ဖို့အတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေကြလဲ…

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား စစ်ရေးပဋိပက္ခတွေကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ စစ်ဘေးရှောင်တွေဟာ ဆင်းရဲဒုက္ခမျိုးစုံခံစားရင်း ကျပ်တည်းတဲ့နေထိုင်မှုပုံစံအောက်မှာ ဖြတ်သန်းနေရတာ အခုဆိုရင် ၅ နှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေဟာ အခက်အခဲကြားက ရုန်းထွက်ချင်ပေမယ့် မဖြစ်နိုင်သေးတဲ့ လက်တွေ့အခြေအနေမှာ အိမ်ပြန်ခရီးကို မျှော်မှန်းရင်းနဲ့သာ အဆုံးသတ်နေကြရပါတယ်။ စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေးအတွက် ဘယ်လို မျှော်လင့်ချက်တွေရှိနေကြလဲ၊ နေရပ်ပြန်ဖို့အတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေကြသလဲဆိုတာကို မေးမြန်းတင်ပြထားပါတယ်။

ဒေါ်မေကြီး (စစ်ဘေးရှောင်- မီးလက်ဝကျေးရွာ/ပလက်ဝမြို့နယ်)

အိမ်ပြန်ချင်တဲ့ဆန္ဒတွေက ရေငတ်နေတဲ့အတိုင်းပဲ။ အဒေါ်တို့ ပြန်လိုက်ရင် ရွာမှာက ဗုံးတွေ လက်နက်တွေ ကျည်ဆံတွေ အမျိုးမျိုးပဲ။ အဲဒါတွေကြောင့် ခံစားရတယ်။ အဲဒါတွေကို မတွေးဝံ့ မစဉ်းစားဝံ့၊ စစ်ဘေးရှောင် စခန်းမှာနေရတာက စားရေးသောက်ရေး နေရေးထိုင်ရေး အစစအရာရာ အခက်အခဲအကျပ်အတည်း အခက်အခဲ ပေါင်းစုနဲ့ကြုံရတယ်။ တချို့စစ်ဘေးရှောင်တွေဆိုရင် ဈေးတွေသွားရင်တောင်မှ အနိမ်ခံရတဲ့ဘဝတွေ။ အဖွဲ့အစည်းကပေးတဲ့ တစ်လ ၂၇,၀၀၀ လည်း တစ်လလုံးသုံးဖို့တာက မဖြစ်နိုင်ဘူး။ အလုပ်လုပ်မယ့်လူလည်း အဒေါ်တို့မှာက မရှိ၊ အဒေါ်အိမ်ရှင်လည်း အသက်ကြီးနေပြီ။ သားသမီပညာရေးက တမျိုး သားတစ်ယောက်ဆိုရင် ဆယ်တန်းတောင် မအောင်လိုက်ဘူး။ ပစ္စည်းတို့ဆိုရင်လည်း ဘာမှမရခဲ့ဘူး အကုန်ဆုံးရှုံးခဲ့ရတယ်။

ဒေါ်မသန်းခင် (စစ်ဘေးရှောင်- အောင်သာစည်ကျေးရွာ/ရသေ့တောင်မြို့နယ်)

အိမ်ကိုပြန်ချင်တယ်။ မကျန်းမမာဖြစ်ရင်လည်း တအားလွမ်းတာ ကိုယ့်အိမ်ကို၊ နေရထိုင်ရတာလည်း မွန်းကျပ်တယ် မိသားစုလည်း များတောလေ၊ နားနေဖို့ အိပ်နေဖို့ နေရာတောင်မရှိဘူး။ တာပေါ်လင်စတွေမိုးပြီး နေရတော့ ပူလည်းအရမ်းပူတယ်။ ကိုယ့်နေရာကို အရမ်းကြီးပြန်ချင်တယ် လွမ်းဆွေးစိတ်တွေက ဒီမှာက စားရေးသောက်ရေး စီးပွားရေးကဏ္ဍတွေဆိုရင်လည်း ဘာမှအလုပ်မဖြစ်ဘူး။ စီးပွားရေးလည်းမရှိ ဟိုကလာလှူ ဒီကလာလှူမှ စားရတာ။ အလုပ်ဆိုလည်း နေ့စားအလုပ် ပုံမှန်လည်း မလုပ်ရဘူး။ ကျပန်း လုပ်စားရတယ်။ ကိုယ့်နေရာမှာထက် အခက်အခဲအများကြီး ရှိတယ်။

ဦးမောင်အေးကျော် (စစ်ဘေးရှောင်- ပြင်တန်းကျေးရွာ/ကျောက်တော်မြို့နယ်)

အိမ်ပြန်ဖို့ မျှော်လင့်ချက်ကတော့ အိမ်တွေ၊ ရွာတွေက အကုန်မီးတိုက်ခံခဲ့ရတဲ့အတွက် အိမ်ပြန်ချင်ပေမယ့် အစိုးရ အဖွဲ့အစည်းတွေက အိုးအိမ်တွေကို တည်ဆောက်ပေးရမယ်။ စစ်တပ်တွေကို နောက်ဆုတ်ပေးရမယ်၊ မိုင်းတွေကို ရှင်းလင်းပေးပြီးမှ ငါတို့ကအိမ်ပြန်ရဖို့ ဖြစ်တယ်။ ကိုယ့်စိတ်ကတော့ ပြန်ချင်နေတာပဲ။ ဒီနေရာမှာ အပြောအဆို ခံပြီး ခဏလေးလည်း မနေချင်ဘူး။ အခန်းလေး ပတ်ပတ်လည် လေးတောင်လောက်တစ်ခန်းမှာ မိသားစု ကျပ်ကျပ်တည်းတည်းနဲ့ နေရတာတွေ တအားအခက်အခဲဖြစ်တယ်။ ကျန်းမာရေးလည်း အခက်အခဲတွေရှိတယ်။

မခင်အေးသန်း(စစ်ဘေးရှောင်- အောင်သာစည်ကျေးရွာ/ရသေ့တောင်မြို့နယ်)

ကိုယ့်ရွာလေးကို တအား ပြန်ချင်တယ်။ အရမ်းလည်း လွမ်းတယ်။ တခါတလေကျရင်လည်း ငိုမိလောက်တဲ့အထိ ခံစားရတယ်။ ကိုယ့်ရွာမှာဆိုရင် အများကြီးပြေလည်မယ်။ ကိုယ်မိသားစု ခုလိုနေရမှာ မဟုတ်ဘူး။ ကိုယ်မောင်လေး ညီမလေးတွေလည်း ကျောင်းတက်ခွင့်ရမယ်။ ခုဆိုရင် မောင် ၁၁ တန်းတစ်ယောက် ၇ တန်း တစ်ယောက် ကျောင်းထွက်လိုက်ရပြီ၊ ကိုယ်လည်း ခံစားရတယ်။ ကျမတို့လည်း ချမ်းသာတဲ့လူမဟုတ်ဘူး။ ဒါပေမဲ့ ရွာမှာဆိုရင် အစ်ကိုတို့အစ်မတို့ အလုပ်လုပ်နေရင် သူတို့ကျောင်းအေးဆေးတက်လို့ ရတယ်။ ဒီမှာဆိုရင် အဆင်မပြေမှုတွေ အများကြီးရှိတယ်။

ဦးအောင်ဖိုးသန်း(စစ်ဘေးရှောင်-နွားရုံတောင်ကျေးရွာ/ဘူးသီးတောင်မြို့နယ်)

ကိုယ့်အိမ်ကို ဒီနေ့ပြန်လို့ရမယ်ဆိုရင် ဒီနေ့ပြန်မယ်။ အဲမှာက ကိုယ့်လယ်ယာမြေနဲ့ ကိုယ်လုပ်စားနေရတာကိုး။ အိမ်တွေလယ်တွေပါ အကုန်ပစ်ထားခဲ့ရတာ။ ကိုယ့်ဇာတိမြေလည်း ဖြစ်တာကို ဘယ်သူမေ့နိုင်မှာလဲ။ ရွာမှာဆိုရင် လယ်လုပ်တယ်၊ ခရီးတွေသွားတယ်။ မိုးရာသီဆိုရင် လယ်လုပ်တယ်။ နွေရာသီဆိုရင် ခရီးသွားတယ်။ ကျွဲ၊ နွားတွေ နဲ့ခရီးသွားတာ၊ ကိုယ့်လယ်က စပါးရထားရင် ဘယ်အလုပ်ဘဲလုပ်လုပ် အဆင်ပြေတယ်။ ငါး၊ ဟင်းရှာရင် ဝဝလင်လင် စားရတယ်။

အောင်ထိန်(DMG)ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here