“ NCA ကို ဘယ်သူတွေက ဖောက်နေလဲ။ အကောင်ထည်ဖော်လို့ မရတာ ဘာကြောင့်လဲ၊ NCA အကောင်ထည် ဖော်နိုင်အောင် ဘယ်လိုဆက်လုပ်မလဲ။ ဒါတွေတိုင်ပင်ရမယ့် ကိစ္စလေ” PNLO နာယကဗိုလ်မှူးကြီးခွန်ဥက္ကာ

0
321
ပုံစာ - PNLO နာယကဗိုလ်မှူးကြီးခွန်ဥက္ကာ

လာမည့် အောက်တိုဘာ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်း (၈) နှစ် ပြည့်နေ့ဖြစ်ပြီး စစ်ကောင်စီမှလည်း ထိုနှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ရန် စီစဉ်နေကြောင်း ကြေညာထုတ်ပြန်ထားသည်။

NCA (၈) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ဖိတ်ကြားချက်နဲ့ တက်ရောက်မှု အခြေအနေ၊ NCA အပေါ်လက်ခံထားတဲ့ သဘောထားအမြင်နဲ့ ပတ်သက်ပြီး PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး ။ ။ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (၈) နှစ်ပြည့် အခမ်းနားကို တက်ရောက်ဖို့ ဖိတ်စာရောက်လာပြီလား။

ဖြေ။ ။ ဖိတ်စာတွေ ရောက်ပါပြီ။ ဖိတ်စာတွေကို သူတို့က (၃) မျိုး ဖိတ်တယ်။ တစ်မျိုးက ကိုယ်တိုင်လက်မှတ် ရေးထိုးထားတဲ့ ပုဂ္ဂိုလ်များဆိုပြီးတော့ ဖိတ်တယ်။ နောက်တစ်မျိုးကတော့ အဖွဲ့စည်းအလိုက်ပေါ့။ အဖွဲ့စည်းတွေက လက်မှတ်ရေးထားတဲ့ အဖွဲ့တွေက ၅ ဦး ကိုယ်စားလှယ် တက်ရောက်ဖို့ ဖိတ်ပါတယ်။ နောက်တစ်ခုကတော့ အခမ်းနားပြီးရင် Workshop တက်ဖို့ပေါ့။ အဲဒီ NCA အခမ်းနားပြီးရင်တက်ဖို့ကကြတော့ တစ်ဖွဲ့ကို ၃ ဦး ထပ်ပြီးတော့ ဖိတ်တယ်။ ဖိတ်စာ (၃) မျိုး ရောက်ပါတယ်။

မေး။ ။ PNLO အနေနဲ့ကော ဒီအခမ်းအနားကို တက်ရောက်ဖို့ အစီအစဉ်ရှိပါလား။

ဖြေ။ ။ တက်ရောက်ဖို့ အစီအစဉ်ရှိတယ်။ နောက်ပြီးတော့ တက်ရောက်ဖို့ လူစာရင်းတွေလည်း ပေးသွားတာ ကျနော်တို့ တွေ့ရပါတယ်။ လက်မှတ်ထိုးထားတဲ့ အဖွဲ့အားလုံးတက်မယ့်သဘော ရှိပါတယ်။

မေး။ ။ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အားလုံးဆိုရင် ၁၀ ဖွဲ့လုံးက တက်ဖို့ရှိတာပါလား။

ဖြေ။ ။ ၁၀ ဖွဲ့လုံးကတော့ မပြောတတ်ဘူး။ ၈ ဖွဲ့ လောက်ကတော့ သေချာတယ်။ ကြည့်ရတဲ့ပုံပေါ့။ ၂ ဖွဲ့ကတော့ အနီးကပ်မှ သိလို့ရမယ်။ တက်မယ် မတက်ဘူးဆိုတာတော့၊ အဲ့ ၂ ဖွဲ့ ကတော့ ဖြစ်နိုင်ချေ နည်းတာပေါ့လေ။ KNU နဲ့ CNF ပေါ့။ သူတို့ကတော့ သွားချင်သွားမယ်၊ မသွားချင်လည်း မသွားဘူး။ ဒါမဲ့ သူတို့ဘာမှ မပြောသေးဘူး။ ဖိတ်စာတော့ရပြီ သူတို့က။

မေး။ ။ ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းအတွင်းမှာလည်း ကရင်အမျိုးသားအစည်းရုံး KNU ဘက်ကနေ NCA ပျက်ပြယ် သွားပြီလို့ ထုတ်ပြန်ပြောဆိုလာတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ ဗိုလ်မှူးကြီးခွန်ဥက္ကာအနေနဲ့ ဘယ်လို ထင်မြင်ပါလဲ။

ဖြေ။ ။ အဲတာကတော့ emotion နဲ့ ပြောတာပါ။ ခံစားချက်နဲ့ ပြောတာပါ။ NCA က လူတစ်ယောက်ပြောလို့ အဖွဲ့တစ်ခုပြောလို့ ပျက်ပြယ်တယ်လို့ မရှိပါဘူး။ NCA က ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့စာတမ်း ဖြစ်သွားပြီ။ လွှတ်တော်အတည်ပြုထားတဲ့ စာတမ်းတစ်ခုက လူတစ်ယောက်ကပျက်ပြီလို့ ပြောတာနဲ့ မပျက်နိုင်ပါဘူး။ ဒါကြောင့် သူတို့က ပျက်ပြီလို့ ပြောတာက မခံချင်စိတ်နဲ့ emotion ပေါ့။ ဥပဒေ ရှု့ထောင့် ၊ တရားဝင်မှု ရှု့ထောင့်၊ တစ်ခြားရှု့ထောင့် မပါဘူး။ တစ်ဖွဲ့က စွပ်စွဲတယ်၊ တစ်ခြားအဖွဲ့က NCA ကို မလိုက်နာဘူး။ မလိုက်နာဘူး ဘာဖြစ်သေးလဲ NCA ကတော့ ပျက်ပြီပဲ။ ဒီစကားရည်လုပွဲမှာ အနိုင်ရချင်လို့ ပြောတဲ့ပုံမျိုးပါ။ ဥပဒေကြောင်းအရ ပြောတာ မဟုတ်ပါဘူး။ အဲကြောင့် ပျက်ပြယ်တယ်ဆိုတာ လွယ်လွယ်နဲ့ မပျက်ပြယ်ပါဘူး။ ပြောတဲ့လူရဲ့ စိတ်ဆန္ဒအရ ပြောတာပါ။

မေး ။ ။ စစ်ကောင်စီဘက်ကနေ NCA လက်မှတ် မရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်တယ်လို့ ပြောတယ်။ ဒီအပေါ်မှာကော လက်မှတ်မထိုးထားတဲ့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်တွေ လာတက်မယ်လို့ ထင်မြင်ပါလဲ။

ဖြေ။ ။ ဘယ်အဖွဲ့ တက်မတက်တော့ မသိဘူး။ မြောက်ပိုင်းက နေပြည်တော်ဆွေးနွေပွဲ လာတဲ့အဖွဲ့ ရှိတယ်လေ။ အဲတာကတော့ (၃) ဖွဲ့ ရှိတယ်။ NCA လက်မှတ်မထိုးဘဲနဲ့ နေပြည်တော်မှာ ဆွေးနွေးပွဲလုပ်တိုင်း အမြဲလာတဲ့ အဖွဲ့ ရှိတယ်။ ÒဝÓ ရယ်၊ မိုင်းလားရယ်၊ SSPP ရယ်၊ ဒီ (၃) ဖွဲ့ကတော့ နေပြည်တော်က ဖိတ်ရင်တော့ အခမ်းနားကို လာမှာပေါ့။ ကျန်တဲ့အဖွဲ့တွေတော့ မပြောတတ်ဘူး။ ဘယ်သူတွေလည်း ပါလာမလဲဆိုတာကိုတော့ အားလုံးကိုတော့ ဖိတ်မယ်ဆိုတာတော့ သိတယ်။ လက်မှတ်ထိုးတဲ့သူလည်း ဖိတ်တယ်။ မထိုးတဲ့သူလည်း ဖိတ်တယ်။ ဖိတ်တဲ့အပေါ်မှာ လာပြီးတော့ တက်ရင်တော့ အခွင့်ရေး ၂ ခု ရတာပေါ့။ လက်ရှိ SAC ကို ဘာပြောချင်လဲ ပြောခွင့်ရတယ်။ နံပါတ် ၂ ကတော့ တိုင်းရင်းသားအဖွဲ့စည်းတွေ အချင်းချင်းတွေ့ရတာပေါ့။ အဲအခွင့်အရေး ၂ ခုတော့ ရတာပေါ့။

မေး ။ ။ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ကရင်အမျိုးသားအစည်းရုံးကနေ NCA ပျက်ပြယ်ပြီးလို့ ပြောဆိုပြီးတဲ့နောက်ပိုင်း ဗိုလ်မှူးကြီးခွန်ဥက္ကာအနေနဲ့လည်း NCA ကို ပြန်လည်သုံးသပ်မယ်လို့ ပြောဆိုထားတာတွေ ရှိတယ်။ ဒီအပေါ်ရော အခြေအနေဘယ်လိုရှိနေပါလဲ။

ဖြေ ။ ။ ပြန်လည်သုံးသပ်မယ် ဆိုတာကလည်း အခုလို ၈ နှစ်မြောက် NCA လက်မှတ်ရေးထိုးပွဲကို စုစည်းပြီးတော့ ပြန်လုပ်တာ NCA လက်မှတ်ကို ပြန်သုံးသပ်ဖို့ပေါ့။ NCA ကို ဘယ်သူတွေက ဖောက်နေလဲ။ အကောင်ထည်ဖော်လို့ မရတာ ဘာကြောင့်လဲ၊ NCA အကောင်ထည်ဖော်နိုင်အောင် ဘယ်လိုဆက်လုပ်မလဲ။ ဒါတွေတိုင်ပင်ရမယ့် ကိစ္စလေ။ ဒါကြောင့် NCA ထိုးထားတဲ့သူက ဒီနှစ်ပတ်လည်မှာ ဆုံလို့ရှိရင်တော့ ပြန်သုံးသပ်တဲ့သဘောနဲ့ NCA ကို အကောင်ထည်ဖော်ဖို့ နည်းလမ်းရှာတဲ့ ဆွေးနွေးမှုတော့ ရှိလာမှာပေါ့။

မေး။ ။ ဒါဆို ဒီ “၈” နှစ်ပြည့် အခမ်းနားမှာ EAOs တွေ အနေနဲ့ရော ဘယ်လိုခေါင်းစဉ်မျိုးနဲ့ သွားဆွေးနွေးဖို့ ရှိပါလဲ။

ဖြေ။ ။ ဒါတော့ မပြောတတ်ဘူး။ EAOs တွေကတော့ သူ့ဟာနဲ့သူပဲ။ ဒါပေမဲ့ NCA ကို ဘယ်လို ဆက်လက် အကောင်ထည်ဖော်မလဲ။ NCA မှာ ပြောထားတဲ့ အရပ်သားတွေကို ကာကွယ်ရမယ်ဆိုတာ ဘယ်လိုလုပ်မလဲ။ NCA ပြောထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်ထားပေးနိုင်ရေးကို ဘယ်လိုဆက်လုပ်မလဲ၊ NCA ပြဌာန်းချက်က ၃၃ ချက် ရှိပါတယ်။ ၃၃ ချက်မှာ နံပါတ် ၉ နဲ့ ၁၀ က အရပ်သား ကာကွယ်ပေးရမယ်ဆိုတဲ့ အချက် ပါတယ်။ လူသားချင်း စာနာကူညီထောက်ထားရေးကို နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ အလုပ်လုပ်ရမယ် ဆိုတာ ပါတယ်။ တခြားကို မလုပ်နိုင်ရင် ခဏထားအုံး။ အဲဒီအလုပ်ကို လုပ်နိုင်ဖို့က အခုဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို အကူညီပေးနိုင်ဖို့က NCA ပြဌာန်းချက်ကို လိုက်လုပ်မှရမှာကို၊ ဒါကြောင့် ဘယ်လိုလုပ်မလဲ ဆိုတာကို တိုင်ပင်ဖို့တော့လိုတာပေါ့။ ဒီခေါင်းစဉ်ကတော့ ဆွေးနွေးရမယ်လို့ ကျနော်ကတော့ ထင်တယ်။

မေး ။ ။ တဖက်မှာလည်း လက်နက်ကိုင်လို့ပြောရင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေလည်း ပေါ်ပေါက်လာတာရှိတယ်။ ဒီအဖွဲ့တွေကိုရော စစ်ကောင်စီအနေနဲ့ ဖိတ်မယ်လို့ ထင်ပါလား။

ဖြေ။ ။ အဲဒီအဖွဲ့တွေကိုတော့ ဖိတ်မယ်လို့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အကြမ်းဖက်ဆိုတဲ့ အဖွဲ့အစည်း ဆိုပြီးတော့ ဆိုင်းဘုတ်တပ်ထားတာ၊ အကြမ်းဖက်အဖွဲ့အစည်းကိုတော့ သူဖိတ်မှာ မဟုတ်ဘူး။ NCA ထိုးထားတဲ့ အဖွဲ့အစည်းတွေက အကြမ်းဖက်အဖွဲ့အစည်းကနေ ကင်းလွတ်သွားပြီ။ တိုက်ချင်ရင်လည်း တိုက်ပလေ့စေ။ အခုဆိုလည်း CNF၊ KNU တို့ တိုက်နေတာပဲ။ သူတို့က လက်မှတ်ထိုးထားတယ်။ ဒါကြောင့် သူတို့ကို အကြမ်းဖက် အဖွဲ့အစည်းလို့ မကြေညာဘူး။ နောက်ပြီးတော့ သူတို့က မတရားအသင်းလည်း မဟုတ်ဘူး။ NCA ထိုးတဲ့အဖွဲ့က မတရားအသင်းလို့လည်း စွပ်စွဲလို့ မရတော့ဘူး။ မထိုးသေးတဲ့ အဖွဲ့စည်းတွေကတော့ အကြမ်းဖက်အဖွဲ့အစည်းလို့ ဖြစ်နိုင်တယ်။ မတရားအသင်းလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီအဖွဲ့တွေ သူဖိတ်မယ်မထင်ဘူး။

မေး ။ ။ ဟုတ်ကဲ့၊ လက်နက်ကိုင်တပ်ဖွဲ့တွေ များပြားလာတဲ့အပေါ်မှာရော ဒီဆွေးနွေးပွဲက တကယ် ငြိမ်းချမ်းရေးရော ရနိုင်မှာပါလား။

ဖြေ။ ။ ငြိမ်းချမ်းရေးကတော့ တကယ်မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ တစ်နေ့တော့ ဖြစ်လာမယ်။ ငြိမ်းချမ်းရေး ဆိုတာက လက်နက်နဲ့ တိုက်ယူနေလို့တော့ မရဘူး။ ဆွေးနွေးပွဲ လုပ်ယူမှရမှာ။ ဒါကြောင့် တိုက်နေသမျှတော့ ငြိမ်းချမ်းရေးလည်း မဖြစ်နိုင်ဘူး။ ဆွေးနွေးလို့လည်း မရဘူး။ မတိုက်တဲ့အဖွဲ့ကပဲ ငြိမ်းချမ်းရေးကို တစ်နိုင်ငံလုံး မရပေမဲ့လည်း တစ်ကွက်ချင်း တစ်ကွက်ချင်းပေါ့။ သူ့အစုအဖွဲ့ သူ့ဧရိယာမှာတော့ တစုံတရာ တည်ငြိမ်မှုတော့ လုပ်နိုင်တာပေါ့။ တိုက်နေတဲ့ နေရာမှာတော့ ငြိမ်းချမ်းရေး မရှိဘူး။ မတိုက်တဲ့ နေရာမှာတော့ ငြိမ်းချမ်းရေး ရှိတယ်။ ဥပမာ- “ဝ” ပြည်နယ်မှာဆိုရင် ငြိမ်းချမ်းရေး ရှိတယ်။ “ဝ” မှာ ဘာတိုက်ပွဲမှ မရှိဘူး။ ဘာပဋိပက္ခမှ မရှိဘူး။ စစ်ဘေးစစ်ရှောင်လည်း မရှိဘူး။ ရွာမီးလောင်တာလည်း မရှိဘူး။ ဗုံးကြဲတာလည်း မရှိဘူး။ သူဘာသူ အေးဆေးပဲ နေတယ်။ ဒါတောင် သူ NCA လက်မှတ် မထိုးထားဘူး။ သို့သော်လည်းပဲ NCA မှာပါတဲ့ အပစ်ခတ်ရပ်စဲရေးကို သူလိုက်နာတယ်။ အဲတာကြောင့် သူအေးဆေးနေနိုင်တာပေါ့။ အဲသလိုတော့ ကွာသွားတာပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများထပ်မံဖြည့်စွက်ပြောချင်ပါလဲ။

ဖြေ။ ။ ရှင်းရှင်းပြောရင်တော့ NCA ဆိုတာက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပဲ။ ဒါကြောင့် စာချုပ်ရဲ့ရည်ရွယ်ချက်က ပစ်ခတ်တိုက်ခိုက်မှုတွေဟာ တစ်ကွက်ချင်းတစ်ကွက်ချင်း မဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံး စကားပြောနိုင်ရင် ဒါဆိုရင်တော့ ငြိမ်းချမ်းရေးကို လမ်းစရှာနိုင်တာပေါ့။ ငြိမ်းချမ်းရေးဆိုတာ တစ်ခါထဲ ရနိုင်တာ မဟုတ်ဘူး။ ဆွေးနွေးရင်းနဲ့ လုပ်ငန်းစဉ်တစ်ခုလုံး အရှည်ကြီး နှစ်ပေါင်းအကြာကြီးသွားမှ ငြိမ်းချမ်းရေးဆိုတာကို တဆင့်ပြီးတဆင့် ရသွားနိုင်တဲ့ သဘောမျိုးပေါ့။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာက အဲတာပါပဲ။ ဒါကြောင့် NCA က ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ဖို့အတွက် ပထမခြေလှမ်းဖြစ်တယ်လို့ နိဂုံးချုပ် ပြောချင်ပါတယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here