“ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝိုင်းကို တည်ဆောက်တဲ့အခါမှာ ကိုယ်ကိုယ်တိုင်ပါဝင်မှရမယ်၊ ပြီးတော့ အာဏာရှင် တွေကနေ ပြည်သူတွေကို အမျိုးမျိုးဖိနှိပ်ခဲ့တာကို လူငယ်အနေနဲ့ တော်လှန်ရမယ်၊ ဖယ်ဒရယ်အရေးပဲ ပြောပြော၊ နိုင်ငံရေးပဲပြောပြော ကိုယ်လိုချင်တဲ့အရာကို ကိုယ်ကိုယ်တိုင်သိဖို့လိုတယ်” သျှမ်းတိုင်းရင်းသူနန်းစံနွယ်

0
325
ပုံစာ - သျှမ်းတိုင်းရင်းသူ နန်းစံနွယ်

ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ William P. Fuller Fellows အတွက် မြန်မာနိုင်ငံက ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီးအဖြစ်ရွေးချယ်ခံရသူ သျှမ်းတိုင်းရင်းသူနန်းစံနွယ်နှင့် အမေးအဖြေ။

ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ William P. Fuller Fellows အတွက် အမေရိကန် အခြေစိုက် The Asia Foundation ကနေ ရွေးချယ်ရာမှာ မြန်မာနိုင်ငံက ပထမဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီးအဖြစ် သျှမ်းတိုင်းရင်းသူ နန်းစံနွယ်က ရွေးချယ်ခံထားရပါတယ်။

နန်းစံနွယ်ဟာ သျှမ်းတိုင်းရင်းသူ အမျိုးသမီးဖြစ်တဲ့အပြင် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အတူ အစဉ်တစိုက် လက်တွဲလုပ်ကိုင်ခဲ့သူ ဖြစ်ပြီးတော့ လက်ရှိမှာလည်း ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ အထူးပြု လေ့လာနေသူ ဖြစ်ပါတယ်။

Fellowship ဘယ်လိုကြောင့် ရွေးချယ်ခံရတာပါလဲ၊ သျှမ်းပြည်ရဲ့ နှစ်ပေါင်း (၇၀) ကျော် တော်လှန်ရေးနဲ့ မြန်မာပြည် ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်နဲ့ အလားအလာတွေအပေါ် တိုင်းရင်းသားလူငယ်တဦးရဲ့ အမြင်တွေကို ဘယ်လိုရှိလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး နန်းစံနွယ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ William P. Fuller Fellows အတွက် အမေရိကန်အခြေစိုက် The Asia Foundation ကနေ ရွေးချယ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဘယ်လိုရွေးချယ်ခံခဲရတယ်ဆိုတာလေး ‌ပြောပေးပါအုံးရှင့်။

ဖြေ ။ ။ ဟုတ်ကဲ့ပါ၊ ဒီအစီအစဉ်ရဲ့နာမည်ကတော့ William P. Fuller Fellows in Peace Building/ Conflict Resolution ပေါ့နော်။ ဒါကတော့ အမေရိကန်အခြေစိုက် Asia Foundation ကနေပေးတာ ဟုတ်တယ်။ ဒီတစ်ခေါက် သူတို့ပေးတာ ကတော့ ၃ ယောက်ပေါ့နော်။ မြန်မာနိုင်ငံက တစ်ယောက်၊ နောက်နှစ်ယောက်ကတော့ သီရိလင်္ကာ နဲ့ Afghanistan ကပေါ့နော်။ အခုလို ၃ ယောက်တည်း ရွေးတဲ့အခါမှာ မြန်မာနိုင်ငံကနေ ကျမတစ်ယောက်တည်းပဲ ပါခဲ့တာပေါ့။ ဒါကိုလည်း ဂုဏ်ယူဝမ်းမြောက်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုရင်တော့ လျှောက်တဲ့သူတွေကလည်း ရာနဲ့ချီ ရှိခဲ့တယ်။ အကြောင်းရင်း ကတော့ (၂) ပိုင်း ရှိမယ်။ ပထမတစ်ပိုင်းကတော့ ကျမဘာကြောင့် လျှောက်လိုက်လဲဆိုတဲ့ဟာပေါ့နော်။ နောက်တစ်ပိုင်း ကတော့ သူတို့ဘာကြောင့် ကိုယ့်ကိုရွေးသွားလဲ ဆိုတဲ့ဟာလေးပေါ့။

ပထမပိုင်းကိုပြောရမယ်ဆိုရင် ဘာကြောင့်ဒီအစီအစဉ်ကို လျှောက်ဖြစ်လဲဆိုရင်တော့ ဒီအစီအစဉ်နာမည်ကိုက Peace Building/Conflict Resolution ဖြစ်တယ်။ ဒါက ကျမ စိတ်ဝင်စားတဲ့ဘာသာရပ် တစ်ခုဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိမှာလည်း အဖွဲ့အစည်းတစ်ခုမှာ ဒီ Peace Building/ Conflict Resolution နဲ့ ပတ်သက်တဲ့ Research လေးတစ်ခုကို ကျမရေးထားတယ်။ အဲ့ဒါကတော့ Conflict Transformation နဲ့ ပတ်သက်တာပေါ့။ အဲ့ဒီအပိုင်းကို ပိုပြီးစိတ်ဝင်စားတယ်၊ ဒီနှစ်နှစ်အတွင်းမှာလည်း အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ပိုလေ့လာဖြစ်တယ်။ နောက်တစ်ခုက ဒီ Master Degree ကိုလည်း ဒီ Peace and Conflict Studies နဲ့ ပြီးထားတယ်။ ပြီးတော့ အရင်တုန်းကလည်း Conflict-sensitivity ဆိုတဲ့ ပဋိပက္ခတွေကို အကဲဆက်ခြင်းဆိုတဲ့ အပိုင်းတွေမှာ တချို့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေ ဒါမှမဟုတ်လည်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာ လုပ်ခဲ့ဖူးတယ်။

ပြီးတော့ အရင်တုန်းက သျှမ်းပြည်မြောက်ပိုင်းဘက်ကိုလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ ဒီပဋိပက္ခဒဏ်ခံနေရတဲ့ သျှမ်းမြောက်ပိုင်းတလျှောက်မှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ဖူးတော့ အရင်ကတည်းက အတွေ့အကြုံရှိခဲ့တယ်။ ကိုယ်ကိုယ်တိုင် ကလည်း စိတ်ဝင်စားတယ်ဆိုတော့ ဒီအစီအစဉ်ကို လျှောက်လိုက်တာပေါ့နော်။ အထူးသဖြင့် Networking နဲ့ Capacity Building ပေါ့နော်။ လက်ရှိမှာ ကိုယ်ကလည်း ဒီ Conflict Transformation နဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်နေတယ် ဆိုတော့ ဒီအပိုင်းတွေမှာ ၊ စွမ်းဆောင်ရည်တွေ မြင့်လာဖို့၊ The Asia Foundation ကနေလည်း ပဋိပက္ခနဲ့ ပတ်သက်ပြီး သူတို့ လုပ်နေတာ အများကြီးရှိတယ်။ Resources တွေ၊ အရင်းအမြစ်တွေ အများကြီးရှိတယ် ဆိုတော့ အဲ့ဒီအရင်းအမြစ်တွေနဲ့ ချိတ်ဆက်ပေးချင်တဲ့ သဘောလည်းပါတယ်။

ပြီးတော့ ဒီ Fellow က Peace Building အပိုင်းမှာ ထဲထဲဝင်ဝင်လုပ်နေကြတဲ့ လူငယ်များကြားထဲမှာ အချိတ်အဆက်တွေ ရသွားအောင်ဆိုပြီးတော့မှ ဒီအစီအစဉ်ကို ပေးတာဖြစ်တော့ ဒါက ကိုယ်လုပ်ချင်တဲ့ဟာနဲ့ လုပ်နေတဲ့ဟာနဲ့ ကိုက်နေတာ ဆိုတော့ လျှောက်ဖြစ်တာပေါ့နော်။ သူတို့ သတ်မှတ်ထားတဲ့ Criteria နဲ့ ကိုက်ညီနေတာပေါ့။ ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက် ကလည်း Asia Region ထဲမှာရှိတဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာတွေမှာ ပါနေတဲ့ Emerging Generation တွေ ၊ Leaders တွေ၊ လူငယ်နဲ့ လူလတ်ပိုင်းခေါင်းဆောင်တွေကို Professional Development အပိုင်းတွေမှာ ပံ့ပိုးဖို့ရည်ရွယ်တဲ့ အစီအစဉ်ဖြစ်တယ်။

မြန်မာနိုင်ငံမှာကလည်း အခုလောလောဆယ် အာဏာသိမ်းပြီးနောက်ပိုင်းပဲပြောပြော အရင်ကတည်းက ဒီပဋိပက္ခတွေက အမြဲတမ်းရှိနေတာဆိုတော့ Asia Region ထဲမှာ နိုင်ငံတစ်ခုလည်း ဖြစ်တဲ့အတွက်ကြောင့်မလို့ သူရဲ့ Criteria နဲ့လည်း ကိုက်ညီနေတယ်။ ပြီးတော့ မြန်မာနိုင်ငံကလည်း ၂၀၂၁ နောက်ပိုင်းဆိုရင် Ethnic Conflict ပဋိပက္ခတွေလည်း ဖြစ်နေတယ် ဆိုတော့ မြန်မာနိုင်ငံကို တစုံတရာ ပံ့ပိုးကူညီချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးလိုက်တာလည်းပါတယ်။ မြန်မာနိုင်ငံကို အရင်တုန်းက သူတို့လည်း မပေးဖူးဘူးဆိုတော့လေ၊ ၂၀၁၄ ခုနှစ် ကတည်းကစခဲ့ပေမယ့် မြန်မာနိုင်ငံကို တခါမှမပေးဖူးဘူး ဆိုတော့ ဒီနှစ်မှာက မြန်မာနိုင်ငံက တစ်ယောက်ကိုလည်း သူတို့ရွေးလိုက်တယ်လို့ပဲ ထင်ပါတယ်။

မေး ။ ။ အဲ့ဆိုရင် William P. Fuller Fellows အတွက် မြန်မာနိုင်ငံကနေ ရွေးချယ်ခံရတဲ့ ပထမဆုံး နဲ့ တစ်ဦးတည်းသော အမျိုးသမီးဖြစ်တယ်လို့ ပြောလို့ရတာပေါ့နော်။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဲ့လို ပြောလို့ရပါတယ်။

မေး ။ ။ အခုလိုမျိုး ရွေးချယ်ခံရတော့ လုပ်ဆောင်ရမယ့် အစီအစဉ်တွေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အစီအစဉ်ကတော့ သူက (၃) ပိုင်း ရှိပါတယ်။ လေ့လာရေး ခရီးစဉ်အဖြစ် US ကို ၁၂ ရက်တာ သွားဖို့ရှိတယ်။ ပြီးတော့ ဆန်ဖရန်စ္စကိုမှာရှိတဲ့ The Asia Foundation ရုံးချုပ်ရှိရာကို နှစ်ရက် / သုံးရက်လောက်သွားမယ်။ ပြီးတော့ ဝါရှင်တန်ဒီစီမှာရှိတဲ့ ငြိမ်းချမ်းရေး နဲ့ ပဋိပက္ခ ဖြေရှင်းခြင်းဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစီအစဉ်ရှိတယ်။ ပြီးတော့မှ နယူးယောက်ကိုလည်း သွားဖို့ရှိပါတယ်။ အဲ့ကိုမသွားခင် ခုကတည်းကလည်း ဒီအွန်လိုင်းကနေ Conference တွေ တက်ရတယ်။ Conference အစီအစဉ်က ၃ ခုရှိတယ်။ အခု တက်နေရတဲ့ Conference မှာလည်း သူတို့ကနေပြီးတော့ တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့ ဆွေးနွေးရတယ်၊ ကိုယ်သိချင်တာတွေကိုလည်း မေးလို့ရတယ်။

နောက်တစ်ခုကတော့ Fellow အချင်းချင်းကြားထဲမှာ အတွေ့အကြုံတွေကို ဖလှယ်ကြတဲ့ဟာပေါ့။ တတိယ ကတော့ သူတို့ Grant အဖြစ် ဒေါ်လာ ၅၀၀၀ ပေးဖို့ ရှိတယ်။ အဲ့ဟာကို ကိုယ်စိတ်ဝင်စားတဲ့ အပိုင်းတွေမှာ ကိုယ်သုံးလို့ရတယ်။ ပရောဂျက် တစ်ခုခု လုပ်မလား၊ သင်တန်းတခုခု ဆက်တက်ချင်လား အဲ့လိုမျိုးတွေပေါ့။ အဲ့အစီစဉ်လည်း ရှိတယ်။ ဆိုတော့ လောလောဆယ်မှာက အွန်လိုင်းကနေ Conference တက်တဲ့ ကာလပဲ။ လူကိုယ်တိုင် သွားတဲ့ဟာကတော့ နောက်လထဲမှာမှ ရှိမှာပါ။

မေး။ ။ အမေရိကန်ပြည်ထောင်စုရဲ့ ၁၂ ရက်တာ ခရီးစဉ်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လူကိုယ်တိုင်ဆွေးနွေးဖို့လည်း ရှိနေတယ်ဆိုတော့ အဲ့နေရာမှာ သျှမ်းပြည်အကြောင်း၊ မြန်မာနိုင်ငံအကြောင်းနဲ့ ပတ်သက်ပြီး ဘာတွေဆွေးနွေးဖို့ ရှိပါလဲ။ ဘယ်အကြောင်းအရာကို အဓိကဦးတည်ဆွေးနွေးမလဲ။

ဖြေ ။ ။ အဓိက ကတော့ ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်အတိုင်း ကိုယ်ကတော့ လေ့လာဖို့ပေါ့နော်။ အထူးသဖြင့်ကတော့ Conflict Transformation နဲ့ ပတ်သက်ပြီး တခြားနိုင်ငံမှာက ဘယ်လိုမျိုး အဖြေရှာကြလဲ အဲ့လိုမျိုးတွေပေါ့။ နောက်ထပ် Fellow နှစ်ယောက်လည်း အတွေ့အကြုံရှိပြီးသား လူတွေပဲဆိုတော့ သူတို့ဆီက အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ဆွေးနွေးမယ်ပေါ့။ ပြီးတော့ ကိုယ်တွေဆီမှာဖြစ်နေတဲ့ အခြေအနေအကြောင်းအရာကို တင်ပြပြီး အပြန်အလှန်ဖလှယ် ကြမယ်ပေါ့၊ အဲ့လိုတော့ စဉ်းစားထားတယ်။ အခုလည်း Conference မှာလည်း စဆွေးနွေးနေကြပါပြီ။

လူကိုယ်တိုင် ရောက်သွားတဲ့အခါကျတော့ အဲ့ဒီက Practitioner ပညာရှင်တွေနဲ့လည်း တွေ့ဖို့ရှိတယ်။ ပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေး အဖြေရှာရေးဆိုင်ရာ Institutions တွေနဲ့လည်း တွေ့ဖို့ရှိတယ်ဆိုတော့ အဲ့ဒီနေရာမှာ မြန်မာအရေးပဲ ပြောပြော၊ သျှမ်းပြည်အရေးပဲပြောပြော အပြန်အလှန် ပြောဆိုဆွေးနွေးပြီး သူတို့ဆီက အကြံဉာဏ်တွေလည်း တောင်းလို့ရမယ်လို့ မျှော်လင့်တာပေါ့နော်။ ပြီးတော့ Fellows ကလည်း ၃ ယောက်ပဲဆိုတော့ အချိန်ကတော့ အများကြီးရှိတယ်၊ အများကြီး ဖလှယ်လို့ရတယ်။ ပြီးတော့ နောက်တစ်ခုကတော့ တိုက်တွန်း တောင်းဆိုတဲ့ အပိုင်းပေါ့နော်။

ဘာလဲဆိုရင် Asia Foundation ဆိုတာတွေက ဒီပဋိပက္ခနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အရင်ကတည်းက ကူညီပံ့ပိုးပေးတာ ရှိခဲ့တယ်ဆိုတော့ ပိုပြီးမှ ထဲထဲဝင်ဝင် ဝင်ရောက်နိုင်ဖို့၊ ပိုပြီးတော့မှ ထိရောက်စွာ ပံ့ပိုးကူညီနိုင်ဖို့ စသဖြင့် ပြောဆိုတိုက်တွန်းမယ်။ နောက်ပြီးတော့ Bottom – up ပေါ့နော်။ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ချဉ်းကပ်ဖို့ ဆိုတဲ့ ပုံစံမျိုး ဖြစ်စေဖို့ကိုလည်း တိုက်တွန်းပြောဆိုဖို့ စဉ်းစားထားတယ်။

မေး ။ ။ စစ်ရေးတွေနဲ့ရှုပ်ထွေးတဲ့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးကိစ္စ ဖော်ဆောင်ဖို့အတွက် ဘယ်လိုတွေ ဆောင်ရွက်ဖို့ လိုအပ်လဲ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီလိုကာလမှာ ငြိမ်းချမ်းရေးထက် စစ်ရေးပဋိပက္ခကို ပိုဦးတည်တာရော ဘယ်လိုမြင်လဲ သုံးသပ်ပေးပါ။

ဖြေ ။ ။ အမှန်က ငြိမ်းချမ်းရေးလို့ဆိုလိုက်ရင် Ceasefire ဆိုတဲ့ အပစ်အခတ်ရပ်စဲ ဖြစ်စဉ်ကိုပဲ ပြောတာမဟုတ်ဘူး၊ ကျမတို့ပြောတဲ့ ငြိမ်းချမ်ရေးဆိုတာက တရားမျှတမှု ရှိတယ်။ ပြီးတော့မှ အကြမ်းဖက်မှုတွေ အနည်းဆုံးဖြစ်တဲ့ အခြေအနေ ပေါ့နော်။ အကြမ်းဖက်မှုဆိုတာက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပါတယ်။ ပြီးတော့ အတွေးအခေါ်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံ ခံတာတို့ပေါ့နော်။ မြန်မာနိုင်ငံမှာကျတော့ အပစ်ခတ်ရပ်စဲရေးလို့ ပြောလိုက်ရင် ခေါင်းဆောင်တွေကြားထဲမှာ လက်ဆွဲနှုတ်ဆက်တာ၊ အပစ်အခတ်ရပ်စဲတာ အဲ့ဒီလို ဖြစ်စဉ်တွေကို ပြေးပြေးမြင်ကြတာများတယ်။ ကျမနားလည်ထားတဲ့ အဓိပ္ပာယ်နဲ့ပြောရမယ်ဆိုလို့ရှိရင် အဲ့တာတွေက ငြိမ်းချမ်းရေးလို့တောင် ခေါ်လို့တောင်မရတဲ့ အခြေအနေပါ။

ဘာဖြစ်လို့လဲဆိုရင် သူရဲ့ချဉ်းကပ်တဲ့ပုံစံက လွဲမှားနေတာပေါ့။ ကျမတို့မြန်မာနိုင်ငံရဲ့ အဓိကပြဿနာက အဓိကအရင်းခံကို မဖြေရှင်းတဲ့ပြဿနာပေါ့။ အပေးအယူနဲ့ပဲ ပြီးသွားကြတယ်။ ခေါင်းဆောင်တွေ ဆွေးနွေးရင်းနဲ့ပဲ ပြီးသွားကြတယ်။ အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲလည်း မဟုတ်ဘူးပေါ့။ ပြီးတော့ လူမျိုးကြီးဝါဒ ပြဿနာရှိနေတယ်ဆိုတာကို အသိအမှတ်မပြုကြဘူး။ နောက်ပြီးတော့ ဖိုဝါဒကြီးစိုးတဲ့ ပြဿနာနဲ့ စစ်ဝါဒီအားကြီးတဲ့ ပြဿနာပေါ့။ ဒါတွေကို ကျမတို့ ပြောင်းရမယ်။ ပြီးတော့ အားလုံး အလွှာတိုင်းပါဝင်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အဖြစ် ချဉ်းကပ်ပုံတွေက အစ ပြောင်းလဲရမယ်။ ကျမကတော့ ဒီလိုမြင်ပါတယ်။

မေး ။ ။ အမျိုးသမီး လူငယ်တစ်ယောက်ဖြစ်ပြီး ဘာကြောင့် ဒီ ငြိမ်းချမ်းရေးကိစ္စကို ထဲထဲဝင်ဝင်စိတ်ဝင်စားတာပါလဲ။

ဖြေ ။ ။ နှစ်ပိုင်း ရှိပါတယ်။ ပထမတစ်ပိုင်းကတော့ ခုနကပြောသွားသလိုပေါ့၊ ကိုယ့်ရဲ့ စိတ်ဝင်စားမှုနဲ့ ဆက်စပ်နေတဲ့ ကိုယ့်ရဲ့အတွေ့အကြုံပေါ့။ ပြီးတော့ ကိုယ်ကိုယ်၌က သျှမ်းတိုင်းရင်းသူအမျိုးသမီးဖြစ်တယ်၊ ကိုယ့်မိဘဘိုးဘွားတွေကို ကြည့်မယ်ဆိုလို့ရှိရင်လည်း ဒီပဋိပက္ခဒဏ်သင့်တဲ့ အတွေ့အကြုံတွေက ရှိခဲ့တယ်။ ပြီးတော့ ကိုယ်တို့ နိုင်ငံမှာက နှစ်ပေါင်း ၇၀ ကျော်အတွင်း ပဋိပက္ခတွေက မပြီးမပြတ်နိုင်ဘဲ တစ်ပတ်ပြန်ပြန်လည်နေတာပေါ့၊ အဲ့ဒီအခြေအနေမှာ ကိုယ်က တစ်ထောင့်တစ်နေရာကနေ အထောက်အကူ ပြုချင်တယ်။ နောက်တစ်ခုကတော့ ဒီ Peace and Conflict ဘာသာရပ်ကို စိတ်ဝင်စားတယ်၊ အဲ့ဒါကြောင့် ဒီဘာသာရပ် နဲ့ ကျောင်းသွားတက်ပြီး ပြန်လာတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ Conflict-sensitivity တွေကို လုပ်ခဲ့တယ်။

ပြီးတော့ Conflict Analysis တွေကို ဖတ်တဲ့အခါမှာဆိုလည်း နိုင်ငံခြားသားတွေ ဖြစ်ကြတာတွေ့ရတယ်။ ပြီးတော့ သျှမ်းပြည် ပဋိပက္ခနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေကို ကြည့်မယ်ဆိုရင်လည်း သျှမ်းပြည်သူ / Shan Local မဟုတ်ဘဲနဲ့ ဗမာလူမျိုး ဖြစ်နေမလား၊ နိုင်ငံခြားသား ဖြစ်နေမလား ဆိုတာတွေ ဖြစ်နေတယ်။ ပြီးတော့ အများစုက နိုင်ငံခြားသား ဖြစ်နေတယ်။ ပြောချင်တာက ကိုယ့်သျှမ်းပြည်က အခြေအနေ၊ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သုံးသပ်တဲ့သူတွေက ကိုယ်ကိုယ်တိုင် မဟုတ်ဘူး။ ကိုယ့်အရေးကို သုံးသပ်တဲ့သူတွေက တခြားသူတွေ ဖြစ်နေတာမျိုး တွေ့ရတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ ကိုယ့်အရေးကိစ္စတွေကို ကိုယ်ကပဲသုံးသပ်တဲ့ ကိုယ်ကပဲနားလည်တဲ့သူ ဖြစ်ချင်တယ်။

တချို့က သုံးသပ်ထားတာက အရမ်းကောင်းနေတာလည်း မြင်ရတယ်။ ဒါပေမဲ့ တချို့ကလည်း လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ကိုယ်ကထင်တယ်။ ဒါကြောင့် ကျမက ကိုယ့်ရဲ့အရေးကိစ္စတွေ၊ ကိုယ်ကိုယ်တိုင်က Expert ဖြစ်ချင်တယ်။ အဓိကကတော့ အဲ့တာတွေကြောင့်နဲ့လည်း ကိုယ်က ဒီကအရေးကိစ္စတွေမှာ စိတ်ဝင်စားလာတာ။ ပြီးတော့ ဒါကလည်း လိုအပ်တယ်လို့ ကိုယ်ကထင်တယ်။ အထူးသဖြင့် ဒီအရေးနဲ့ ပတ်သက်ပြီး အမျိုးသမီးပညာရှင်တွေနည်းတဲ့အတွက် ဒီ Peace and Conflict မှာ တိုင်းရင်းသူအမျိုးသမီးက ပိုပြီးနည်းတယ်ဆိုတော့ ကိုယ်ကသျှမ်းတိုင်းရင်းသူ အမျိုးသမီးတစ်ယောက် အနေနဲ့ ကိုယ့်အရေးကိစ္စတွေကို ကိုယ်ကအဖြေရှာတဲ့သူ ဖြစ်ချင်တယ်။ အဲ့ဒီစိတ်တွေကို အရင်းခံပြီးတော့ ဒီအပိုင်းကို စိတ်ဝင်စားတာဖြစ်တယ်၊ ပြီးတော့ လုပ်ဖြစ်လာတာပေါ့။

မေး ။ ။ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ပတ်သက်ပြီး လူငယ်မျိုးဆက်သစ်တွေကို ဘာတွေပြောချင်ပါလဲ။

ဖြေ ။ ။ လူငယ်တွေအတွက် တခုက ငြိမ်းချမ်းတဲ့ အခြေအနေဆိုတာက တရားမျှတပြီး လွတ်လပ်တဲ့ လူမှု အသိုင်းအဝိုင်းကို ဆိုလိုတာ။ အဲ့ဒီလို လိုလားတဲ့အခါမှာလည်း လူငယ်မျိုးဆက်သစ်တွေက လွတ်လပ်မှုကို ပိုပြီးတော့ လိုလားကြတယ်။ ပြီးတော့ ဒီနွေဦးတော်လှန်ရေးမှာဆိုရင်လည်း လူငယ်တွေကပဲ တက်တက်ကြွကြွနဲ့ ရှေ့တန်းက နေပြီးတော့ လုပ်ဆောင်နေကြတာတွေ့ရတယ်။ ပြီးတော့ အနာဂတ်ကို ပြောရမယ်ဆိုရင်လည်း လူကြီးတွေထက်စာရင် လက်ရှိကျမတို့ လူငယ်တွေနဲ့ပဲ သက်ဆိုင်တာပေါ့လေ။

ဒါကြောင့် လူငယ်တွေကို အားပေးချင်တာကတော့ ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝိုင်းကို တည်ဆောက်တဲ့အခါမှာ ကိုယ်ကိုယ်တိုင်ပါဝင်မှရမယ်၊ ပြီးတော့ အာဏာရှင်တွေကနေ ပြည်သူတွေကို အမျိုးမျိုးဖိနှိပ်ခဲ့တာကို လူငယ်အနေနဲ့ တော်လှန်ရမယ်၊ ဖယ်ဒရယ်အရေးပဲပြောပြော၊ နိုင်ငံရေးပဲပြောပြော ကိုယ်လိုချင်တဲ့အရာကို ကိုယ်ကိုယ်တိုင်သိဖို့လိုတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ထဲထဲဝင်ဝင်တက်တက်ကြွကြွ ပါဖို့လိုတယ်။ လူငယ်တွေအနေနဲ့ ကိုယ့်စွမ်းဆောင်ရည်ကို မြင့်တင်ဖို့ လိုတယ်ပေါ့။ အဲ့ဒါမှလည်း ကိုယ်လိုချင်တဲ့ ငြိမ်းချမ်းတဲ့၊ လွတ်လပ်တဲ့ အနာဂတ်ကို ရရှိမှာဖြစ်တယ်။ လူမှုအသိုင်းအဝိုင်းကို ပြောင်းလဲမှုမှာပါဝင်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

မေး။ ။ သျှမ်းပြည်ရဲ့နှစ်ပေါင်း ၇၀ ကျော် တော်လှန်ရေးခရီးစဉ်နဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုတွေနဲ့ ပတ်သက်ပြီး တော့ရော ဘယ်လိုမြင်မိလဲ၊ လူငယ်တစ်ယောက်အနေနဲ့ အနာဂတ်သျှမ်းပြည်ကို ဘယ်လိုမျိုးဖြစ်စေချင်ပါလဲ။

ဖြေ ။ ။ တချို့က ပြောကြတာရှိတယ်၊ ဒီသျှမ်းပြည်အရေးကိစ္စကိုသာ ဖြေရှင်းနိုင်မယ်ဆိုရင် မြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ အကျပ်အတည်းကိစ္စတွေကို တစ်ဝက်လောက် ဖြေရှင်းနိုင်ပြီလို့ ပြောကြတယ်။ ပြောချင်တာက ဒီသျှမ်းပြည် အခြေအနေက မြန်မာတစ်နိုင်ငံလုံးနဲ့စာလို့ရှိရင် လူဦးရေအရရော စီးပွားရေးကုန်သွယ်ရေးအရရော အချက်အချာကျတယ်လို့ ပြောလို့ရတယ်။ နောက်တစ်ခုကလည်း လက်နက်ကိုင်အင်အားစုတွေကို ကြည့်မယ်ဆိုလို့ရှိရင်လည်း ဒီသျှမ်းပြည်က အများဆုံးပေါ့။ တခြားသော မူးယစ်ဆေးလို ပြဿနာတွေကလည်း သျှမ်းပြည်နယ်မှာ အများဆုံးဖြစ်နေတယ်။

ထိုင်းတို့ ၊ တရုတ်တို့နဲ့လည်း ဆက်စပ်နေတော့ လူမှုစီးပွားရေးအရ အချက်အချာကျတဲ့နေရာဖြစ်တယ်။ သျှမ်းပြည်က အရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာရော၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှိပေမဲ့ တိုက်ပွဲတွေက ရှိနေဆဲဖြစ်တယ်။ အခုလည်း ရှုပ်ထွေးနေတယ်ဆိုတော့ ကျမအမြင်အရဆိုရင် ပါးပါးနပ်နပ်ကိုင်တွယ်တတ်ဖို့ လိုတယ်။ ပြီးတော့ သျှမ်းပြည်က တခြားပြည်နယ်တွေထက်စာရင် စုံလင်များပြားတဲ့လူမျိုး၊ အဖွဲ့အစည်းတွေကြား လက်ခံနိုင်တဲ့ဓလေ့ကို ကျမတို့ ပိုပြီးတော့ ကျင့်သုံးရမယ်ဆိုတော့ သျှမ်းပြည်မှာကတော့ စုံလင်ကွဲပြားမှုကနေ အတူယှဉ်တွဲ နေထိုင်ရေးမူကိုပဲ အခြေခံပြီးသွားမှရမယ်လို့ ပိုပြီးအဆင်ပြေမယ်လို့ မြင်မိပါတယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here