စစ်ဘေးရှောင်စခန်းက သက်ကြီးရွယ်အိုတွေ နေဝင်ချိန်နေ့ရက်တွေကို ဘယ်လိုဖြတ်ကျော်နေကြလဲ

0
339
ပုံစာ - ရခိုင်စစ်ရှောင်စခန်းက စစ်ဘေးရှောင်သက်ကြီးတချို့။

စစ်ဘေးရှောင်စခန်းက သက်ကြီးရွယ်အိုတွေ နေဝင်ချိန်နေ့ရက်တွေကို ဘယ်လိုဖြတ်ကျော်နေကြလဲ

၂၀၁၈ ခုနှစ် အစပျိုးခဲ့သော စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မီးကြောင့် ရခိုင်ပြည်အတွင်း ဒေသခံပြည်သူ နှစ်သိန်းကျော် မြေဇာပင်ဖြစ်ခဲ့ရပါသည်။

တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူများအထဲ သက်ကြီးရွယ်အိုနှင့်ကလေးငယ် အများအပြားပါဝင်ပြီး လက်ရှိတွင်လည်း စစ်ဘေးရှောင်အဖြစ်နှင့် နေထိုင်နေရသည်မှာ ၅ နှစ် ကျော် အထိ ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။

စစ်ဘေးရှောင် သက်ကြီးရွယ်အိုများမှာ အချိန်ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေး ကျပ်တည်းမှု၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းချက်ကြား အလူးအလဲ ရင်ဆိုင်ဖြတ်သန်းနေကြရသည်။

လူ့ဘဝ၏နေဝင်ချိန်မှာ လွတ်လပ်ခွင့်၊ ပျော်ရွှင်ခြင်းများနှင့် ကုန်ဆုံးသင့်သော်လည်း စစ်ဘေးရှောင် စခန်းက သက်ကြီးရွယ်အိုများမှာ ဒုက္ခအဖုံဖုံကို ခံစားကာ စိတ်နှလုံးမအေးချမ်းနိုင်ပေ။

စစ်ရှောင်စခန်းက ဇရာအိုများ ဘဝ၏လက်ကျန်နေဝင်ချိန် နေ့ရက်များကို ဘယ်လိုဖြတ်သန်း နေကြရပါလဲ။ ဘယ်လိုအခက်အခဲများကို ရင်ဆိုင်နေကြရလဲ ဆိုသည်နှင့်ပတ်သက်ပြီး စစ်ဘေးရှောင် အသက်ကြီးရွယ်အိုတချို့ကို မေးမြန်းထားပါသည်။

ဒေါ်စိန်မြဖြူ (သရက်အုပ် စစ်ဘေးရှောင်စခန်း) စစ်တွေမြို့

အမှန်ပြောရရင် စစ်ဘေးရှောင်စခန်းမှာ မနေချင်တော့ဘူး။ မနေချင်ပေမယ့်လည်း အိမ်ကိုမှ ပြန်လို့မရတာ။ ဒီမှာက စားရတာလဲ အဆင်မပြေ၊ နေရတာလည်း အဆင်မပြေဘူး။ ဒုက္ခတွေက အဖုံဖုံပဲ။ မကျန်းမမာဆိုရင်လည်း ပိုက်ဆံမရှိတော့ ဆေးခန်းမပြနိုင်၊ သောက်ဆေးတောင်မှ အနိုင်နိုင်။ အဖွားတို့လို့ အသက်အရွယ်ကြီးသူတွေက ခန္ဓာကိုယ်နေမကောင်းဖြစ်တယ်။ တခုမဟုတ်ရင် တခုဖြစ်တာပဲ။ အသက်အရွယ်က စကားပြောတယ်လေ။ အခုလည်း ခန္ဓာကိုယ်တွေ နာတယ်၊ ကိုက်ခဲတယ်။ ထိုင်လို့မရ သွားလို့မရ။ ဆေးတစ်လုံးလောက် ထိုးချင်တယ်။ ဒါပေမဲ့ ပိုက်ဆံမှ မရှိတာ။ ဒီတိုင်း သည်းခံပြီး နေနေရတယ်။ အစားအသောက်ဆိုလည်း ဒီလိုပဲ။ စားချင်တာတခုလည်း မစားရ၊ သောက်ချင်တာ တခုလည်း မသောက်ရ။ ရှိတာနဲ့ပဲ ရင့်ရဲနေရတယ်။ ဘဝကိုယ်က ဒီလိုပဲကိုး။ ရွာမှာဆိုရင် ကျောင်းသွား ဥပုသ်သီလဆောက်တည်၊ စိတ်ပိုပျော်တယ်၊ လွတ်လည်း လွတ်လပ်တယ်။ ဒီမှာက ဘုရားလည်း မစိုက်နိုင်၊ တရားလည်း မစိုက်နိုင်၊ တနေ့တာစားသောက်ရေး ဖူလုံဖို့ပဲ တွေးပူနေရတယ်။

ဒေါ်ကြာသွင်ဦး (ငစိုင်ရိုင်းချောင်း စစ်ဘေးရှောင်စခန်း) စစ်တွေမြို့

စစ်ဘေးရှောင်စခန်းမှာနေတာ အခုဆိုရင် ငါးနှစ်လောက်ရှိပြီ။ အခက်အခဲ၊ အကျပ်အတည်းဒုက္ခကို ခံစားရတာလည်း ၅ နှစ် ရှိသွားပြီ။ နောက်လည်း ကြုံနေရအုံးမှာပဲ။ ရွာကို မပြန်နိုင်သေးသမျှ ဒီအခက်အခဲတွေကို ရင်ဆိုင်နေရမယ်။ ဒီလောက် ခက်ခဲကျပ်တည်းနေချိန်မှာ မုန်တိုင်းဒဏ်ကိုပါ ကြုံရတော့ ပိုဆိုးသွားတာပေါ့။ စစ်ပြေးတုန်းလည်းက ဒုက္ခခံရတယ်။ အခုလည်း မုန်တိုင်းကြောင့် အခက်အခဲတွေ ကြုံရတယ်။ စားရတာကလည်း မလုံလောက်၊ နေရတာကလည်း အဆင်မပြေ၊ မုန်တိုင်းနဲ့ နေအိမ်တွေလည်း ပါသွားတော့ တော်တော်လည်းအခက်အခဲ ဖြစ်ရတယ်။ အခု ပေးကြကမ်းတာတွေကို စောင့်ပြီး နေနေရတယ်။ စစ်ဘေးရှောင်ဘဝ အရမ်းခက်ခဲကြမ်းတမ်းတယ်။ ရွာမှာဆိုရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ ကိုယ့်ရွာမှာက စားဖို့လည်း ပူစရာမလို၊ နေဖို့လည်း ပူစရာ မလိုဘူး။ ဒီမှာက အခန်းကျဉ်း ထဲမှာ ပိတ်လှောင်ပြီး နေရတယ်။ မိုးမလုံလေမလုံ ဒီလိုဒုက္ခခံနေရတယ်။ စေတနာရှင်တွေ၊ အလှူရှင်တွေက ကူညီထောက်ပံ့ကြလို့ ထမင်းမငတ်တာ။ ရွာကိုလည်း ဘယ်အချိန် ပြန်ရမယ်မှန်း မသိတော့ဘူး။

ဦးအောင်ထွန်းစိန် (ဝိဘဇ္ဇဝါဒီ စစ်ဘေးရှောင်စခန်း) စစ်တွေမြို့

အဘိုးတို့လို့ အသက်အရွယ်ကြီးသူတွေက စစ်ဘေးရှောင်စခန်းမှာ နေရတာအဆင်မပြေဘူး။ ဆူညံတယ်၊ ကျပ်တည်းတယ်။ အသက်အရွယ်အရတော့ အေးအေးဆေးဆေး နေချင်လာတယ်လေ။ စားချင်တာမစား နိုင်၊ သောက်ချင်တာ မသောက်နိုင်။ စိတ်က ကိုယ်စားချင်တာတခုကို စားပစ်ချင်တယ်။ ကိုယ့်မှာက ပိုက်ဆံမရှိဘူး။ ဒီတိုင်းပဲ နေနေရတယ်။ သားသမီးတွေမှာလည်း အလုပ်အကိုင်က မရှိ၊ သူတို့မှာလည်း ကိုယ့်သားသမီးစားဖို့ သောက်ဖို့အတွက်တောင် မနည်းရုန်းကန်နေရတယ်။ အခုအသက်က ကြီးလာပြီ၊ ဘယ်နေ့ သေမယ်မှန်းမသိ။ ခန္ဓာကိုယ်ကလည်း မကျန်းမာတော့ဘူး။ ဆေးဝါးတစ်လုံးလောက် မှီချင်တယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူး။ စခန်းမှာတော့ ကျန်းမာရေးစောင့်ရှောက်မှု လာပေးကြတာရှိတယ်။ ဒါပေမဲ့ လုံလောက်မှု မရှိဘူး။ အပြင်ဆေးခန်းတွေ သွားချင်လည်း ပိုက်ဆံမတတ်နိုင်၊ ဒီလိုပဲ ဖြတ်သန်း နေရတာပဲ။ ကိုယ့်ဘဝက ဒီလိုဖြစ်ကြောင်းဖန်လာတာကိုး၊ အကျိုးအကြောင်းပဲလို့ မှတ်ရမှာပဲ။

ဒေါ်မရွှေနု (ဗုဒ္ဓမော် စစ်ဘေးရှောင်စခန်း) စစ်တွေမြို့

အဘွားအသက် အခုရှစ်ဆယ် ရှိပြီ။ စစ်ဘေးရှောင်စခန်းမှာနေတာ ၅ နှစ် ရှိပြီ။ ဒီအသက်အရွယ်ရောက်မှ စစ်ပြေးရတယ်။ ကိုယ်က ဒါဒုက္ခပဲလို့မှတ်တယ်။ ရွာမှာ လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ပြေးလာတာ။ ချောင်းတွေကို ဖြတ်၊ ပြေးရလွှားရနဲ့ အဲဒီကတည်းက ဒုက္ခခံရတာ။ မသေလို့ ဒီကိုရောက်လာတယ်။ သေမယ်ဆိုရင် အဲဒီကတည်းက သေသွားပြီ။ ရွာလည်း ဘယ်လိုရှိနေမလဲဆိုတာ မသိတော့ဘူး။ စစ်ဘေးရှောင်စခန်းမှာက ကြာလာလေ အခက်အခဲအကျပ်အတည်းတွေ များလာလေ။ ခုလည်း နေမကောင်းဘူး။ ဆေးဝါးတွေ သုံးချင်တယ်။ ပိုက်ဆံမရှိတော့ ဒီတိုင်းပဲနေရတယ်။ တိုင်းရေးပြည်ရေး ကလည်း ဘယ်တော့ ငြိမ်သက်မလဲဆိုတာ မသိဘူး။ အသက်ကလည်း ကြီးလာပြီ။ စခန်းမှာ သေမလား၊ ရွာမှာသေမလားလည်း မသိနိုင်။ ဒီလိုစခန်းမှာ စားလိုက်သောက်လိုက်နဲ့ ကုန်ဆုံးနေရတာပဲ။ မသေခင် ရွာကိုတစ်ခေါက်လောက်တော့ ပြန်ချင်သေးတယ်။ အဲဒါကလည်း မဖြစ်နိုင်တော့ဘူးထင်တယ်။ ဒီတိုင်းပဲ ကုန်သွားရတော့မယ်”

ဦးသိန်းအောင်ကျော် (မဏိရတနာ စစ်ဘေးရှောင်စခန်း) စစ်တွေမြို့

စစ်ရှောင်ဆိုတာက အလှူရှင်တွေ ပေးတာလောက်နဲပဲ စားသောက်နေရတာလေ။ တစ်ခုခု စားချင်တယ် ဆို ရင်လည်း ကိုယ့်မှာက ပိုက်ဆံမရှိရင် ဒီအတိုင်း ကြည့်နေရတယ်။ အသားငါးနဲ့ဆိုလည်း တလနေမှ တနပ်၊ နှစ်နပ်လောက်ပဲ စားနိုင်တယ်။ ကျန်းမာရေး မကောင်းဖြစ်ရင် သောက်ဆေးတစ်ခု ဝယ်ဖို့တောင်မှ အနိုင်နိုင်။ ဒီလို နေထိုင်နေရတယ်။ မုန်တိုင်းတိုက်တုန်းကဆိုရင်လည်း အရမ်းအခက်အခဲ ကြုံရတယ်။ ဒီနေရာမှအပ တခြားသွားစရာ မရှိတာ။ သေရင်လည်းသေပါစေ ဒီတိုင်း ငြိမ်နေလိုက်ရတယ်။ အခက်အခဲတွေကနေ ရုန်းထွက်ပစ်ချင်တယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူး။ ရွာပြန်ဖို့ဆို အတွက်လည်း မဖြစ်နိုင်ဘူး။ ရွာမှာက တပ်စွဲထားတယ်လေ။ ရွာမပြန်နိုင်ရင် ဒီနေရာမှာပဲ အဆုံးထိ နေသွားရတော့မယ်။ အသက်ကြီးပြီးမှ ဒုက္ခအဖုံဖုံ ကြုံရတယ်။”

အောင်ထိန် (DMG) – ‌ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here